အထီးကျန်ခြင်းကပေးတဲ့ ကျန်းမာရေးဝေဒနာ


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အထီးကျန်ခြင်းကပေးတဲ့ ကျန်းမာရေးဝေဒနာ

    အထီးကျန် သိမ်ငယ်မှုများစွာရယ်…မင်းမရှိတဲ့ရက်တွေထဲ ငါတစ်ယောက်တည်းအားတွေငယ်…

    လူကြိုက်များတဲ့ စိုင်းစိုင်းသီချင်းကို ခံစားချက်အပြည့်နဲ့ လိုက်ဆိုမိသူတွေအများကြီးရှိမှာပါ။ မှန်ပါတယ်။ အထီးကျန်စိတ်ဝင်နေပြီဆိုတာနဲ့ အားငယ်လာတာ၊ ဝမ်းနည်းလာတာ၊မျှော်လင့်ချက်မဲ့လာတာ၊ပျော်စရာကင်းမဲ့လာတာမျိုး ခံစားမိတတ်ကြပါတယ်။ ဒါပေမယ့် အသည်းကွဲတဲ့သူပဲဖြစ်ဖြစ် အခုထိ မစွံသေးတဲ့ FAတွေဖြစ်ဖြစ် အဖီးလ်တစ်လိုင်းဘဝမှာ ပျော်မွေ့မနေဘဲ အထီးကျန်စိတ်ကို တတ်နိုင်သလောက် ဖြေဖျောက်သင့်ပါတယ်။

    ဘာလို့လဲသိလား။ အထီးကျန်ခြင်းက စိတ်ထိခိုက်ရုံတင်မကဘဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ဆိုးကျိုးတွေပေးနိုင်လို့ပါပဲ။ ကျန်းမာရေးကို ဘယ်လိုထိခိုက်လာနိုင်လဲ ကြည့်ရအောင်။

    ကိုယ်ခံအားစနစ်

    အထီးကျန်ဝေဒနာအချိန်ကြာလာရင် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုအားနည်းစေနိုင်ပါတယ်။ ရောဂါတွေကိုတိုက်ထုတ်ဖို့ ခက်ခဲစေနိုင်တာပေါ့။ အထီးကျန်ဝေဒနာကြောင့် စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်ကဟော်မုန်းတွေထုတ်ပေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ စိတ်ကြောင့်ပဲ ဘုန်းဘုန်းလဲတာမျိုးအထိဖြစ်လာနိုင်ပါတယ်။

    သွေးတိုး

    အထီးကျန်စိတ်ကြောင့် ဖိစီးနေတဲ့အခါ ၊အထူးသဖြင့် နှစ်နဲ့ချီအောင်ကြာမြင့်နေတဲ့အခါ သွေးဖိအားက မြင့်တက်လာနိုင်ခြေပိုများတယ်။ ဒီစိတ်ကြောင့်ချည်းပဲဖြစ်ရတာမဟုတ်ပေမယ့် တခြားအကြောင်းရင်းတွေထဲမှာမှ အတော်သက်ရောက်မှုများတဲ့အချက်ဖြစ်ပါတယ်။

    ကိုယ်လက်လှုပ်ရှားမှု

    လှုပ်လှုပ်ရှားရှားနေတတ်တဲ့နေထိုင်မှုပုံစံက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ်။ အထီးကျန်တယ်လို့ခံစားနေရတဲ့အခါ ဘာကိုမှမလုပ်ချင်တော့ဘဲ မှိုင်တွေတွေဖြစ်နေမှာလား။ မလုပ်ပါနဲ့။ သူငယ်ချင်းတွေနဲ့တွေ့ပါ၊လမ်းလျှောက်ထွက်ပါ၊ ဂျင်မ်သွားပါ၊ အားကစားတစ်ခုခုသွားလုပ်ပါ။ တစ်ပတ်ကိုအနည်းဆုံး ၂ နာရီခွဲလောက်တော့ လှုပ်ရှားမှုရအောင်လုပ်ပါ။

    စိတ်ပိုင်းဆိုင်ရာ စွမ်းရည်

    အထီးကျန်စိတ်နဲ့ ဖီးလ်နေပြီဆိုရင်ပြဿနာဖြေရှင်းနိုင်စွမ်းကျဆင်းလာတယ်၊ မှတ်ဉာဏ်တွေထိခိုက်လာတယ်(ဖီးလ်ခဲ့ရတဲ့အကြောင်းအရာတွေပဲကွက် မှတ်မိတတ်တာကလွဲလို့)၊ စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေ ဆုတ်ယုတ်လာစေနိုင်ပါတယ်။နောက်ပြီး အထီးကျန်ဝေဒနာခံစားနေရသူတွေမှာ အယ်ဇိုင်းမားလို ဦးနှောက်ရောဂါဖြစ်နိုင်ခြေပိုများပါတယ်။

    နှလုံးကျန်းမာရေး

    ဘဝမှာ အထီးကျန်လေ နှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အခြေအနေတွေရှိလာနိုင်ခြေပိုများလေဖြစ်ပါတယ်။ နှလုံးသွေးကြောရောဂါဖြစ်လာနိုင်ခြေပိုများပါတယ်။ အထီးကျန်တယ်လို့ ခံစားရရင်ဆေးလိပ်သောက်မယ်၊ အရက်သောက်မယ်၊ စိတ်ကျမယ်၊ လှုပ်ရှားတက်ကြွမှုနည်းမယ်၊စတဲ့ ကျန်းမာရေးထိခိုက်စရာအနေအထားတွေလုပ်မိတာများပါတယ်။

    စိတ်ကျရောဂါ

    စိတ်ထောင်းရင် ကိုယ်ကြေတာ သဘာဝပါပဲ။ တစ်ယောက်တည်းလို့ ခံစားရရင် ဘဝမှာမကောင်းတာတွေပဲထိုင်တွေးပြီး စိတ်ဓါတ်ကျလာနိုင်ပါတယ်။ စိတ်ဓါတ်ကျလေ တစ်ယောက်တည်းသီးခြားဖြစ်လေဖြစ်ပြီး ပိုဆိုးစေပါလိမ့်မယ်။ စိတ်ကျရောဂါပိုဆိုးလာရင် ကိုယ့်အသက်အန္တရာယ်ကိုပါ ကိုယ်ရန်ရှာတဲ့အထိ အရာရာကိုစိတ်ကုန်သွားနိုင်ပါတယ်။

    ကိုယ်အလေးချိန်

    စိတ်ပင်ပန်းနေတဲ့အချိန်မှာ ကိုယ်အလေးချိန်ပိုတိုးစေနိုင်ပါတယ်။ ဘာကြောင့်လဲ။ ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ဖို့ ကျန်းမာရေးအတွက်ကောင်းတာရော၊ မကောင်းတာရော အကုန်လုံးကို ပုံမှန်ထက်ပိုပြီးစားမိပါရော။ စိတ်ဖိစီးမှုလေ ပိုစားလေ ပိုဝလေဖြစ်လာနိုင်ပါတယ်။

    အိပ်စက်ခြင်း

    အထီးကျန်စိတ်နဲ့ အိပ်မရတာ၊ အိပ်ရေးမဝတာတွေဖြစ်နေရင်နောက်နေ့မှာ ဘာကိုမှအာရုံမစိုက်နိုင်တော့ဘဲ စိတ်ကလည်းမကြည်တော့ပါဘူး။ ကြာလာရင် ဆီးချို၊သွေးတိုး၊ နှလုံးရောဂါ၊ စိတ်ကျရောဂါနဲ့ အဝလွန်ခြင်းတွေ ဖြစ်လွယ်စေပါတယ်။

    ဘယ်လိုဖြေဖျောက်မလဲ

    လူတစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲ။ သိပ်မပွင့်လင်းတဲ့သူတွေဆို ပွင့်လင်းသူတွေထက် ပိုအချိန်ယူရပါလိမ့်မယ်။ တခြားသူတွေနဲ့ သီးခြား ကိုယ်တစ်ယောက်တည်းဖြစ်နေတယ်ဆိုတဲ့ခံစားနေရတယ်ဆို ပြဿနာရှိနေပါတယ်။ အကောင်းဆုံးက အများနဲ့ကွဲထွက်ပြီး တစ်ယောက်တည်းသိပ်မနေပါနဲ့။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ လိုက်လျောညီထွေနေပါ။

    လူတွေနဲ့ဆက်သွယ်နိုင်ဖို့ နည်းလမ်းတွေရှာဖွေပါ။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ အဆင်မပြေရင် ပရိဟိတလုပ်တာဖြစ်ဖြစ် အသင်းအဖွဲ့နဲ့လုပ်ရတဲ့အလုပ်တွေ ပါဝင်ပါ။ မိသားစုနဲ့ စကားပြောပါ၊ အချိန်ပေးပြီး အတူဖြတ်သန်းပါ။ ယုံကြည်ရလောက်တဲ့တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။နောက်ဆုံး ဘယ်သူမှမရှိရင် တရားထိုင်၊ စိတ်ငြိမ်အောင်လေ့ကျင့်တာက အနည်းဆုံးတော့ အတွေးဆိုးတွေမဝင်တော့ဘူးပေါ့။ ပုံမှန်လှုပ်ရှားပါ၊ မှန်အောင်အိပ်ပါ၊ စိတ်အားတက်စေမယ့်အစားအစာတွေစားပါ။ အထီးကျန်စိတ်ကို အနိုင်ယူတိုက်ထုတ်ပစ်လိုက်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement