လိင်တူချစ်ခြင်းဟာ စိတ်ရောဂါလား ….. ၂၁ ရာစုရဲ့ ဆယ်စုနှစ်တစ်ခု ကုန်ဆုံးပြီးသွားတဲ့နောက်မှာ အရာရာက ပွင့်လင်းမြင်သာလာပါပြီ။ လိင်တူ ချစ်ခြင်းတွေကိုလည်း ကြည်ကြည်သာသာ လက်ခံပေးလာကြပါပြီ။
ဒါပေမဲ့ တချို့တွေရဲ့ အမြင်မှာတော့ လိင်တူ ချစ်ခြင်းဟာ သဘာဝတရားနဲ့ လွန်ဆန်နေတုန်းပါပဲ။ လက်မခံကြတဲ့ သူတွေအဖို့ LGBT တွေရဲ့ ဖြစ်တည်မှုဟာ မုန်းစရာ၊ ရွံစရာ၊ ရှောင်ဖယ်စရာ ဖြစ်နေဆဲပါ။
သူတို့အမြင်အရတော့ ရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှုအရ ပြုပြင်ပေးလို့ ရတယ်၊ တစ်နည်းအားဖြင့် လိင်ကွဲတွေနဲ့ ပေးစားလိုက်ရင် ကုသလို့ ရနိုင်တဲ့၊ ပုံမှန်ပြန်ဖြစ်သွားနိုင်တဲ့ စိတ်ရောဂါတစ်မျိုးလို့ သတ်မှတ်ထားကြတာပါ။ ဒါဖြင့် လိင်တူချစ်သူတွေအပါအဝင် LGBT တွေဟာ စိတ်ရောဂါ ဝေဒနာရှင်တွေလား။
လိင်တူချစ်ခြင်းဟာ စိတ်ရောဂါလား
လိင်တူချစ်ခြင်းဟာ စိတ်ရောဂါလား ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ ၁၉၅၀၊ ၆၀ ပြည့်နှစ်တွေတုန်းက လိင်တူချစ်သူ အမျိုးသားတွေကို ဆေးတိုက်ခြင်း၊ လျှပ်စစ်နဲ့ ရှော့ခ်တိုက်ခြင်း၊ အော့အန်စေဖို့ ဆေးပေးခြင်းတွေကို ကုသမှုအဖြစ် ပြုလုပ်ခဲ့ကြပြီး လူနာတွေ လုံးဝ မခံနိုင်လောက်တဲ့ထိ ကုသပြီးတဲ့အခါမှာ ကိုယ်လုံးတီး အမျိုးသမီးပုံတွေ ပြခြင်း နဲ့ ငယ်ရွယ်တဲ့ သူနာပြုဆရာမလေးတွေနဲ့ ဒိတ်လုပ်ခိုင်းခြင်း စတာတွေထိ ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီ ရက်စက်တဲ့ နည်းလမ်းတွေဟာ တစ်ခုမှ အလုပ်မဖြစ်ခဲ့တာ ကျိန်းသေပါပဲ။ ၁၉ ရာစုတုန်းက လိင်တူချစ်ခြင်းဟာ Sin (မကောင်းမှု၊ အပြစ်) တစ်ခုလို့ သတ်မှတ်ခဲ့ကြပြီး ၁၉၆၈ မှာတော့ လိင်တူချစ်ခြင်းဟာ စိတ်ဝေဒနာအဖြစ် အဆင့်လျော့လာခဲ့ပါတယ်။
သိပ္ပံနည်းကျ စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာလည်း လိင်တူချစ်သူတွေ နဲ့ လိင်ကွဲချစ်သူတွေရဲ့ အပြုအမူ၊ အပြောအဆို၊ ဉာဏ်ရည်ဉာဏ်သွေး၊ ပညာရေး၊ အတွေးအခေါ်၊ ခံစားချက်တွေနဲ့ နေထိုင်ပုံတွေဟာ ကွဲပြားမနေဘဲ သဘာဝအတိုင်းသာ ဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
၁၉၇၃ ခုနှစ်မှာတော့ American Psychiatric Association (APA) က ညီလာခံ တက်ရောက်လာတဲ့သူတွေဆီကနေ လိင်တူချစ်ခြင်းကို စိတ်ဝေဒနာထဲ ထည့်သင့်၊ မထည့်သင့် မဲစာရင်း ကောက်ခံခဲ့ရာမှာ ၅,၈၅၄ ယောက်သော စိတ်ရောဂါကု ဆရာဝန်တွေက စိတ်ဝေဒနာမဟုတ် လို့ မဲပေးခဲ့ကြပြီး ၃,၈၁၀ ကတော့ စိတ်ဝေဒနာ စာရင်းထဲထည့်ဖို့ မဲပေးခဲ့ကြပါတယ်။
ဒါနဲ့ပဲ လိင်တူချစ်သူတွေဟာ စိတ်ဝေဒနာရှင်တွေ အဖြစ်ကနေ “sexual orientation disturbance” – လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှု အနှောင့်အယှက်ရှိနေသူတွေအဖြစ် ပြောင်းလဲ အသုံးပြုခြင်း ခံခဲ့ရပါတယ်။ ၁၉၈၇ ခုနှစ်မှာတော့ လိင်တူချစ်ခြင်းဟာ စိတ်ဝေဒနာတစ်ခု အဖြစ်ကနေ အလုံးစုံ လွတ်မြောက်ခဲ့ပါတယ်။
WHO ကတော့ ၁၉၉၂ ခုနှစ်မှသာ လိင်တူချစ်ခြင်းကို ICD classification ကနေ ဖယ်ရှားခဲ့ပြီး ခုချိန်မှာတော့ ကမ္ဘာအနှံ့အပြားမှာ LGBT တွေရဲ့ ဖြစ်တည်မှုတွေကို လက်ခံနိုင်လာကြပါပြီ။ တင်းကြပ်တယ်ဆိုတဲ့ နိုင်ငံတချို့မှာတောင် လိင်တူ လက်ထပ်ခြင်းတွေကို တရားဝင် ခွင့်ပြုခဲ့ကြပါပြီ။
လိင်တူချစ်ခြင်းဟာ သဘာဝအတိုင်းသာ ဖြစ်ပြီး စိတ်ဝေဒနာ တစ်ခု မဟုတ်ဘူးဆိုတာ သိပ္ပံပညာက လက်ခံထားသလို အရပ်ထဲမှာ ပြောနေကြတဲ့ တိရစ္ဆာန်တွေတောင် ဒီလို မလုပ်ဘူးဆိုတာကလည်း မှားယွင်းနေပါတယ်။
တိရစ္ဆာန် မျိုးစိတ်တွေမှာလည်း လိင်တူ ချစ်ခြင်းတွေ ရှိနေပါတယ်။ တောရိုင်းတိရစ္ဆာန်တွေမပြောနဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်က ကြောင်လေး၊ ခွေးလေးတွေမှာတောင် လိင်တူ ချစ်စိတ်တွေ ဖြစ်ကြတာကို တွေ့မြင်နေကြရတာ မဟုတ်လား။
ဒါဟာ သဘာဝပါပဲ။ တားမြစ်လို့ မရသလို ပြုပြင်ပြောင်းလဲလို့လည်း မရပါဘူး။ လိင်တူချစ်ခြင်းက စိတ်ဝေဒနာ မဟုတ်ပေမဲ့ လိင်တူချစ်သူတွေကတော့ စိတ်ဝေဒနာ ရဖို့ လွယ်ကူတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။
ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြောင့်ပါပဲ။ မိသားစုက လက်မခံနိုင်တာ၊ ပတ်ဝန်းကျင်က ရှောင်ဖယ်တာ၊ နှိမ့်ချဆက်ဆံတာတွေနဲ့ ခွဲခြားခံရတာတွေက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအများကြီး ဖြစ်စေဖို့ တွန်းအားတွေပါ။
လိင်တူချစ်သူဖြစ်ခြင်း၊ LGBT ဖြစ်ခြင်းဟာ ရှက်စရာ မဟုတ်ပါဘူး။ ခွဲခြားဆက်ဆံခံရစရာလည်း မလိုပါဘူး။ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကို လျစ်လျူရှုပြီး စိတ်ဓာတ်မကျဘဲ မြင့်သည်ထက် မြင့်အောင် ကြိုးစားမယ်ဆိုရင် အောင်မြင်မှုတွေက နီးနီးလေးမှာပါ။
ကိုယ့်ကိုယ်ကိုသာ အားကိုးရာပါပဲ။ ဘာအတွက်ကြောင့်မှ ခွဲခြားဆက်ဆံ မခံပါနဲ့။
Wathun Myet Chal
[embed-health-tool-bmi]