home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

လူနာတွေ ဘာကြောင့် လိမ်ပြောတာလဲ။

လူနာတွေ ဘာကြောင့် လိမ်ပြောတာလဲ။

ဒီလိုပြောတော့ စိတ်ဆိုးကြမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဆရာဝန်တစ်ယောက်အနေနဲ့ကတော့ လူနာဆီက အလိမ်ခံရတာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ လိမ်သွားတယ်ဆိုတာ ငွေရေးကြေးရေးအရ လိမ်သွားတာကို ပြောတာမဟုတ်ပါဘူး။ ရောဂါကုသတဲ့ နေရာမှာ ရောဂါရာဇဝင်ကို ဖြေကြားတဲ့နေရာမှာ အချက်အလက်တွေ ထိန်ချန်တာ၊ လိမ်လည်ပြောဆိုတာမျိုးပါ။ ဒီလိုတွေ ရှိလာတဲ့အတွက် ရောဂါကုသတဲ့နေရာမှာ မလိုအပ်ဘဲ ကြန့်ကြာတာ၊ ရောဂါအမည်တပ်မှားတာတွေ ဖြစ်တတ်ပါတယ်။ နောက်ဆုံးအနှစ်ချုပ်လိုက်တော့ လူနာပဲ ထိခိုက်ရတာပေါ့။

စာရင်းဇယားတွေအရတော့ လူနာ၁၀ယောက်မှာ ၈ယောက်က ကိုယ့်ရောဂါအခြေအနေနဲ့ ပတ်သတ်ပြီး လိမ်ပြောတတ်ပါတယ်တဲ့။ အနီးစပ်ဆုံး ပြောရရင် ဒီကိုဗစ်ကာလအတွင်းမှာပဲ ခရီးသွား ရာဇဝင်လိမ်လည်ခဲ့တဲ့သူတွေ ရှိနေတာပဲလေ။ ဆေးရုံတက်ရတဲ့အချိန်အထိ မပြောဘဲ ဖုံးကွယ်ထားတာတွေတောင် ရှိခဲ့တာဆိုတော့ သာမန်အချိန်တွေမှာဆို ပြောစရာတောင် မလိုပါဘူး။ လူနာတွေ ဘာကြောင့်များ လိမ်ကြတာပါလိမ့်။ ဆက်ကြည့်ရအောင်။

  • ဆရာဝန်ကို ကြောက်လို့

ဒါတွေရဲ့အစက ဆရာဝန်ကို အဆင့်မြင့် လူတစ်ဦးလို့ မြင်တာက စတာပါပဲ။ ဆရာဝန်ဆိုတာ ဆေးပညာကျွမ်းကျင်တဲ့ သာမန်လူသားတစ်ဦးပါပဲ။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေနဲ့ မခြားပါဘူး။ သူတို့နဲ့ စကားပြောတဲ့အခါ သက်သောင့်သက်သာ ပြောလို့ရပါတယ်။ ဆရာဝန်က တစ်ခုခုမေးလိုက်တိုင်းမှာ သေချာနားမလည်လိုက်ဘဲနဲ့ အင်း လုပ်လိုက်တာတွေ အများကြီးပါ။ ဒီလိုနားမလည်ဘဲ နားလည်ချင်ယောင်ဆောင်လိုက်ရင်၊ ကိုယ်မခံစားရတဲ့ လက္ခဏာတစ်ခုကို ရှိပါတယ်လို့ဖြေလိုက်တာဟာ ကုသရေးမှာ အများကြီးကွာသွားပါတယ်။

