backup og meta

Ambivert တွေရဲ့ ထူးခြားတဲ့ ဝိသေသ

Ambivert တွေရဲ့ ထူးခြားတဲ့ ဝိသေသ

ပေါင်းသင်းဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်မှာ လူအမျိုးမျိုး အထွေထွေရှိနိုင်ပါတယ်။ ဒီလို လူပေါင်းစုံကို အကောင်းဆုံး ပေါင်းသင်းဆက်ဆံနိုင်ဖို့ဆိုရင် သူတို့က ဘယ်လိုလူ အမျိုးအစားလဲ ဆိုတာကို သိထားဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေထဲက Ambivert လေးတွေရဲ့ သူမတူတဲ့ ဝိသေသလေးတွေကို ပြောပြပေးချင်ပါတယ်။

ဘာလဲဟဲ့ Ambivert

Ambivert ဆိုတာက လူတစ်ယောက်မှာ ရှိနေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထဲက တစ်ခုပါ။ သူတို့က introversion ရော extroversion ကိုပါ မျှတစွာ ပိုင်ဆိုင်ထားတာပါ။ အခြေအနေ၊ အကြောင်းအရာ၊ အဖြစ်အပျက် နဲ့ ရည်မှန်းချက်တွေ ကွာခြားမှုအပေါ် မူတည်ပြီး သူတို့ရဲ့ ပုံစံကို ပြောင်းလဲ တတ်ကြသူတွေပါ။

အခြေအနေ အချိန်အခါ အလိုက် ပြုမူနေထိုင်တတ်သူတွေပေါ့။ ပွင့်လင်းဖို့လိုရင် ပွင့်လင်းမယ်။ ဆိတ်ဆိတ်နေဖို့ လိုရင် ဆိတ်ဆိတ်နေမယ်။ ရောက်ရှိသွားတဲ့ အသိုင်းအဝိုင်းနဲ့ အသားတကျ ဖြစ်အောင် နေထိုင်တတ်ကြသူတွေကို Ambivert  တွေလို့ ခေါ်ပါတယ်။ ဗားရှင်း နှစ်မျိုး ရောမွှေထားသူတွေပေါ့။

Ambivert တွေရဲ့ သူမတူတဲ့ ဝိသေသလက္ခဏာတွေက ဘာတွေလဲ……..

လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုသလိုပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ပုံစံချင်း စိတ်ထားချင်းမတူကြပါဘူး။ ဒီလို ကွဲပြားမှုလေးတွေထဲမှာမှ Ambivert  တွေရဲ့ သူမတူတဲ့ လက္ခဏာတွေက

နားထောင်ကောင်းသူတစ်ယောက် ဖြစ်သလို အပြောကောင်းသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

Extroverts တွေက ပြောရတာကို ကြိုက်ပြီး introverts တွေက နားထောင်ရတာကို ကြိုက်ပါတယ်။ ဒါပေမယ့် ambiverts  တွေကတော့ ဘယ်လို အခြေအနေမှာ အပြောကောင်းသူ ဖြစ်ရမလဲ။ ဘယ်လို အခြေအနေမှာ နားထောင်ကောင်းသူတစ်ဦး အဖြစ်နေရမလဲဆိုတာကို ကောင်းကောင်းသိတယ်။

အစည်းအဝေးတစ်ခုမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို စိတ်အားထက်သန်စွာ စပြောပြတတ်ပြီး ပါဝင်ဆွေးနွေးမယ့်သူတွေရဲ့ အယူအဆတွေ၊ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေ၊ စိုးရိမ်စရာတွေကို ပြောပြခွင့်ပေးလေ့ရှိတတ်သူတွေပါ။

အပြုအမူကို ထိန်းချုပ်နိုင်စွမ်းရှိတယ်

ရောက်ရှိတွေ့ကြုံနေရတဲ့ အခြေအနေကို လိုက်ပြီး အပြုအမူကို လိုသလို ပြောင်းလဲတတ်ကြတယ်။ မြင်သာအောင် ပြောပြရရင် သူစိမ်းတွေနဲ့ ဓာတ်လှေကားစီးတဲ့အခါ

  • extrovert တွေက စကားစမြည် ပြောတတ်ကြတယ်။
  • introvert တွေက နားကြပ်တပ်ပြီး ပတ်ဝန်းကျင်ကို မသိလိုက် မသိဘာသာ နေတတ်ကြတယ်။
  • ambiverts တွေကတော့ ပြုံးပြတဲ့အခါ ပြန်ပြုံးပြမယ်။ စကား လှမ်းပြောရင် ပြန်ပြောမယ်။ ခပ်ဆိတ်ဆိတ်နေရင် ခပ်ဆိတ်ဆိတ် ပြန်နေပေးလိုက်မယ်ဆိုတဲ့ သူမျိုးတွေပေါ့။

သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရတာကို ကြိုက်တယ်။ ဒါပေမယ့် တစ်ယောက်တည်းနေတဲ့ အချိန်တွေကိုလည်း မြတ်နိုးတယ်။

Ambiverts တွေက သူငယ်ချင်းတွေနဲ့ ပြောပြောဆိုဆို ပျော်ပျော်ရွှင်ရွှင်လည်း နေတတ်ကြပေမယ့် ရုံးကအပြန် အိမ်မှာတစ်ယောက်တည်း အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်နေဖို့ကိုလည်း မပျင်း တတ်ကြပါဘူး။

မြင်သာအောင် ပြောပြရရင် သောကြာနေ့မို့ သူငယ်ချင်းက အပြင်ထွက်လျှောက်လည်ဖို့ ခေါ်တယ်ဆိုပါတော့ extrovert တွေက တွန့်ဆုတ်နေမှု အလျဉ်း မရှိဘဲ လက်ခံလိုက်လိမ့်မယ်။ introvert တွေကတော့ အပြင်မသွားဘဲ အိမ်ပြန်နားတာပဲ ကောင်းပါတယ်၊လို့  ပြောလိမ့်မယ်။ ambivert ကတော့ အကောင်းအဆိုးကို ချင့်ချိန်ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ အပြင်ထွက်လည်ပါလိမ့်မယ်။

သည်းခံနိုင်စွမ်း မြင့်တယ်

Ambiverts တွေက လူတွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို နားလည်ပေးနိုင်သလို နားထောင်ပေးဖို့လည်း စိတ်ရှည်ကြပါတယ်။

သူငယ်ချင်းတစ်ယောက်ယောက်က ပြဿနာတစ်ခုခု ကြုံနေပြီဆိုပါစို့။ extrovert က ထားလိုက်ပါကွာ။ တွေးမနေနဲ့လို့ ပြောလိမ့်မယ်။ ပြဿနာတွေနဲ့ ခပ်ဝေးဝေးနေချင်တဲ့ သဘောပါ။ introvert  တွေက အသေးစိတ်ကအစ နားထောင်ပေးလိမ့်မယ်။ ဖြေရှင်းနည်းတော့ ပေးမှာမဟုတ်ဘူး။ သူက နားထောင်သမား သက်သက်ပါ။ ambivert ကတော့ နားထောင်မယ်။ မေးခွန်းတွေကို မေးမယ်။ ဝိုင်းတွေးမယ်။ ဖြေရှင်းပေးဖို့ ကူညီလိမ့်မယ်။

ဟန်ချက်ညှိပေးနိုင်တယ်

အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်တဲ့အခါ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ရရှိစေဖို့ ambiverts တွေကို မဖြစ်မနေ လိုအပ်ပါတယ်။ အကြောင်းကတော့ သူတို့က တစ်ဖက်နဲ့တစ်ဖက် အဆင်မပြေလို့ နှုတ်ဆိတ်နေမှုကို ပျက်ပြယ်စေဖို့ စကားစပေးတတ်တယ်။ ခံစားချက်တွေ၊ သဘောထားအမြင်တွေကို ထုတ်ဖော်ဖို့ ဝန်လေးတတ်တဲ့ introvert တွေကို သက်တောင့်သက်သာနဲ့ စကားစပြောနိုင်စေဖို့ အစပျိုးပေးတတ်တယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ အခုလို အလေ့အထလေးတွေကို ပိုင်ဆိုင်ထားတဲ့သူလေးတွေ ရှိနေရင်တော့ သူတို့လေးတွေက extrovert နဲ့ introvert ဗားရှင်းကို အချိုးကျ ပေါင်းစပ်ထားတဲ့ Ambiverts လေးတွေပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Signs That You May Be an Ambivert https://www.healthline.com/health/health-ambivert Accessed Date 29 July 2020

What is an Ambivert? Take the Quiz to See if You’re an Introvert, Extrovert or Ambivert https://www.scienceofpeople.com/ambivert/ Accessed Date 29 July 2020

9 Signs That You’re An Ambivert https://www.forbes.com/sites/travisbradberry/2016/04/26/9-signs-that-youre-an-ambivert/#57f725863145 Accessed Date 29 July 2020

ယခုပုံစံ

19/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Chan Myae မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်မလုံခြုံတဲ့သူတွေရဲ့ စရိုက်လက္ခဏာများ

ခွင့်လွှတ်တတ်ပါစေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement