စိတ်ဖိစီးမှု ဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာဖြစ်ပေမယ့် ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကိုပါ သယ်ဆောင်လာတတ်ပါတယ်။ စိတ်ဖိစီးမှုဝေဒနာကို ခံစားနေရတဲ့ လူတိုင်းအတွက် ပုံမှန်သူတို့ကို ပျော်ရွှင်စေတဲ့ အရာတွေကတောင် ပျော်ရွှင်တယ်လို့ မခံစားရတော့ပါဘူး။ ပျော်ရွှင်မှုကင်းမဲ့လာတာနဲ့အမျှ စိတ်အားတက်ကြွမှုလည်း နည်းပါးလာတတ်ပါတယ်။
အရာရာဟာ သူတို့အတွက် ခက်ခဲနေတတ်ပြီးတော့ စိတ်ဖိစီးနေသူတွေ၊ စိတ်အားငယ်နေတာမို့ ဆုံးဖြတ်ချက်မှားတွေ၊ အပြုအမူမှားတွေလည်း ကျူးလွန်မိတတ်ကြပါသေးတယ်။ ပုံမှန်လူတစ်ယောက်ဟာ တစ်နာရီမှာ ဆုံးဖြတ်ချက် ၄ ခုကနေ ၅ ခုလောက်အထိ ချမှတ်နိုင်ကြပေမယ့် စိတ်ဖိစီးနေသူတစ်ယောက်ဟာ သေးငယ်တဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ဖို့အတွက်ကိုတောင်မှ ခက်ခဲနေတတ်ပါတယ်။
ကိုယ့်ရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့ အရည်အသွေးကို သံသယဝင်လာပြီး မိမိကိုယ်ကို တန်ဖိုးထားမှုကင်းမဲ့လာတာ၊ သံသယဝင်လာတာ၊ အဆိုးမြင်လာတာ၊ အပြစ်ရှိသလို ခံစားလာတာ၊ စိတ်ဆိုးဒေါသထွက်လွယ်လာတာ၊ ပူပင်သောကများလာတာတွေကလည်း စိတ်ဖိစီးမှုရဲ့ ဝေဒနာ လက္ခဏာတွေဖြစ်ပါတယ်။
ဒီလိုဆိုးရွားတာတွေဖြစ်ပေါ်စေတဲ့ စိတ်ဖိစီးမှုဖြစ်လာစေဖို့ ဘယ်အရာတွေက တွန်းအားပေးနေတတ်ပါသလဲ။ လေ့လာချက်တွေအရဆိုရင်တော့ စိတ်ဖိစီးမှုကို အများဆုံးဖြစ်စေတဲ့ အဖြစ်အပျက် ၁၀ မျိုးရှိတယ်လို့ဆိုပါတယ်။ အဲဒီအရာတွေဖြစ်ပျက်လာမယ်ဆိုရင် စိတ်ဖိစီးမှု ကြုံကြရတယ်လို့ ဆိုထားပါတယ်။
ဘာတွေလဲဆိုရင်တော့
၁။ ချစ်ခင်နှစ်သက်သူ ဆုံးပါးခြင်း
မိသားစုဝင်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ချစ်သူ ခင်သူ အိမ်ထောင်ဖက်ပဲဖြစ်ဖြစ်၊ ကိုယ်နှစ်သက်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးပဲဖြစ်ဖြစ် ဆုံးပါးသွားချိန်တွေမှာ လူတွေက စိတ်ဖိစီးမှုမြင့်တက်လာတတ်ကြပါတယ်။ ဒီဆုံးရှုံးမှုဝေဒနာဟာ လူတွေကို အလွန်အမင်းပြင်းထန်စွာ ခံစားရစေပြီး အကြီးမားဆုံး စိတ်ဖိစီးစေတဲ့ အကြောင်းအရင်း တစ်ရပ်ပါ။
၂။ အိမ်ထောင်ကွဲခြင်း
အိမ်ထောင်ကွဲတာ၊ ချစ်သူနှစ်ဦး လမ်းခွဲပြတ်စဲတာတွေကလည်း လူတွေကို စိတ်ထိခိုက်စေပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကြောင့် စိတ်ဖိစီးမှုဟာ အသွင်သဏ္ဍာန်ခြင်းမတူနိုင်ပါဘူး။ တစ်ချို့မှာ မဖြစ်ပေမယ့် တစ်ချို့မှာတော့ ဖြစ်တတ်ပါတယ်။ ဘယ်လောက်အလေးအနက်ထားတယ်ဆိုတာပေါ်တော့ မူတည်မပေါ့။
၃။ အိမ်ထောင်ပြုခြင်း
အိမ်ထောက်ပြုတာ ပျော်စရာမဟုတ်ဘူးလားလို့ မေးချင်မေးနိုင်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ပြုခြင်းရဲ့နောက်က တာဝန်နဲ့ ဝတ္တရားတွေကို နားလည်သွားမယ်ဆိုရင် ဘယ်လောက် စိတ်ဖိစီးမှုများတယ်ဆိုတာကိုလည်း နားလည်သွားပါလိမ့်မယ်နော်။ ဒါ့အပြင် မင်္ဂလာပွဲတစ်ပွဲကို စီစဉ်တာတင် အလွန် စိတ်ဖိစီးစရာကောင်းလှတယ်ဆိုတာကို ကြုံဖူးသူတိုင်း သိကြပါလိမ့်မယ်။
၄။ အလုပ်သစ် စတင်ခြင်း
ကိုယ်ပိုင်အလုပ်သစ်တစ်ခု စတင်တာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်အသစ်မှာ စတင်လုပ်ကိုင်တာပဲဖြစ်ဖြစ် အဲ့ဒီလိုနေ့မျိုးမှာဆို လူတိုင်း စိတ်လှုပ်ရှားနေတတ်ပါတယ်။ ပိုမိုလွန်ကဲလာရင်တော့ စိတ်ဖိစီးလာမှာဖြစ်ပါတယ်။ အလွန်အမင်း စိတ်လှုပ်ရှားလာရင် အမှားအယွင်းတွပါ ပြုမူမိတတ်တာမျိုးပါ။
၅။ လုပ်ငန်းခွင်ဖိစီးမှုများခြင်း
အလုပ်ကြောင့် စိတ်တွေပင်ပန်းပြီး စိတ်ဖိစီးမှုဝေဒနာခံစားရတာမျိုး လူအတော်များများကြုံဖူးကြမှာပါ။ အလုပ်တွေကမပြီး နောက်အလုပ်တွေကထပ်ပေါ်လာ၊ ကိုယ့်မှာလဲ အချိန်ကမရှိဆိုတာမျိုးကြုံနေရရင် ဘယ်လောက်တောင် စိတ်ညစ်ဖို့ကောင်းလိုက်သလဲ။ ဒီစိတ်ဖိစီးမှုဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ တွန်းအားပေးတတ်တာကို မမေ့သင့်ပါဘူး။
၆။ ငွေကြေးအကျပ်အတည်းကြုံခြင်း
အကြွေးတွေတင်နေတာ၊ ငွေကြေးကိစ္စအရှုပ်အရှင်းတွေကြားထဲက ရုံးမထွက်နိုင်တာတွေဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရင်းတစ်မျိုးပါ။ American Psychological Association (APA) ရဲ့ အဆိုအရ စိတ်ဖိစီးမှုရောဂါအဆင့် လူတွေရဲ့ ၇၆% က ငွေကြေးကိစ္စတွေနဲ့ ပတ်သက်နေတတ်ပါတယ်တဲ့။ ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေလည်း မြင့်မားပါတယ်။
၇။ အိမ်၊ နေရာသစ်ဆီ ရွှေ့ပြောင်းရခြင်း
အလုပ်နေရာသစ်တင်မဟုတ်ပါဘူး။ နေအိမ်နေရာသစ်ပြောင်းတာကလည်း စိတ်ဖိစီးမှုဖြစ်စေပါတယ်။ အိမ်ရှာတဲ့အဆင့်ကနေစလို့ တကယ်ပြောင်းတဲ့အချိန်အထိ အဆင်ပြေပြေဖြစ်စေဖို့ ပူပင်နေရတဲ့ သောကကို အိမ်ငှားရမ်းနေထိုင်ဖူးသူတိုင်း သိကြမှာပါ။ ပြောင်းပြီးရင်တောင် ပတ်ဝန်းကျင်သစ်မှာ အသာကျဖို့ စိတ်ပူရသေးတယ်မဟုတ်လား။
၈။ နာတာရှည် ကျန်းမာရေးပြဿနာကြုံခြင်း သို့ ထိခိုက်ဒါဏ်ရာရခြင်း
ကျန်းမာရေးပြဿနာကြောင့် စိတ်ဖိစီးတာကတော့ လူတိုင်း ခံစားရတတ်ပါတယ်။ သာမာန်နေထိုင်မကောင်းတာလေးကနေစလို့ နာတာရှည်ကျန်းမာရေးပြဿနာအထိ အရွယ်အစားအလိုက်ပါပဲ။ ပြင်းထန်တဲ့ ထိခိုက်မှုတွေ ခံစားထားရရင်လည်း ဒီလိုပြင်းထန်တဲ့စိတ်ဖိစီးတာမျိုးဖြစ်နေမှာပါပဲ။
၉။ ပင်စင်ယူခြင်း၊ အနားယူခြင်း
အသက်အရွယ်ကြီးရင့်လာလို့ လုပ်ငန်းခွင်ကနေ အနားယူလိုက်ရချိန်မှာ ကိုယ်က ဘာမှ အသုံးမဝင်တော့ဘူးဆိုတဲ့ စိတ်မျိုး အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေမှ ခံစားရတတ်ပါတယ်။ သူတို့အတွက် အလွန်ပြင်းထန်တဲ့ စိတ်ဖိစီးမှုတစ်မျိုးပါ။
၁၀။ အရွယ်ရောက်ခြင်း၊ လူပျို အပျိုဖော်ဝင်ခြင်း
ကလေးဘဝကနေ လူပျိုဖော်၊ အပျိုဖော်ဝင်လာချိန်မှာဖြစ်လာတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း သဘာဝ အပြောင်းအလဲတွေကြောင့် ငယ်ရွယ်သူတွေမှာ စိတ်ဖိစီးတဲ့ဝေဒနာခံစားရတတ်ပါတယ်။ ဒီဝေဒနာ လျော့ပါးသက်သာဖို့ဆိုရင် ပတ်ဝန်းကျင်နဲ့ မိဘတွေရဲ့ စောင့်ရှောက်မှုက အရေးပါမှာဖြစ်ပါတယ်။
[embed-health-tool-bmi]