အထူးသဖြင့် အရေးပေါ်ဌာနလိုနေရာမျိုးမှာပေါ့။ လူမစောင့်ချင်ဘူး။ သူများထက်ပိုပြီး အရင်ကုချင်တယ်ဆိုရင် ရောဂါကို ချဲ့ပြီး ပြောတတ်ပါတယ်။ နည်းနည်းနာလည်း များများနာတယ်။ မမောလည်း မောချင်ယောင်ဆောင်တယ်။ အမျိုးမျိုးပေါ့။ ဥပမာ တစ်နေရာတည်းနာတာကို ဗိုက်တစ်ပြင်လုံးနာပါတယ်လို့ ပြောတဲ့အခါ စဉ်းစားရတဲ့ ရောဂါက ပြောင်းသွားတာပေါ့။ လူနာခံစားရတာကို လူနာပြောမှ ဆရာဝန်က သိရတာဆိုတော့ ဒါက အရေးကြီးပါတယ်။

  • ဆေးမကုချင်တာ

ဒါက ခုနဟာနဲ့ ပြောင်းပြန်ပါ။ မေးမြန်း စစ်ဆေးပြီးလို့ ရောဂါအခြေအနေအရ ခွဲစိတ်ရတာမျိုး၊ စျေးကြီးတဲ့နည်းလမ်းတွေနဲ့ ကုရတာမျိုး ဖြစ်လာတဲ့အခါ ကြောက်လန့်ပြီး ခုနက ပြောခဲ့တာတွေ တစ်ခုမှ မဖြစ်တော့ဘူး။ နေကောင်းသွားပြီဆိုတာမျိုး၊ ဒီလောက်နာတာလည်း မဟုတ်ပါဘူး ဆိုတာမျိုး ဖြစ်သွားတတ်ပါတယ်။

  • ဆေးတွေ အများကြီး သောက်ရမှာစိုးလို့

အထူးသဖြင့် ဆီးချို သွေးတိုးရောဂါတွေမှာပေါ့။ အစားအသောက်တွေ ဆင်ခြင်ပြီး ဆေးကို ပုံမှန်သောက်ရမယ့် ကိစ္စမှာ လူနာရဲ့ ပြောသမျှဟာ အရေးပါပါတယ်။ ဆေးထိုးမှာ စိုးလို့၊ ဆီးချိုသမားတွေဆိုရင်လည်း အင်ဆူလင်ထိုးရမှာ စိုးလို့ ဆေးတွေလည်း သောက်တယ်။ အစားတွေလည်း ဆင်ခြင်တယ်။ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်တယ်ပြော။ ဆီးချိုဖောက်ကြည့်တော့ မိုးထိုးနေရင် ဆရာဝန်အနေနဲ့ အဖြေရှာရခက်ပါတယ်။ လူနာက သေချာ လိုက်နာရဲ့သားနဲ့ ဘာလို့ဒီလိုဖြစ်ရတာလဲဆိုပြီး မလိုအပ်တဲ့ ဆေးစစ်ဆေးမှုတွေ လုပ်ရတတ်ပါတယ်။ လိုအပ်တဲ့ ကုသမှုလည်း မရတော့ပါဘူး။

  • ဆူခံရမှာစိုးလို့

ဆရာဝန်က ဒါတွေလုပ်ပါ၊ ဒီဆေးတွေ သောက်ပါလို့ မှာလိုက်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့မယ်။ ဆရာဝန်က မေးလိုက်တော့ လုပ်လာတယ်ပဲ ပြောတယ်။ ရောဂါအခြေအနေက မတိုးတက်ဘူး။ သေချာမေးတော့မှ ဆူခံရမှာစိုးလို့တဲ့။ တကယ်တော့ ဆူတယ်ဆိုတာကလည်း သင့်ကို မုန်းလို့ မဟုတ်ပါဘူး။ သင် တစ်ခုခုဖြစ်သွားမှာ စိုးလို့ပါ။ သင့်အနေနဲ့ ရင့်သီးတဲ့ ပြောဆိုမှုမျိုးကိုတော့ သည်းခံစရာမလိုပါဘူး။ မကြိုက်ရင် မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်းပြောပါ။ ဆေးကုသမှုနဲ့ ပတ်သတ်ပြီး အခက်အခဲရှိရင်လည်း ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရပါတယ်။

  • ရှက်လို့

အထူးသဖြင့် လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ ရောဂါတွေ၊ ဆေးသုံးတဲ့ကိစ္စတွေ၊ HIV လိုမျိုး ကူးစက်ရောဂါကိစ္စတွေနဲ့ ပတ်သတ်လာရင် ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း ပြောဖို့လိုပါတယ်။ ဆရာဝန်တွေမှာ လူနာရဲ့ ရောဂါအခြေအနေကို လိုအပ်တဲ့ အချိန်မှလွဲပြီး သူများကို လျှောက်မပြောရဘူးတဲ့ ကျမ်းကို ကျိန်ထားရပါတယ်။ ဒါကြောင့် သင့်ရဲ့ လျို့ဝှက်ချက်တွေကို သူတို့တွေ လျှောက်ပြောလို့ မရပါဘူး။ သင့်အနေနဲ့ စိတ်ချလက်ချ ပြောလို့ရပါတယ်။ သင်ဖြစ်သမျှ ပြောပြထားမှ သင့်ကို ကုသတဲ့နေရာမှာ ထည့်သွင်းစဉ်းစားလို့ရမှာပါ။

ဆေးကုသစဉ်မှာ လိမ်လည်ပြောဆိုမယ်ဆိုရင်

ဒီလို လူနာတွေ လိမ်တာ ခဏခဏ ခံလာရတဲ့အခါ ဆရာဝန်တွေက ရောဂါရာဇဝင်မေးရင် အသေးစိတ်မေးတာ၊ လှည့်ပတ်ပြီး မေးတာတွေ လုပ်ရပါတော့တယ်။ ဒါကြောင့် တချို့လူနာတွေက အကြောင်းမသိတော့ စိတ်မရှည်တော့ဘဲ ငြိုငြင်တတ်ပါတယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ အမှုစစ်သလို မေးရတော့တာပါပဲ။ ဆရာဝန်တွေအနေနဲ့ လူနာလိမ်မပြောဖို့ဆိုရင်

  • အရင်ဆုံး သူ ကိုယ့်အပေါ် ယုံလာအောင် နေရပါတယ်။ စိတ်ရှည်ပြီး မဆူမအော် ရပါဘူး။ ဒါမှလည်း သူနဲ့ ကိုယ်နဲ့ ရင်းနှီးပြီး သူဖြစ်သမျှကို ပွင့်ပွင့်လင်းလင်း ပြောချင်မှာပါ။

လူနာတွေဘက်ကလည်း ရောဂါရာဇဝင်နဲ့ပတ်သတ်ပြီး လိမ်ပြောတာ၊ ထိန်ချန်တာ မလုပ်ရပါဘူး။ အကြောင်းက ဒီလိုပြောတာက

  • မလိုအပ်ဘဲ ရောဂါရှာဖွေချိန်တွေ ပိုကြာသွားပါမယ်။
  • မလိုအပ်ဘဲ စစ်ဆေးမှုတွေ အများကြီး လုပ်ရနိုင်ပါတယ်။
  • ရောဂါကောင်းကောင်း မသက်သာဘဲ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။
  • ရောဂါ အမည်မှားတပ်နိုင်ပါတယ်။

သင်ခံစားရတာ၊ သင်ဖြစ်တာကို သင့်ထက် ဆရာဝန်က ပိုမသိနိုင်ပါဘူး။ သင်ပြောတဲ့အတိုင်း ဆရာဝန်က လိုက်ကုရတဲ့အတွက် သင့်အသက်က သင့်ပါးစပ်ထဲမှာပဲ ရှိပါတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေး ကိစ္စတွေမှာ လိမ်ပြောတာမျိုး၊ ရောဂါအကြောင်း ထိန်ချိန်တာမျိုး မလုပ်ဖို့ မေတ္တာရပ်ခံလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 17/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။