လူသားတိုင်းကတော့ ကိုယ်ချစ်တဲ့သူနဲ့ ဝေးကွာရမှာကို လိုလားမယ်မထင်ပါဘူး။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ၊ ဘယ်လောက်ပဲ အသည်းမာတဲ့ သူတစ်ယောက်ဖြစ်နေပါစေ အသည်းကွဲနေတဲ့အချိန်မှာ အနည်းနဲ့ အများတော့ နာကျင်မှု၊ ဝမ်းနည်းမှု၊ ပူဆွေးမှု ဝေဒနာတွေကို ခံစားရမှာပါ။ ဒီလိုခံစားနေရတာကို ဘယ်လိုမှ မဖြေရှင်းဘဲ လွှတ်ထားလိုက်ရင် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ လူမှုရေးမှာ ပြဿနာတွေ ကြုံလာနိုင်တဲ့အပြင် ရေရှည် စိတ်ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။ျ ဒီဆောင်းပါးလေးမှာ အသည်းကွဲလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ကိုယ့်ရဲ့ အသည်းကွဲဝေဒနာကို ဘယ်လိုကုစားမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။
အသည်းကွဲဝေဒနာကို ဘယ်လိုကုစားမလဲ
၁။ တတ်နိုင်သလောက် ဝေးဝေးမှာ နေပါ။
ကိုယ်နဲ့ ကိုယ့်ချစ်သူက လမ်းခွဲပြတ်ဆဲပြီးတဲ့တိုင်အောင် သူငယ်ချင်းလိုပဲ နေဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တောင် လတ်တလောအချိန်မှာ သူနဲ့ အဆက်အသွယ် ခဏဖြတ်ထားဖို့ လိုပါတယ်။ တစ်သက်လုံးတော့ မတွေ့ဘဲ နေစရာတော့မလိုပါဘူး။
ကိုယ့်စိတ်ကလေး အနည်ထိုင်တဲ့အချိန်ထိ၊ ကိုယ်က သူ့အပေါ် စွဲလမ်းမှုတွေ၊ တမ်းတမှုတွေ မရှိတော့တဲ့အချိန်ထိပဲ သူနဲ့ ဝေးဝေးမှာ နေတာ ၂ယောက်လုံးအတွက် ပိုကောင်းမှာပါ။ အပြင်မှာလည်း တွေ့လည်း ပြုံးပြရုံလောက်ပဲ လုပ်ပါ။ ဖုန်းနဲ့ ဆက်သွယ်တာ၊ အွန်လိုင်းကနေ စကားသွားပြောတာမျိုးတွေ မလုပ်ပါနဲ့။
၂။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ပြင်ဆင်ပါ။
ကိုယ်က အချစ်နဲ့ တွေ့နေချိန်မှာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး လျစ်လျူရှုမိတာတွေ ရှိမှာပါ။ ဒီလိုအချိန်မှာ ကိုယ်နဲ့ ဝေးသွားတဲ့သူတစ်ယောက်အတွက် ပူဆွေးဝမ်းနည်းတာထက်စာရင် ကိုယ့်ရဲ့ အနားမှာ ရှိနေတဲ့ မိသားစု၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ အချိန်ကုန်ဆုံးတာ ပိုကောင်းပါတယ်။
ကိုယ့်ရဲ့ အိမ်၊ အခန်း၊ ပတ်ဝန်းကျင်ကို ပြန်လည်ပြုပြင်ပြောင်းလဲပစ်တာ၊ နံရံဆေးသုတ်တာ၊ အခန်းသန့်ရှင်းရေးလုပ်တာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။
၃။ အတိတ်ကို ပြန်တူးဆွပေးမယ့် အရာတွေကို ခေါင်းထဲက ထုတ်ထားပါ။
တစ်ချိန်တုန်းက ပျော်ဖူးတဲ့ အမှတ်တရတွေဆိုတာ ဒီလိုပြတ်ဆဲသွားတဲ့အချိန် ပြန်တွေးမိလိုက်တိုင်း ကိုယ့်အတွက် နာကျင်စရာတွေ ဖြစ်ကောင်းဖြစ်နေမှာပါ။ အတူသွားဖူးတဲ့ နေရာ၊ ကိုယ့်ချစ်သူ သုံးဖူးတဲ့ ရေမွှေး၊ အတူနားထောင်ဖူးတဲ့ သီချင်း၊ အမှတ်တရတွေ ရှိဖူးတဲ့ အသုံးအဆောင်ပစ္စည်း၊ ကြားနေကျ စကား အစရှိသဖြင့် တိုက်ဆိုင်လာတဲ့အခါမှာ သူ့အကြောင်းကို ပြန်တွေးမိပြီး ဝမ်းနည်းပူဆွေးရမှာပေါ့။
အစပိုင်းမှာတော့ ခက်ခဲမယ်ဆိုပေမဲ့ ကိုယ့်ရဲ့ စိတ်ဒဏ်ရာ မကျက်သေးခင်အချိန်ထိ ဒီအရာတွေကို မတွေးမိအောင် ကြိုးစားကြည့်ပါ။
၄။ အပြင်ထွက်ပြီး လျှောက်လည်ပါ။
စိတ်ညစ်ပြီ၊ ဝမ်းနည်းပြီဆိုရင် မကြာခဏလုပ်တတ်ကြတဲ့ အမှားတွေက အိမ်ထဲမှာပဲ အောင်းပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံမှု မလုပ်တော့တာပါ။ ဒီလိုလုပ်တာက ကိုယ့်ကို ပိုပြီး အထီးကျန်ဆန်စေတဲ့အပြင် ကိုယ့်ရဲ့ စိတ်ကိုလည်း အကျဉ်းကျစေပါတယ်။ ကိုယ်မတွေးချင်တဲ့ အကြောင်းအရာတွေကို ပြန်လည်တွေးမိဖို့ နှိုးဆွပေးနိုင်ပါတယ်။
ဒါကြောင့် အသည်းကွဲရင် အိမ်ထဲမှာ မအောင်းပါနဲ့။ အပြင်ထွက်ပါ၊ လျှောက်လည်ပါ၊ ခရီးသွားပါ၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ ဖြစ်စေ၊ ကိုယ်တစ်ယောက်တည်း ဖြစ်စေ ဟိုဟိုဒီဒီလျှောက်သွားရင် စိတ်ကို အပန်းဖြေပါ။
၅။ အချစ်ရေးအသစ် ပြန်စဖို့ မလောပါနဲ့။
ကိုယ်က နှစ်အတန်ကြာ ချစ်ခဲ့ပြီး၊ ကိုယ့်ရဲ့ အရာရာကို ပေးဆပ်ခဲ့ပြီးမှ ပြတ်ဆဲရတယ်၊ ဝေးကွဲရတဲ့အခါ မနာကျင်ဘဲ ဘယ်နေနိုင်ပါ့မလဲ။ ဒီလိုနာကျင်မှုကို တခြားသူတစ်ယောက်ကို အသုံးချပြီး ဟန်ဆောင်တွဲလိုက်တာ၊ ဝမ်းနည်းမှုကို ဖုံးကွယ်ဖို့ တခြားသူတစ်ယောက်ကို အစားထိုးပြီး ဘဝထဲ ခဏခေါ်သွင်းလိုက်တာက ဘယ်သူ့အတွက်မှ အကျိုးကျေးဇူးမရှိစေပါဘူး။
ဒါကြောင့် ကိုယ့်ရဲ့ စိတ်ခံစားချက် တည်ငြိမ်တဲ့အထိ အချစ်ရေးကို ပြန်မစပါနဲ့။ တစ်ယောက်တည်း နေရင်း ကိုယ့်အတွက်၊ ကိုယ့်မိသားစုတွေအတွက် အချိန်ပေးကြည့်ပါ။
၆။ မိမိကိုယ်ကိုယ် ဂရုစိုက်ပါ။
အသည်းကွဲနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တော့တာ၊ ကျန်းမာရေးကို ပစ်ထားလိုက်တာမျိုးဟာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ လက်ရှိအခြေအနေက ဘာတွေ ပြောင်းလဲသွားမှာလဲဆိုတာကို ပြန်တွေးကြည့်ပါ။
ကိုယ့်ခန္ဓာ၊ ကိုယ့်စိတ်ကို ဒုက္ခပေးလို့ မပြောင်းသွားတဲ့ အခြေအနေမှန်း သိတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဂရုစိုက်သင့်ပါပြီ။ အစာကောင်းကောင်းစားပါ၊ အိပ်ချိန်ပြည့်ဝစွာ အိပ်ပါ၊ လေ့ကျင့်ခန်းလဲ မှန်မှန်လေး လုပ်ပေးပါ။
၇။ ကိုယ့်ရဲ့ ဝမ်းနည်းပူဆွေးမှုကို ရင်ဖွင့်ပါ။
လူတော်တော်များများက ဝမ်းနည်းပူဆွေးစရာ၊ စိတ်ညစ်စရာတွေကို မြိုသိပ်ပြီး တစ်ယောက်တည်း ရင်စည်းခံလေ့ ရှိပါတယ်။ မြိုသိပ်စရာ ပူလောင်မှုတွေ များလာတဲ့အခါ အရင်ဆုံး ဒုက္ခရောက်မှာက ကိုယ့်ရဲ့ စိတ်ကျန်းမာရေးပါပဲ။ စိတ်က ပြိုလဲပြီဆိုရင် ခန္ဓာရော၊ ဘဝရော အနောက်ကနေ လိုက်ပြီး ပြိုလဲဖို့က အနှေးနဲ့အမြန်ပါပဲ။
ဒါကြောင့် ကိုယ့်ရင်ထဲမှာ ဝမ်းနေတာ၊ မကျေနပ်တာ၊ ခံပြင်းတာ၊ ဒေါသထွက်တာတွေ ရှိရင် ကိုယ့်ရဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ယောက်ကို ရင်ဖွင့်တိုင်ပင်ပါ။ အနည်းဆုံးတော့ တစ်ယောက်တည်း ပူလောင်နေရတာထက် ဝေဒနာကို မျှဝေလိုက်ရင် နည်းနည်းတော့ ရင်ထဲပေါ့သွားမှာပေါ့။
၈။ ငိုစရာရှိရင် ငိုလိုက်ပါ။
ကိုယ်ချစ်တဲ့ ကွေကွင်းရတဲ့ ဒုက္ခဆိုတာ ကြုံဖူးတဲ့ ကာယကံရှင်တွေသာ နားလည်ခံစားနိုင်မှာပါ။ ဒီလိုဖြစ်နေတဲ့အချိန်မှာ ငိုချင်ရင် စိတ်လွတ်လက်လွတ် ငိုချလိုက်ပါ။ တစ်ယောက်တည်းတော့ ရင်ထဲမှာ သိမ်းထားပြီး အပူလောင်ခံ မခံပါနဲ့။
၉။ စိတ်ကို အေးချမ်းစေမယ့် အရာတွေကို လုပ်ပါ။
ချစ်သူရှိတုန်းက မလုပ်ဖြစ်လိုက်ရတဲ့ အရာတွေ၊ ကိုယ်ဝါသနာပါတဲ့ အရာတွေ ပြန်လုပ်ဖို့ အချိန်ကောင်းပါပဲ။ အနည်းဆုံးတော့ ဒါတွေ လုပ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ စိတ်ကို ပူလောင်စေမယ့် အတွေးတွေ မဝင်လာအောင် အနည်းငယ်တော့ ထိန်းပေးထားနိုင်မှာပါ။ အားလပ်ချိန်မှာ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အေးချမ်းတဲ့ တေးဂီတ တီးလုံးတွေဖွင့်ပြီး ကိုယ့်ရဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်ကြည့်ပါ။
၁၀။ ချစ်သူသက်တမ်းတစ်လျှောက် အကောင်း၊ အဆိုးတွေကို ပြန်တွေးကြည့်ပါ။
လက်ခုပ်ဆိုတာ ၂ဖက်တီးမှ မြည်တာပါ။ ချစ်သူသက်တမ်းတစ်လျှောက်မှာ ကိုယ့်ဘက်က သူ့အပေါ် ဘာတွေကောင်းခဲ့ဖူးလဲ၊ ဘာတွေမှားခဲ့တာ ရှိလဲ၊ ကိုယ့်မှာ ဘာလိုအပ်ချက်တွေ ရှိလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။ ပြီးရင် ပြောင်းလဲသင့်တဲ့ အရာတွေကို ပြောင်းလဲပါ။
အမှားဆိုတာလည်း ယူတတ်ရင် ကိုယ့်ရဲ့ ဘဝကို ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်စေမယ့် သင်ခန်းစာပါပဲ။ ဒီအမှားတွေကို သင်ခန်းစာယူတတ်မှ နောက်အချစ်သစ်နဲ့ တွေ့တဲ့အခါ ကိုယ့်ဘက်က တည်ငြိမ်တဲ့ ဘဝအသစ်တစ်ခု ပြန်စတင်ဖို့ အဆင်သင့်ဖြစ်နေမှာပေါ့။
၁၁။ မကျေနပ်မှု၊ ဒေါသတွေကို တခြားသူတွေဆီ မလွှဲချပါနဲ့။
လူတော်တော်များများက ဒေါသဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးရင် ပေး၊ မဟုတ်ရင်လည်း ကိုယ့်အနီးပတ်ဝန်းကျင်က လူတွေဆီ ပုံချလိုက်တာပါပဲ။ ၂ခုလုံးက မှန်ကန်တဲ့ နည်းလမ်းတွေ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်ထဲမှာ ဝေဒနာ၊ ဝမ်းနည်းပူဆွေးမှု၊ ခံပြင်းမှုတွေ ရှိနေမယ်ဆိုတာ မှန်ပေမဲ့ ဘာမှသက်ဆိုင်မှုမရှိတဲ့သူတွေကို ပုံချလိုက်တာက လူမှုဆက်ဆံရေးမှာ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။
အသည်းကွဲဝေဒနာဆိုတာ ဘဝမှာ ကြုံရတတ်တဲ့ သင်ခန်းစာတစ်ခုပါ။ ဒါပေမဲ့ ကိုယ့်ကို ပြိုလဲစေလောက်တဲ့အထိ မခံစားမိဖို့တော့ လိုပါတယ်။
[embed-health-tool-bmi]