backup og meta

လမ်းပိတ်ဆို့ မှုကြောင့် မလွှဲမရှောင်သာ ရင်ဆိုင်နေကြရတဲ့ ကျန်းမာရေးပြဿနာများ

နေ့စဉ်နေ့တိုင်း လုပ်ငန်းခွင်ရှိရာဆီကို မော်တော်ယာဉ်တွေ ဘတ်စ်ကားတွေစီးပြီး ခရီးသွားနေရသူ ခရီးသည်တစ်ယောက်အတွက် စိတ်ညစ်စရာအကောင်းဆုံးကိစ္စက လမ်းပိတ်ဆို့ တာပါပဲ။ ရန်ကုန်မြို့ရဲ့ အရေးပါတဲ့နေရာအတော်များများမှာ လမ်းပိတ်ဆို့မှုတွေက အမြဲလိုလိုရှိနေတတ်တယ်မဟုတ်လား။

ဒီလိုယာဉ်ကျောတွေကြပ်တည်းပြီး ပိတ်ဆို့နေချိန်တွေမှာ ဘတ်စ်ကားပေါ် မတ်တပ်ရပ်ပြီး လိုက်ပါစီးနင်းနေရသူတစ်ယောက်အတွက်ဆိုရင် ဘယ်လောက်တောင်များ ပင်ပန်းလိုက်မလဲ။ မတ်တပ်ရပ်နေရလို့ ပင်ပန်းတယ်လို့ မထင်ပါနဲ့။

ဘတ်စ်ကားပေါ်ထိုင်ခုံနေရာရလို့ ထိုင်စီးနေရသူတွေ၊ ကိုယ်ပိုင်မော်တော်ယာဉ်နဲ့ သွားလာနေသူတွေလည်း မော်တော်ယာဉ်ပေါ်မှာ အချိန်ကြာမြင့်စွာထိုင်ပြီး စီးကြရတာကြောင့် သူ့နည်းသူ့ဟန်နဲ့သူတော့ ပင်ပန်းကြတာပါပဲ။

ခုလို မိုးတွင်းကာလမျိုးဆိုရင် ကားကကျပ်၊ လမ်းကပိတ် မိုးကရွာလို့ မိုးကစိုနဲ့ အင်မတန် စိတ်ပင်ပန်းဆင်းရဲစရာကောင်းလှတယ်မဟုတ်လား။

ဒီလိုမျိုးနေ့စဉ်နဲ့အမျှ မော်တော်ယာဉ်ပေါ်၊ ဘက်စ်ကားပေါ်မှာ နာရီနဲ့ချီပြီး ပိတ်မိနေတာက သင့်ရဲ့ စိတ်ကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ပိုတိုလာမယ်၊ စိတ်ပိုပင်ပန်းလာမယ်၊ ပူပင်သောကတွေပိုများလာမယ်၊ ဖန်တီးနိုင်စွမ်းလည်း လျော့လာမယ်။ ဒီတော့ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်ကျဆင်းသွားပါလေရော။

မနက်ခင်းတိုင်း နာရီပေါင်းများစွာ အချိန်ကုန်ခံပြီး ဘတ်စ်ကားကို ပင်ပန်းဆင်းရဲစွာစီးနင်းကာ ရုံးလာတက်ရသူတစ်ယောက်ဆီက ဆန်းသစ်ပြီး ထက်မြက်တဲ့ အိုင်ဒီယာမျိုး၊ ဖော်ရွေပျူငှာတဲ့ ဝန်ဆောင်မှုမျိုးရဖို့ဆိုတာ ခက်ခဲတယ်လို့ လေ့လာချက်တွေက ဆိုကြပါတယ်။

ဒါတင်ပဲလားဆိုရင်တော့ မဟုတ်ပါဘူး။ ယာဉ်ကြောပိတ်ဆို့မှုတွေက လူတွေကို မျှော်မှန်းထားတာထက်ပိုပြီး ဒုက္ခပေးနိုင်ပါသေးတယ်။ အထူးသဖြင် လူတွေ မမျှော်လင့်ထားတဲ့ ကျန်းမာရေးပြဿနာတွေကို ဆောင်ယူလာတာပါပဲ။

လမ်းပိတ်ဆို့မှုကြောင့် ခံစားရနိုင်သည့် ကျန်းမာရေးပြဿနာများ

လမ်းတွေအရမ်းပိတ်လို့ ပင်ပန်းလိုက်တာဆိုတဲ့ ညည်းသံမျိုးမျိုး ရုံးတက်ချိန် ဒါမှမဟုတ် ရုံးဆင်းလို့ အိမ်ပြန်ရောက်ချိန်တိုင်းမှ ငြီးငြူဖြစ်ကြတယ်မဟုတ်လား။ ဒီလိုပင်ပန်းမှုတွေကို နေ့စဉ်ရက်ဆက်ကြုံနေရပြီဆိုရင် ကိုယ့်ကျန်းမာရေးကို ထိခိုက်လာမှာလားလို့ လူတိုင်း တွေးနေမိတတ်ပါတယ်။

ဒါပေမယ့် ဘယ်လိုတွေထိခိုက်မှာလဲဆိုတာကိုတော့ လူအတော်များများက တိတိကျကျရေရေရာရာ မသိတတ်ကြပါဘူး။ လမ်းပိတ်ဆို့မှုတွေကြောင့် အောက်ပါကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

နှလုံးရောဂါ

အဖြစ်စေနိုင်ဆုံးရောဂါက နှလုံးရောဂါလို့ ကာလီဖိုးနီးယားတက္ကသိုလ် (အာဗိုင်း) က ကျောင်းသားကျောင်းသူတွေရဲ့ လေ့လာချက်တွေက ဆိုပါတယ်။ နှလုံးရောဂါဟာ ယာဉ်မောင်းနှင်သူကိုရော၊ ယာဉ်စီးနင်းသူမှာပါ ဖြစ်နိုင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် စိတ်ပင်ပန်းဆင်းရဲမှုတွေနဲ့ ဒေါသထွက်မှုတွေဟာ ဒီပြဿနာရဲ့ အခြေခံအကြောင်းတရားဖြစ်ပါတယ်။

ဒါ့အပြင် ယာဉ်ကြောကျပ်တည်းနေချိန် ကိုယ့်အနီးဝန်းကျင်မှာရှိနေတတ်တဲ့ လေထုညစ်ညမ်းမှုကလည်း နှလုံးရောဂါစွဲကပ်စေတဲ့ နောက်ထပ် တွန်းအားတစ်ရပ်ဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့ချိန်တွေမှာ နှလုံးရပ်တာ၊ နှလုံးဖောက်ပြန်တာနဲ့ လေဖြတ်တာမျိုးတွေ ကြုံဆုံရနိုင်တယ်လို့ လေ့လာချက်တွေက ဖော်ပြထားပါတယ်။

အိပ်စက်မှုနှင့်ဆိုင်သော ကျန်းမာရေးပြဿနာများ

လမ်းပိတ်ရင် ပင်ပန်းတာကြောင့် အိပ်ချင်လာတတ်ပါတယ်။ ဒါပေမယ့် ဒီလိုအိပ်ပျော်မှုမျိုးက ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းမျိုးမဟုတ်ပဲ ပုံမှန်မဟုတ်တဲ့ အိပ်ပျော်တာမျိုးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ အိပ်သွားပေမယ့် နှစ်နှစ်ခြိုခြိုက်အိပ်ပျော်တာမျိုးမဟုတ်တာကြောင့် ကျန်းမာရေးကို အကျိုးမပြုသလို လူကိုလည်း ပိုပြီးပင်ပန်းနွမ်းနယ်စေပါတယ်။

စိတ်ဝေဒနာများ

ယာဉ်ကြောပိတ်ဆို့မှုဟာ ပူပင်တာ၊ သောကများတာ၊ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာနဲ့ စိတ်ဆိုးဒေါသထွက်တာလိုမျိုး စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ပိုပြီးဆိုးရွားစေတတ်ပါတယ်။ စိတ်ဝေဒနာတစ်စုံတစ်ရာ အခံရှိနေသူတွေအနေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ပိုပြီး စိတ်ပင်ပန်းရတတ်ပြီး ဝေဒနာကို ပိုမိုဆိုးရွားသွားစေလေ့ရှိပါတယ်။ ယာဉ်ကြောပိတ်ဆို့ချိန်တွေမှာ လူ့ခန္ဓာကိုယ်က အေဒရီနလင်းဟိုမုန်းတွေကို အများအပြားပိုမိုထုတ်လုပ်တတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ Traffic Stress လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟာ လူတွေကို ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတစ်ခုပါ။

အမျိုးအစား ၂ ဆီးချို

လမ်းပိတ်ဆို့မှုတွေနဲ့ အချိန်အကြာကြီး ဘတ်စ်ကား၊ ယာဉ်ရထားစီးစတာတွေကို စီးနင်းရတာတွေဟာ သွေးတိုးနဲ့ ဆီးချိုဝေဒနာတွေကိုလည်း ပိုအခြေအနေဆိုးစေတတ်ပါတယ်။ လေ့လာချက်တွေအရ သာမာန်အချိန်တွေထက် အချိန်အကြာကြီးယာဉ်ကြောပိတ်ဆို့ချိန်တွေမှာ ဆီးချိုပိုဆိုးလာဖို့ ဖြစ်နိုင်ခြေ ၂ ဆ ရှိပါတယ်တဲ့။

လေထုညစ်ညမ်းမှုနဲ့သက်ဆိုင်သောရောဂါများ

ကားတွေ ပိတ်ဆို့ ကြပ်ညပ်နေချိန်မှာ အများဆုံးရင်ဆိုင်ရနိုင်တာက လေထုညစ်ညမ်းမှုပါပဲ။ လေထုညစ်ညမ်းမှုဟာ သာမန်ပြဿနာတစ်ခုမဟုတ်ပါဘူး။ တစ်နှစ်မှာ လူ ၃ ဒဿမ ၇ သန်း သေဆုံးအောင် ဒုက္ခပေးနေတဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုပါ။ အဲ့ဒီလို သေဆုံးသူတွေထဲမှာ ယာဉ်ကြောပိတ်ဆို့မှုကနေတဆင့် လေထုညစ်ညမ်းတာကြောင့် ကျန်းမာရေးထိခိုက်သွားသူတွေလည်း ပါဝင်နေတာကို မမေ့သင့်ပါဘူး။

လေထုညစ်ညမ်းမှုကြောင့် အဆုပ်ကင်ဆာ၊ ရင်ကြပ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ကိုယ့်မှာရောဂါအခံရှိထားရင်တော့ အခြေအနေပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့နေချိန်မှာ သာမန်အချိန်တွေထက် လေထုညစ်ညမ်းမှု ၂၉ ဆ ပိုများတတ်တာကြောင့် ဘယ်လောက်ဆိုးရွားနိုင်သလဲ တွေးဆကြည့်နိုင်ပါတယ်။

အခြားပြဿနာများ

လမ်းပိတ်ဆို့မှုတွေကြောင့် နောက်ထပ်ရင်ဆိုင်ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့

    • ဘက်တီးရီးယားပိုအခြေခံ ကူးစက်ရောဂါတွေ ကူးစက်နိုင်တာ၊
    • အသံဆူညံမှုတွေကြောင့် ကိုယ်ဝန်ကို ထိခိုက်နိုင်ခြေမြင့်မားတာ၊
    • အကျိုးပြုဟိုမုန်း ထုတ်လုပ်မှုကို ထိခိုက်စေတာ၊
    • အစာခြေစနစ်ကို ထိခိုက်စေတာ စတာတွေပဲဖြစ်ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် အချိန်၊ ငွေနဲ့ စိတ်ခွန်အားတွေကိုလည်း ဆုံးရှုံးစေပါတယ်။ ဒါကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုဟာ ထိခိုက်နစ်နာမှုအများဆုံး အများပြည်သူဆိုင်ရာ ပြဿနာတစ်ရပ်လို့ ရည်ညွှန်းခံနေရတာဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicalnewstoday.com/articles/312570

https://www.universityofcalifornia.edu/news/how-traffic-jams-affect-heart-health#:~:text=student%20Sharine%20Wittkopp%20contributes%20to,reside%20near%20traffic%2Dprone%20areas.

https://www.ibtta.org/sites/default/files/The%20Public%20Health%20Costs%20of%20Traffic%20Congestion.pdf

https://www.longdom.org/proceedings/traffic-congestion–long-driving-hours-impact-on-stress-emotional-and-physical-health-among-drivers-in-sharjah-8416.html

https://www.ncbi.nlm.nih.gov/pmc/articles/PMC4243514/

ယခုပုံစံ

31/08/2020

Ye Zon Aung မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေယာဉ်အကြာကြီး စီးဖို့အတွက် ဒါတွေကို ပြင်ဆင်ထားပါ

ယာဉ်မောင်းခြင်းနှင့် ကျန်းမာရေး



Ye Zon Aung မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement