backup og meta

နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ

    နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ ဆိုလို့ ခေါင်းမရှုပ်သွားပါနဲ့။ တကယ်တော့ ပြောချင်တာက နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံဆိုတာ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ နှံစားသီးနှံတွေ နဲ့ အဆီများတဲ့ ပင်လယ်ငါးတွေ ပါဝင်အောင် စားသုံးတဲ့ စားသောက်မှုပုံစံကို ဆိုလိုတာပါ။ နှလုံးအတွက် အကျိုးရှိမယ့် စားသောက်မှုပုံစံပေါ့။ ဒီလို စားသောက်မှုမှာ ပြုပြင်ထားတဲ့ အစားအစာတွေ၊ သကြားနဲ့ ဆားပါဝင်မှု များတဲ့ အစားအစာတွေကိုတော့ မထည့်သွင်းသင့်ပါဘူး။ အကြောင်းကတော့ ဒီအစားအစာတွေက နှလုံး ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ပါ။

    ဒီဆောင်းပါးလေးထဲမှာ နေ့စဉ်ဘဝမှာ ကျန်းမာပေါ့ပါးစွာ လှုပ်ရှားနိုင်စေဖို့အတွက် နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ အကြောင်းလေး ဝေမျှပေးချင်ပါတယ်။

    နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ

    နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ

    နှလုံး ကျန်းမာစေဖို့ ဆိုရင် နေ့စဉ် စားသောက်မှုကို အခုပြောပြမယ့် အချက်လေးတွေအတိုင်း လိုက်လုပ်ပေးရင်ရပါတယ်။

    ထည့်သွင်းစားသုံးရမယ့် စားစရာတွေ

    နှလုံး ကျန်းမာစေဖို့ အတွက် နေ့စဉ် စားသုံးမှုမှာ နှလုံးကျန်းမာရေးကို ထောက်ကူပေးတဲ့ အစားအစာတွေဖြစ်တဲ့

    • သစ်သီးတွေ
    • ဟင်းသီးဟင်းရွက်တွေ
    • ကောက်နှံတွေ
    • အဆီများတဲ့ ပင်လယ်ငါး
    • အခွံမာသီးတွေ
    • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို စားသုံးပေးဖို့လိုပါမယ်။

    ဒီလိုစားသောက်မှုပုံစံက နှလုံး ကျန်းမာစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    ဘယ်လောက် ပမာဏ စားသုံးရမလဲ

    ထည့်သွင်းစားသုံးရမယ့် အရာတွေကို သိပြီးပြီဆိုတော့ ဘာတွေကို ဘယ်လောက်ပမာဏ စားသုံးပေးရမလဲ ဆိုတာကို ဆက်ပြီး ပြောပြပေးချင်ပါတယ်။

    အရောင်အသွေးစုံလင်အောင် စားပါ။ နေ့စဉ်မှာ အစိမ်းရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အဝါရောင်လိုမျိုး အရောင်စုံလင်တဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ အပင်ကနေရတဲ့ အစားအစာတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

    သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေက နှလုံး ကျန်းမာစေဖို့ မပါမဖြစ်တဲ့ အစားအစာတွေပါ။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံး ကျန်းမာစေနိုင်ပါတယ်။ တစ်နေ့ကို သစ်သီးကို ၂ ခွက်ခွဲစာလောက် စားပေးပါ။ ကစီဓာတ် နည်းတာတွေကို ရွေးချယ်စားသုံးဖို့ မမေ့ပါနဲ့။

    အဆီများတဲ့ ပင်လယ်ငါးလို့ ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်က ရောင်ရမ်းမှုတွေကို သက်သာစေပြီး နှလုံးကို ကျန်းမာစေနိုင်တဲ့ omega-3 fatty acids ကြွယ်ဝတဲ့ ငါးကို ဆိုလိုတာပါ။

    တစ်ခါစားရင် ၃.၅ အောင်စနှုန်းနဲ့ တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးတာ နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    omega-3 fatty acids ကြွယ်ဝတဲ့ ငါးတွေကတော့

    🙂 ဆယ်လ်မွန်

    🙂 မက်ကာရယ်

    🙂 ဆာဒင်း

    🙂 ထရောက်ငါး

    🙂 တူနာ စတာတွေပါ။

    ကောက်နှံဆိုတာက ဆန်တွေ၊ ဂျုံတွေကို ဆိုလိုချင်တာပါ။ ဒါပေမယ့် သန့်စင်ထားတာမျိုးတော့ မဟုတ်ပါဘူး။ အုတ်ဂျုံ၊ ဂျုံကြမ်းစတာတွေက နှလုံးသွေးကြောရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ဂျုံကြမ်း ပေါင်မုန့်လိုမျိုး အရာတွေကို ထည့်သွင်း စားသုံးပေးလို့ ရပါတယ်။ ပန်းကန်ရဲ့ ၃ ချိုး ၁ ချိုးစာလောက် စားသုံးပေးပါ။

    အခွဲမာသီးတွေ၊ အစေ့အဆန် နဲ့ ပဲအမျိုးမျိုးက နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးမှာပါ။

    🙂 အခွံမာသီးတွေ – သစ်ကြားသီး၊ အယ်လ်မွန်သီး၊ ဘရာဇီးနက်ခ်၊ သီဟိုဠ်စေ့တွေပါ။

    🙂 အစေ့အဆန်တွေ – နှမ်းကြတ်စေ့၊ နေကြာစေ့၊ ဖရုံစေ့၊ chia စေ့တို့ပါ။

    🙂 ပဲအမျိုးမျိုး – ပဲနီလေး၊ ပဲလွန်း၊ ဆင်ခေါင်းပဲ၊ ဘိုကိတ်ပဲတို့ပါ။

    နေ့စဉ် စားသုံးမှုမှာ တစ်ခွက်စာ ကနေ ၂ ခွက်စာလောက်အထိ စားပေးလို့ ရပါတယ်။

  • အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေ
  • အဆီများတာတွေ အထူးသဖြင့် ပြည့်ဝဆီ များတာတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေ များစေပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ပြည့်ဝဆီ ပါဝင်မှု နည်းစေဖို့ အဆီထုတ်ထားတဲ့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကိုပဲ စားသုံးပေးပါ။

    ဒါတွေ မစားပါနဲ့

    နှလုံး ကျန်းမာစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ ဒီအစားအစာလေးတွေကို မထည့်ဖို့ လိုပါမယ်။ ဒါတွေကတော့

    အနီရောင် အသားက ပြည့်ဝဆီ ပါဝင်မှု များသလို ပြုပြင်ထားတဲ့ အသားတွေကလည်း ပြည့်ဝဆီနဲ့ ဆိုဒီယမ် ပါဝင်မှု များပါတယ်။ ဒီအသားတွေနေရာမှာ အပင်ကနေရတဲ့ ပရိုတင်းကို အစားထိုး ဖြည့်စွက် စားသုံးတာက နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ အနီရောင်အသားကို စားမယ်ဆိုရင် အဆီမပါတာကို စားနိုင်ပါတယ်။

    အားဖြည့်အချိုရည်တွေနဲ့ ဆော်ဒါလိုမျိုး သောက်စရာတွေမှာ အချိုတွေ လွန်လွန်ကဲကဲ ပါဝင်နေပါတယ်။ ဒီအစားအစာတွေက ကိုယ်အလေးချိန်ကို တက်စေပြီး နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အချိုတွေကို အလွန်အကျွံမစားမိဖို့ လိုပါတယ်။

    ပြုပြင်ထားတဲ့ အစားအစာတွေမှာ သကြားတွေ၊ ဆားတွေ၊ အသွင်ပြောင်း အဆီ၊ ပြည့်ဝဆီနဲ့ ဆိုးဆေးတွေ လွန်ကဲစွာ ပါဝင်နေတာကြောင့် နှလုံး ထိခိုက်စေနိုင်ပါတယ်။

    • သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်

    သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်မှာ အမျှင်ဓာတ် ပါဝင်မှု နည်းတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်စွမ်း နည်းပါတယ်။ ဒါကြောင့် အင်ဆူလင် တုံ့ပြန်မှု မကောင်းတာ၊ ကိုယ်အလေးချိန် တက်တာတွေကို ဖြစ်စေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ခံစားရနိုင်ပါတယ်။

    • အယ်လ်ကိုဟော

    အရက်သောက်တတ်တယ်ဆိုရင်လည်း လျှော့သောက်ပါ။ ဖြစ်နိုင်ရင်တော့ မသောက်တာ အကောင်းဆုံးပါ။ အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို တစ်ယူနစ်ထပ် ပိုပြီး မသောက်သင့်ပါဘူး။ အမျိုးသားတွေဆိုရင်တော့ တစ်နေ့တာကို ၂ ယူနစ်ထပ်မပိုစေဘဲ သောက်သင့်ပါတယ်။

    အရက်လျှော့သောက်တာက နှလုံးကျန်းမာရေးကို ဂရုစိုက်တာပါပဲ။

    • ဆား

    ဆား နဲ့ အငန်ဓာတ်တွေ အလွန်အကျွံ စားသုံးတာက သွေးတိုးစေပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်စေပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ဆားလျှော့စားပါ။

    နှလုံးကျန်းမာစေဖို့

    နှလုံး ကျန်းမာစေဖို့ဆိုရင်
    • ပြုပြင်ထားတဲ့ အစားအစာတွေ ရှောင်ပါ
    • အချိုများတာတွေကို အလွန်အကျွံ မစားပါနဲ့
    • သစ်သီး နဲ့ ဟင်းသီးဟင်းရွက် များများစားပါ
    • အနီရောင် အသား နဲ့ ပြုပြင်ထားတဲ့ အသားတွေ လျှော့စားပါ
    • အဆီလျှော့ထားတဲ့နို့ နဲ့ နို့ထွက်ပစ္စည်းပဲ စားသောက်ပါ
    • တစ်ပတ်ကို ငါး တစ်ကြိမ်ကနေ ၃ ကြိမ် ပါဝင်အောင် စားပါ
    • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီ​ကို စားပါ [သံလွင်ဆီ၊ ထောပတ်သီးဆီ]
    • အခွံမာသီး၊ အစေ့အဆန်၊ ပဲအမျိုးမျိုး ပါအောင် စားပါ
    • အယ်လ်ကိုဟော လျှော့ပါ။

    # ကျန်းမာစေမယ့် နေထိုင်မှုပုံစံ

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement