backup og meta

အလင်းရောင်နဲ့ မထိတွေ့ချင်ဖြစ်နေပြီလား


Ye Zon Aung မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလင်းရောင်နဲ့ မထိတွေ့ချင်ဖြစ်နေပြီလား

    သွေးစုပ်ဖုတ်ကောင်ပုံပြင်တွေထဲမှာဆိုရင် ထရန်ဆယ်လ်ဗေးနီးယား တောင်တန်းပေါ်က မြို့စားကြီး ဒရာကူလာဟာ အလင်းရောင်ဒဏ်ကို မခံနိုင်တာကြောင့် ညဘက်မှ အပြင်ထွက်တယ်လို့ ဆိုလေ့ရှိတယ်။

    စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းတွေ၊ စာပေဝတ္ထုတွေမှာဆိုရင်လဲ Vampire သွေးစုပ်ဖုတ်ကောင်တွေဟာ နေ့အလင်းရောင်နဲ့ ထိတွေ့နိုင်ကြခြင်းမရှိကြပဲ အလင်းရောင်ကို ရှောင်ဖယ်နေတတ်ကြတယ်လို့ အဆိုရှိကြတယ်။

    ဒီကနေ့ခေတ်မှာ သိပ္ပံပညာနဲ့ ဆေးပညာတွေဟာ တစ်ချိန်က လူတွေရဲ့ ယုံတမ်းစကားတွေ၊ အစွဲအလမ်းတွေနဲ့ အစွန်းရောက်ယုံကြည်မှုတွေကို သက်သေအထောက်အထားအမျိုးမျိုးနဲ့ တစ်ထပ်ခြင်း တစ်လွှာခြင်း ဆွဲခွာပြနေကြတာပါ။

    ရှေးခေတ်ပုံပြင်တွေနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက Vampire ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်တွေ အလင်းရောင်ကို ရှောင်ဖယ်ကြတာ၊ ညအချိန်မှ အပြင်ထွက်ကြတာဟာ တခြားအကြောင်းအရင်းကြောင့်မဟုတ်ပဲ Photophobia ကြောင့်များလားဆိုတဲ့ ယူဆချက်တွေ ဒီကနေ့ခေတ်မှာ ရှိလာနေပါတယ်။

    အလင်းကို ရှောင်ဖယ်ခြင်း

    အလင်းဒဏ်မခံနိုင်တာ ဒါမှမဟုတ် အလင်းရောင်ကို ကြောက်ရွံ့တာမျိုးကို Photophobia လို့ ခေါ်ဆိုပါတယ်။ ရုတ်တရက်ဆိုရင် နေရောင်ကို ကြောက်ရွံ့တဲ့ Heliophobia နဲ့ ဆင်တူပါတယ်။

    Photophobia ကတော့ အလင်းနဲ့ Sensitive ဖြစ်ခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီဝေဒနာ ခံစားနေရပြီဆိုရင် ယေဘုယျအားဖြင့် အလင်းရောင်နဲ့ ထိတွေ့မိတိုင်း စိတ်မသက်မသာဖြစ်တာမျိုး၊ နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    Photophobia ဟာ နာတာရှည် ခေါင်းကိုက် ဝေဒနာအတွင်းတိမ်နဲ့ မျက်လုံးထိခိုက်မှုတွေရဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်သလို မူးယစ်ဆေးဝါးကို ပထမဆုံးအကြိမ် စတင်အသုံးပြုချိန်မျိုးတွေမှာလည်း ကြုံရတတ်ပါတယ်။ အထူးသဖြင့် Jimsonweed လို အပင်မျိုးကရတဲ့ မူးယစ်ဆေးမျိုးကိုစတင် အသုံးပြုချိန်မျိုးမှာ ကြုံရတတ်ပါတယ်။

    Photophobia ဖြစ်စေတဲ့ အကြောင်းအရင်းအမျိုးမျိုးရှိပေမယ့် အဓိကကျတဲ့ အကြောင်းတရားတွေကတော့ ပြင်းထန်တဲ့ မျက်စိဝေဒနာတစ်စုံတစ်ရာ စွဲကပ်နေတာ၊ ဦးနှောက်ကို ပြင်းထန်စွာ ထိခိုက်တာ၊ ဦးနှောက်အောက်ပိုင်းက ပီကျူထရီ (Pituitary Gland) ချို့ယွင်းနေတာ၊ ခေါင်းကိုက်ဝေဒနာနဲ့ မျက်နှာ၊ ဦးခေါင်းစတာတွေ ပြင်းထန်စွာ နာကျင်နေတာတွေပါပဲ။ နောက်ပြီး အများသိကြတဲ့ ခွေးရူးရောဂါမှာလည်း Photophobiaက လက္ခဏာ တစ်ခုပါပဲ။

    ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ကြောင့်လည်း ဒီဝေဒနာ ခံစားရနိုင်ပါတယ်။ ပူပင်သောကများတာ၊ စိတ်ဖိစီးမှုများတာ၊ ပြင်းထန်တဲ့ စိတ်ဝေဒနာ စွဲကပ်နေတာ၊ ကလေးဘဝကတည်းက အထီးကျန်နေတာ၊ မူးယစ်ဆေးဝါးသုံးတာနဲ့ မူးယစ်ဆေးဝါးအသုံးပြုနေရာကနေ ဖြတ်ဖို့ ကြိုးပမ်းတာတွေကြောင့်လည်း Photophobia ဖြစ်စေနိုင်ပါတယ်။

    ပြသနိုင်သည့် ရောဂါလက္ခဏာများ

    Photophobia ရောဂါ စွဲကပ်နေပြီလားဆိုတာကို သိနိုင်စေမယ့် လက္ခဏာတစ်ချို့ရှိပါတယ်။ ဒါတွေကတော့

    • နဖူး နာကျင်တာ
    • မျက်လုံး တစ်ဖက် ဒါမှမဟုတ် ၂ ဘက်စလုံးကနေ မျက်ရည်တွေစီးကျတတ်တာ
    • သွေးလေခြောက်ခြားတာ
    • မျက်လုံးနာကျင်တာ
    • အလင်းရောင်ဒဏ်ကို မခံနိုင်တာ
    • အလင်းရောင်ကို မနှစ်သက်တာ
    • ပုံမှန်ထက် ပိုမိုတောက်ပတဲ့အလင်းရောင်တွေကို မနှစ်သက်တာ
    • မျက်စိပိတ်ထားချိန်တွေမှာတောင် အမြင်အာရုံထဲမှာ တောက်ပတဲ့ အလင်းစူးစူးတွေ မြင်ရတာ
    • စာလုံး ဒါမှမဟုတ် ပုံရိပ်တွေကို ကြည့်ရှုရခက်ခဲတာ
    • မျက်လုံးအလွန် ခြောက်သွေ့တာ
    • မျက်လုံးကို အမြဲလိုလို ပိတ်ထားချင်နေတာ၊ စတာတွေပါပဲ။

    အမြဲတစေမဟုတ်ပေမယ့်၊ တစ်ခါတစ်ရံမှာ Photophobia ဝေဒနာခံစားရသူတွေဟာ ဦးခေါင်းနာကျင်တာ၊ အော့အန်တာနဲ့ ပင်ပန်းနွမ်းနယ်တာလိုမျိုး လက္ခဏာတွေလည်း ကြုံရတတ်ပါတယ်။

    အရေးကြီးတာကတော့ Photophobia လက္ခဏာ တစ်စုံတစ်ရာ ပြသလာပြီဆိုရင် ချက်ချင်း ကုသမှုခံယူဖို့ လိုအပ်တာပါပဲ။ ဒီဝေဒနာဟာ အချိန်ဆွဲလေလေ ပိုမိုဆိုးရွားလာလေလေဖြစ်ပါတယ်။

    ဘယ်လိုသက်သာစေမလဲ

    အလင်းရောင်ကို ကြောက်ရွံ့တာကြောင့် ခေါင်းကိုက်တာတွေ၊ မျက်လုံးက သွေးယိုစီးတာတွေအထိ ဖြစ်နိုင်ပြီး အန္တရာယ်များတဲ့ ရောဂါ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီဝေဒနာ ဖြစ်မလာအောင် တားဆီးနိုင်ဖို့ လိုအပ်သလို ဖြစ်လာပြီဆိုရင်လည်း သက်သာလျော့ပါးအောင် ကုစားနိုင်ဖို့ အရေးကြီးပါတယ်။

    ဒီရောဂါသက်သာစေဖို့ဆိုရင် အောက်ပါအချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

  • နေကာမျက်မှန် တပ်ဆင်တာ၊
  • နေအလင်းရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုကို လျှော့ချတာ၊
  • စိမ်းဖန့်ဖန့်အရောင်မျိုးရှိတဲ့ မျက်မှန်မျိုးတွေ သုံးစွဲတာ၊
  • ကိုယ်နဲ့ သင့်လျော်တဲ့ မျက်စဉ်းဆေးကို ပုံမှန် သုံးစွဲတာ၊
  • ကိုယ့်မှာ ခေါင်းကိုက်ဝေဒနာရှိရင် Photophobia ဖြစ်နိုင်ချေတွေကို ကြိုတင်တွက်ဆပြီး ဂရုတစိုက်နေထိုင်မှုပြုလုပ်တာ၊
  • ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသလာရင် ကျန်းမာရေးဌာနကို အလျင်အမြန် ပြသတာမျိုးတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement