backup og meta

အချိန်တိုအတွင်းမှာ မြန်မြန်ဝိတ်ချ တာ ကောင်းသလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချိန်တိုအတွင်းမှာ မြန်မြန်ဝိတ်ချ တာ ကောင်းသလား။

    ဝိတ်ချတဲ့နေရာမှာ အလွယ်လမ်းဆိုတာ မရှိပါဘူး။ အင်တာနက်ပေါ်မှာ တစ်လကို ပေါင်၂၀ ကျစေရမယ်တို့၊ တစ်ပတ်ကို ၁၀ပေါင်ကျစေမယ့် ဆေးဆိုပြီး တွေ့ရတဲ့အခါ အင်မတန် စိတ်မသက်မသာဖြစ်ရပါတယ်။ မြန်မြန်ဝိတ်ချ တာက ဝိတ်ကျကောင်း ကျသွားနိုင်ပေမယ့် ဒါက ကျန်းမာရေးကို ထိခိုက်နိုင်တာကြောင့်ပါ။

    တစ်ပတ်ကို ဘယ်လောက်ပဲ ချသင့်သလဲ။

    မြန်မြန်ဝိတ်ချတာက ဘေးထွက်ဆိုးကျိုးများပါတယ်။ ပညာရှင်တွေရဲ့ အကြံပြုချက်က တစ်ပတ်ကို ၁-၂ပေါင်လောက်ပဲ ချတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒီထက်မြန်မြန်ချနေရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ တစ်ပတ်ကို ၂ပေါင်လောက်နဲ့ တစ်လကို ၈-၁၀ပေါင်လောက်ချတာက ကျန်းကျန်းမာမာနဲ့ ပိန်သွားစေမှာပါ။

    မြန်မြန်ဝိတ်ချ ခြင်းရဲ့ ဘေးထွက်ဆိုးကျိုး

    • Metabolism ကို နှေးစေတယ်။

    Metabolism ဆိုတာ ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်ရဖို့ ကယ်လိုရီလောင်ကျွမ်းပေးတဲ့ ဖြစ်စဉ်ပါ။ မြန်မြန်ဝိတ်ချတဲ့အခါ ခန္ဓာကိုယ်မှာ ကယ်လိုရီတွေ လိုတာထက် ပိုလောင်နေတယ်လို့ ယူဆပြီး နှေးချလိုက်ပါတယ်။

    ဒါကြောင့် အစပိုင်းမှာ ဝိတ်ကျပေမယ့် နောက်ပိုင်းမှာ တန့်နေပြီး ဆက်မကျတော့တာတို့၊ နည်းနည်း ဒါမှမဟုတ် အရင်ကလောက်ပဲ စားပေမယ့် ပြန်ဝလာတာမျိုးတွေ ဖြစ်လာတာပါ။

    အဆီတစ်ပေါင်က ကယ်လိုရီ ၃၅၀၀နဲ့ ညီမျှပါတယ်။ ဆိုလိုတာက တစ်ရက်ကို ၅၀၀ ကယ်လိုရီ လျှော့စား ဒါမှမဟုတ် ပိုပြီး လောင်ကျွမ်းအောင် လုပ်နိုင်ရင် ရပါပြီ။ ဒါဆို တစ်ပတ်ကို တစ်ပေါင်ကျပါတယ်။

    မြန်မြန်ဝိတ်ချတဲ့အခါ ကယ်လိုရီတွေ ပိုလောင်ဖို့ အဆီတွေကို မဖျော်နိုင်တော့ပါဘူး။ နဂိုတည်းက အဆီတွေက အများကြီး လောင်ကျွမ်းဖို့ ခက်တာကြောင့်ပါ။ ဒါကြောင့် အဆီအစား ကြွက်သားတွေကို လောင်ကျွမ်းပစ်လိုက်တဲ့အတွက် ကြွက်သားဆုံးရှုံးမှုတွေ ဖြစ်လာပါတယ်။

    ပေါင်ချိန်စက်မှာ ဂဏန်းတွေ ကျသွားပေမယ့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတာ ကြွက်သားတွေ ဖြစ်နေပါတယ်။

    အချိန်တိုအတွင်းမှာ မြန်မြန်ဝိတ်ချ တာ ကောင်းသလား။

    ဒီလိုမျိုး မြန်မြန်ဝိတ်ကျရမယ်ဆိုရင် Dietကို တော်တော်ထိန်းထားမှ ရမှာပါ။ အများစုက ဘာမှမစား ဒါမှမဟုတ် အစားတွေ မတရားရှောင်ကြတဲ့အတွက် ကယ်လိုရီအပြင်  တခြားလိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ ပရိုတင်းတွေပါ ချို့တဲ့လာပါတယ်။ ဒါကြောင့်

    -ဝမ်းချုပ်တာ

    -နုံးတာ

    -အရိုးအဆစ်တွေ ကိုက်တာ

    -ခုခံအားကျပြီး ဖျားနာတာ

    -ဆံပင်တွေ ကျွတ်တာ ဖြစ်လာပါတယ်။

    ဒါကြောင့် ကယ်လိုရီကို လျှော့လို့ရပါတယ်။ ဒါပေမယ့် တစ်ရက်ကို ၅၀၀ ကယ်လိုရီထက်တော့ ပိုမလျှော့ပါနဲ့။ တခြားလိုအပ်တဲ့ အာဟာရတွေ ပြည့်မီအောင်လည်း စားဖို့ လိုပါတယ်။

    ခန္ဓာကိုယ်မှာ ရုတ်တရက် ကိုယ်အလေးချိန်ထိုးကျသွားရင် ကိုယ်ထဲက ဟော်မုန်းတွေ ကမောက်ကမဖြစ်တတ်ပါတယ်။ ရလဒ်အနေနဲ့ အမျိုးသမီးတွေ သားဥမကြွေတာ၊ ရာသီထိမ်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးယူဖို့ စီစဉ်ထားရင် မြန်မြန်ဝိတ်မချဖို့ လိုပါတယ်။

    ပုံမှန်ဆိုရင် အစာစားလိုက်တဲ့အခါ သည်းခြေအိတ်ကနေ အစာခြေရည်တွေ ထွက်လာပြီး ချေဖျက်ပေးပါတယ်။ အစားရှောင်လွန်း ဒါမှမဟုတ် မစားဘဲ အကြာကြီးနေလွန်းတဲ့အခါ ဒီအစာခြေရည်တွေက သည်းခြေအိတ်ထဲမှာစုပြီး ခဲလာပါတယ်။ ဒီလိုနဲ့ သည်းခြေကျောက်ဖြစ်လာပါတယ်။

    ကျန်းမာရေးနဲ့အညီ ဝိတ်ကျစေဖို့

    ဆယ်စုနှစ်နဲ့ ချီပြီး စုထားတဲ့ အဆီတွေကို တစ်လ၊ နှစ်လလောက်နဲ့ ချဖို့က လက်တွေ့မကျပါဘူး။ ဝိတ်ချတာက စိတ်တော့ ရှည်ရပါတယ်။ အထူးသဖြင့် ရေရှည်မှာ ကိုယ်အလေးချိန်ကို ကြာကြာ ထိန်းထားနိုင်ဖို့နဲ့ ဘေးထွက်ဆိုးကျိုးမရှိဖို့ဆိုရင် လောဘမကြီးဘဲ ဝိတ်ချသင့်ပါတယ်။

    • ကိုယ်နဲ့ ကိုက်ညီမယ့် Dietကို ရွေးချယ်ပါ။ Dietလုပ်မယ်လို့ ပြောတဲ့သူတိုင်းကို အကြံပေးလေ့ရှိတာက ရေရှည်စားနိုင်မယ့် ပလန်ကို ရွေးဖို့ပါ။ ရက်ပိုင်းလောက်ပဲ စားပြီး ရပ်လိုက်ရင် ဝိတ်က ပြန်တက်လာမှာပါ။ နေ့တိုင်း ထမင်းစားလာတဲ့သူက နေ့တိုင်း အရွက်တစ်ခွက်ပဲ စားရမယ်ဆိုရင် ကြာကြာမစားနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ပါးစပ်နဲ့ ကိုက်တဲ့ Dietကို ရွေးချယ်ပါ။
    • လေ့ကျင့်ခန်း တွဲလုပ်ပါ။ အဆီကျသွားတဲ့အခါ အရေပြားတွေ လျော့ရဲနိုင်သလို၊ အဆီချရင်း ကြွက်သားဆုံးရှုံးတာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ကြွက်သားလေ့ကျင့်ခန်း တွဲလုပ်ပါ။ အဆီကျဖို့ Cardio လေ့ကျင့်ခန်းပါ တွဲလုပ်နိုင်ပါတယ်။
    • အိပ်ရေးဝဝအိပ်ပါ။ စောစောအိပ်ပါ။ Metabolismကို ထိန်းညှိပေးပြီး စားသောက်ချင်စိတ်ကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို မျှတစေပါတယ်။
    • အစားလျှော့စရာ မလိုဘူးတို့၊ လေ့ကျင့်ခန်း မလုပ်ဘဲ ပိန်ချင်သလားဆိုတာတွေကို မယုံပါနဲ့။ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးများသလို တစ်သက်လုံးသောက်ဖို့လည်း အဆင်မပြေပါဘူး။

    ဝိတ်ချတဲ့ သူတွေ ကြုံရတတ်တဲ့ ပြဿနာတွေကတော့ ချတုန်းခဏ ပြီးရင်ပြန်တက်တာပါ။ ဒါ့ပြင် တကယ်လုပ်ကြည့်ရင် ဝိတ်ချရတာထက် ကျပြီးသားဝိတ်ကို ပြန်မတက်အောင် ထိန်းရတာက ပိုခက်တာကို တွေ့ရမှာပါ။ ဝိတ်ချတာက ခရီးရှည်မို့လို့ လောဘမကြီးဘဲ ဖြည်းဖြည်းချင်း ချပါ။ ကျန်းမာဖို့ ဝိတ်ချကာမှ မြန်မြန်ဝိတ်ကျပြီး နေမကောင်းဖြစ်ရရင် မကောင်းပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement