backup og meta

အတွေးထဲမှာ စိတ်ချောင်ပိတ်မိခြင်း (သို့) စိတ်အကျဉ်းကျ ဝေဒနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတွေးထဲမှာ စိတ်ချောင်ပိတ်မိခြင်း (သို့) စိတ်အကျဉ်းကျ ဝေဒနာ

    စိတ်အကျဉ်းကျတယ်ဆိုတာ ဘာလဲ

    အပြုအမူပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်ပြီး ကိုယ့်ရဲ့ အတွေးအာရုံထဲမှာ အကြောင်းအရာ တစ်မျိုးတည်း သို့မဟုတ် ဆက်စပ်သမျှ အကြောင်းအရာတွေကို ထိုင်တွေးနေရင်း အချိန်ကုန်သွားမှန်းမသိ ကုန်သွားတာ၊ အသိစိတ်တွေ လွတ်ပြီး ကိုယ့်ရဲ့ တစ်နေ့တာ အလုပ်တွေ၊ ဖြစ်ပျက်နေသမျှ အရာတွေကို သတိမထားမိတော့တဲ့ အခြေအနေမျိုးကို စိတ်အကျဉ်းကျခြင်း (Rumination) လို့ ခေါ်ပါတယ်။

    များသောအားဖြင့် ဝမ်းနည်းပူဆွေးစရာ၊ ကြောက်မက်ဖွယ်ရာ၊ ဖြစ်ဖူးခဲ့တဲ့ အတိတ်တွေနဲ့ မဖြစ်လာသေးတဲ့ အကြောင်းအရာတွေကိုပဲ စိတ်ထဲက တွေးနေမိပြီး ဒီအတွေးထဲကနေလည်း ဘယ်လိုမှ ရုန်းမထွက်နိုင်တော့တာ၊ တခြားအရာတွေကို မစဉ်းစားမိတော့တာ၊ အလုပ်ပျက်၊ အအိပ်ပျက်၊ အစားပျက်နဲ့ တဖြည်းဖြည်း စိတ်ရော ကိုယ်ပါ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်ပါတယ်။

    ဘယ်လိုအခြေအနေကြောင့် စိတ်ချောင်ပိတ်မိတဲ့ အကျင့် ဖြစ်လာရတာလဲ။

    • ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ ပြင်းပြင်းထန်ထန် ထိခိုက်တုန်လှုပ်မှုကြီး ဖြစ်ခဲ့ဖူးတာ
    • စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ အရာတွေ၊ လူတွေနဲ့ နေ့စဉ် ရင်ဆိုင်ဆက်ဆံနေရတာ
    • ကြာကြာတွေးရင် ကိုယ့်မှာ ဖြစ်နေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး အဖြေတစ်ခုခုရှာနိုင်မယ်လို့ ယုံကြည်ထားတာ
    • အရာရာကို ပြီးပြည့်စုံဖို့၊ စင်းလုံးချော မှန်စေချင်တဲ့ ပင်ကိုယ်စရိုက်ရှိတာ
    • စိတ်အနည်းငယ် မူမမှန်ခြင်း၊ ပုံမှန်မဟုတ်ဘဲ အတွေးအခေါ်တွေ အစွန်းရောက်လွန်းနေခြင်း
    • တခြားသူတွေရဲ့ ဘဝဇာတ်ကြောင်းကို အလွန်စိတ်ဝင်စားခြင်း၊ တခြားသူအစား ပူပန်ပေးတတ်ခြင်း

    ဒီလို အမူအကျင့်တွေ ရှိတဲ့သူတွေမှာ လိုတာထက်ပိုပြီး တွေးတာ၊ အတွေးထဲမှာ ချောင်ပိတ်မိတဲ့ အကျင့်တွေ ဖြစ်လာမယ်။ တဖြည်းဖြည်း မကုသဘဲ ထားထားမယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်ခွင်မှာရော လူမှုရေး၊ မိသားစုမှာပါ အဆင်မပြေမှုတွေ ကြုံလာမယ်။ နောက်ဆက်တွဲအနေနဲ့ စိတ်ကျရောဂါအပြင် စိတ်ကျန်းမာရေးမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    အတွေးလွန်တတ်တဲ့ သူတွေမှာ ဘယ်လိုပြဿနာတွေကို တွေ့နိုင်လဲ။

    • တွေးနေတဲ့အချိန်မှာ ပိုပြီးဝမ်းနည်းပူဆွေးလာတာ၊ ဒေါသထွက်တာ၊ စိတ်ဓါတ်ကျလာတာ
    • အရာရာနဲ့ ပတ်သက်ပြီး မကောင်းမြင်လာတာ၊ အပြစ်မြင်တဲ့စိတ်တွေ ပိုများလာတာ
    • ပြဿနာနဲ့ ပတ်သက်ပြီး အဖြေရှာမရဘဲ အတွေးထဲမှာပဲ အချိန်ကုန်ဆုံးသွားတာ
    • အတွေးထဲ စိတ်ရောက်နေပြီး လက်တွေ့လုပ်ဆောင်ဖို့ စိတ်အားထက်သန်မှု မရှိတော့တာ
    • ကိုယ့်ရှေ့မှာ ဖြစ်ပျက်နေတဲ့ ဘယ်အရာကိုမှ ကောင်းကောင်းအာရုံမစိုက်နိုင်တော့တာ
    • အတွေးလွန်မှုကြောင့် စိတ်ဖိစီးမှုတွေ ပိုခံစားလာရတာ၊ ပြဿနာတွေ ပိုဖြစ်လာတာ အစရှိတာတွေကို တွေ့နိုင်ပါတယ်။

    ဒါကြောင့် ဒီလိုအမူအကျင့်မျိုး ကိုယ့်မှာ ရှိတယ်ဆိုတာ သိထားရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါ ကုထုံးပညာရှင်၊ စိတ်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။ စောစီးစွာ ကုသမှုခံယူတာဟာ ရောဂါကို မွေးတာထက် အကျိုးကျေးဇူးများစွာ ရှိစေနိုင်ပါတယ်။

    အကယ်လို့ ကိုယ်က ဆရာဝန်နဲ့ သွားပြရမှာ ရှက်တယ်၊ ဒါမှမဟုတ် အချိန်မပေးနိုင်ဘူးဆိုရင်တော့ အောက်မှာ ပြထားတဲ့ နည်းလမ်းတွေကို ကိုယ်တိုင် လိုက်လုပ်ကြည့်ပြီး ကိုယ့်ကို အတွေးလွန်နေစေတဲ့ အမူအကျင့်ကို ဖျောက်ပေးလို့ ရပါတယ်။

    ၁။ ကြံဖန်အလုပ်ရှာလုပ်ပါ။

    ကိုယ့်ကိုယ်ကို အတွေးလွန်နေပြီ၊ စပြီး အတွေးကမ္ဘာထဲ ရောက်နေပြန်ပြီလို့ သိလိုက်တာနဲ့ အနားမနေပါနဲ့။ ရတဲ့ အလုပ် ကြံဖန်လုပ်ပါ။ ကိုယ့်အနားက လူတွေကို သေချာကြည့်ရင်း လုပ်ဖို့ လိုအပ်တဲ့အရာတစ်ခုကို ဆုံးဖြတ်ချက်ချပြီး ချက်ချင်း ကောက်လုပ်လိုက်ပါ။ လူက ဘာမှမလုပ်ဘဲ နေနေတဲ့အခါ ဦးနှောက်က ကြံဖန်တွေးနိုင်တာကြောင့် ကိုယ့်စိတ်ကို အနားမပေးပါနဲ့။ ဘာလုပ်ရမှန်း မသိရင်လည်း ကိုယ့်အိမ်၊ ကိုယ့်အခန်းကို သန့်ရှင်းရေး လုပ်လိုက်တာဖြစ်စေ၊ ဟင်းထချက်တာဖြစ်စေ လုပ်လို့ ရသလို အဆင်ပြေတဲ့ ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်၊ စာအုပ်ဖတ်တာဖြစ်စေ၊ အိမ်နား စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်တာမျိုး လုပ်ပေးလို့ ရပါတယ်။

    ၂။ ထိုင်တွေးနေမယ့်အစား လက်တွေ့လုပ်ပါ။

    ပြဿနာတစ်ခု ရှိလာရင် ထိုင်ပြီးတွေးနေလို့ အချိန်ကုန်တာပဲ အဖတ်တင်ကျန်ခဲ့မှာပါ။ ဒါကြောင့် ဘယ်လိုဖြေရှင်းရမလဲ၊ ငါ ဒီလိုလုပ်လိုက်ရင် ဘာများဖြစ်သွားမလဲဆိုပြီး ထိုင်တွေးနေမယ့်အစား ဘာပဲဖြစ်နေဖြစ်နေ ပြဿနာကို ထိပ်တိုက်ရင်ဆိုင်ပြီး ဖြေရှင်းဖို့ ကြိုးစားကြည့်ပါ။ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို လိုအပ်ရင် စာရွက်ထဲမှာ ချရေးပြီး အဲ့အတိုင်း လုပ်ကြည့်ပါ။ ခေါင်းထဲမှာ မဖြစ်နိုင်ဘူးလို့ ဝင်လာတဲ့ မကောင်းတဲ့အတွေးတွေကို ဖယ်ထုတ်ထားပါ။ ငါ ဘာလုပ်လုပ် ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်ကို မွေးပါ။

    ၃။ ကိုယ့်ရဲ့ အတွေးကို ပြန်ဆန်းစစ်ပါ။

    ဘယ်သူမဆို အမှားတွေ လုပ်ဖူးမှာပါပဲ။ ဒီလိုမျိုး အတိတ်မှာ ဖြစ်ခဲ့တဲ့ အမှားတွေ၊ ကိုယ့်စိတ်ထဲမှာ ကျန်နေခဲ့တဲ့ အပြစ်တင်စိတ်တွေ၊ ယူကြုံးမရဖြစ်နေတဲ့ ခံစားချက်တွေကို မကြာခဏ တွေးရင်း အတွေးတွေ လွန်နေပြီလားဆိုတာ သေချာဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ မကောင်းတဲ့ အတွေးတွေကို ဦးနှောက်က စွဲမြဲပြီး တွေးနေတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ ပိုပြီးဆိုးလာဖို့ပဲ ရှိပါတယ်။ ဒီလိုအတွေးတွေဟာ ကိုယ့်အတွက် မကောင်းဘူးဆိုတာ သေချာသိလာပြီဆိုရင် ဒီအတွေးတွေကို ဖြည်းဖြည်းချင်း ဖယ်ထုတ်ပစ်ဖို့ ကြိုးစားပါ။ ကိုယ့်အတိတ်က မှားခဲ့တဲ့ အရာတွေအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်လိုက်ပါ။

    ၄။ ဘဝရဲ့ ရည်မှန်းချက်တွေအကြောင်း သေချာပြန်ဆန်းစစ်ကြည့်ပါ။

    လူတိုင်းကတော့ ကိုယ် နောင်တစ်ချိန်မှာ ဘာဖြစ်ချင်တာလဲ၊ အိမ်ပိုင်ချင်တာလား၊ စီးပွားရေးတစ်ခုခု လုပ်ချင်တာလား၊ သင်တန်းပဲ တက်ချင်တာလား၊ ကိုယ်ဝါသနာပါတာ လုပ်ချင်တာလား အစရှိသဖြင့် ရည်မှန်းချက်ကိုယ်စီ ရှိတတ်ကြစမြဲပါပဲ။ ပြဿနာဖြစ်စေတဲ့အရာကတော့ ကိုယ့်ရဲ့ လက်ရှိအခြေအနေနဲ့ အရမ်းကွာဟလွန်းတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ၊ ဖြစ်နိုင်ဖို့ အလွန်ခဲယဉ်းတဲ့ ဘဝရည်မှန်းချက်တွေ ထားထားတဲ့အခါ ကိုယ့်အတွက်လည်း လောဘတွေ၊ မောဟတွေနဲ့ ပူလောင်ရသလို စိတ်လည်း တော်တော်လေး ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။ ဒါကြောင့် ဘဝနဲ့ အရမ်းကွာလွန်းတဲ့ စိတ်ကူးယဉ်အိပ်မက်တွေအစား ကိုယ်အတိတ်မှာ ဘယ်လိုအကျိုးရှိစေမယ့် အရာတွေ လုပ်ခဲ့ပြီးပြီလဲဆိုတာ သေချာပြန်လေ့လာကြည့်ပါ။ ကိုယ့်လက်ရှိအတိုင်းအတာနဲ့ အနီးစပ်ဆုံး ဖြစ်စေနိုင်တဲ့ အိပ်မက်တစ်ခုခု ထားကြည့်ပြီး အကောင်အထည်ဖော်ပါ။

    ၅။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်အောင် ကြိုးစားပါ။

    မိမိကိုယ်ကိုယ် အကောင်းမြင်ြခင်း၊ တန်ဖိုးထားတတ်ခြင်းဟာ စိတ်ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ အရာတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ကြည့်လိုက်တဲ့အခါ ရုပ်ဆိုးလိုက်တာ၊ ဝလိုက်တာ၊ ပိန်လိုက်တာဆိုပြီး မကောင်းမြင်နေမယ်။ တခြားသူတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်ဘဝမှာ ဘာမှလည်း မပိုင်ဆိုင်ရဘူး၊ မအောင်မြင်နေဘူး အစရှိသဖြင့် ကိုယ့်ရဲ့ စိတ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ အတွေးတွေကို ဖျောက်ဖျက်ထားပါ။ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ်ကို မွေးမြူကြည့်ပါ။

    ၆။ တရားထိုင်ကြည့်ပါ။

    ဘာသာရေးနဲ့ မသက်ဆိုင်ဘဲ ကျန်းမာရေးရှုထောင့်အရ ကြည့်မယ်ဆိုရင်လည်း တရားထိုင်ခြင်းဟာ စိတ်ကို တည်ငြိမ်စေတယ်။ အေးချမ်းစေတယ်။ မကောင်းတဲ့အတွေးတွေ မတွေးမိစေဖို့ ကူညီပေးတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အရာတွေနဲ့ ပတ်သက်ပြီး ခွင့်လွှတ်စိတ်၊ အကောင်းမြင်စိတ်တွေကို ဖြစ်စေတယ်။ စိတ်ထဲမှာ ကျန်ရစ်နေတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အတွေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အတွေးလွန်နေပြီ၊ စိတ်အကျဉ်းကျသလို ဖြစ်နေပြီလို့ ခံစားရပြီဆိုရင် ဘာမှဆက်မတွေးဘဲ တရားထိုင်ကြည့်ပါ။ ခါးကို မတ်မတ်ထားပြီး အသက်ကို ပုံမှန်ရှူရှိုက်ပါ။ ကိုယ် အသက်ရှူသွင်း၊ ရှူထုတ်လိုက်တဲ့ လေကလွဲပြီး ကျန်တဲ့ဘယ်လိုအရာကိုမှ အာရုံမထားပါနဲ့။

    ၇။ တစ်ယောက်ယောက်ကို ကိုယ့်ရဲ့ အတွေးတွေကို ပြောပြပေးပါ။

    တစ်ယောက်ထဲ စိတ်ထဲမှာ တွေးပြီး ပူလောင်နေတာထက် တစ်ယောက်ယောက်ကို ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ အပူတွေကို မျှဝေပေးလိုက်တာ ကိုယ့်စိတ်ကိုလည်း အနည်းငယ်ပေါ့ပါးသွားစေသလို အတွေးလွန်ပြီး အသိစိတ်လွတ်သွားတာမျိုးလည်း မဖြစ်တော့ပါဘူး။ အနည်းဆုံးတော့ ကိုယ့်မှာ ရှိနေတဲ့ ပြဿနာကို ဝိုင်းကူပြီး ဖြေရှင်းပေးဖို့ အဖော်တစ်ယောက်ရသွားတာပေါ့။

    မိမိရဲ့ စိတ်နဲ့ အမူအကျင့်ကို ကိုယ်တိုင် ပြင်ဆင်နိုင်မှ ကိုယ့်ရဲ့ မလိုလားအပ်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေ မဖြစ်ရတော့ဘူးပေါ့။ ကိုယ့်ကိုယ်ကိုယ် ဖျောက်လို့ မရဘူး၊ အကူအညီလိုအပ်တယ်လို့ ဆုံးဖြတ်ချက်ချထားရင်တော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ပြီး စိတ်ကုထုံး လုပ်ကြည့်တာ အကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement