၅။ မုဒိမ်းမှုကျူးလွန်ခြင်းဟာ အရက်မူးပြီး စိတ်မထိန်းနိုင်လို့ မှားသွားကြတာပါ။
ယောက်ျားပဲ၊ အရက်သောက်တာများပြီး မူးလို့ မှားသွားတာပါဆိုတဲ့ အကြောင်းပြချက်မျိုးဟာ မုဒိမ်းမှုကနေ ကင်းလွတ်စေတဲ့ အကြောင်းပြချက် လုံးဝ မဖြစ်နိုင်ပါဘူး။ ရဲဆေးတင်ချင်လို့ အရက်သောက် ဆိုတဲ့ စကား ကြားဖူးကြမယ်ထင်ပါတယ်။ နဂို လူတစ်ယောက်ရဲ့ စိတ်အခံမှာကိုက အဓမ္မ ပြုကျင့်ချင်တဲ့စိတ် ရှိတာကြောင့် အရက်သောက်တဲ့အခါမှာ ဒီစိတ်ရိုင်းတွေက ထကြွသောင်းကျန်းလာပြီး မုဒိမ်းမှု ဖြစ်စေဖို့ တွန်းအားပေးလိုက်တာနဲ့ အတူတူပါပဲ။ အရက်တင် မကပါဘူး၊ မူးယစ်ဆေး၊ စိတ်ဖိစီးမှု၊ စိတ်ကျန်းမာရေး အကြောင်းပြချက်တွေဟာလည်း မုဒိမ်းမှုကျူးလွန်စေဖို့ ခိုင်လုံတဲ့ တွန်းအားပေး အကြောင်းပြချက်အဖြစ် သတ်မှတ်လို့ မရပါဘူး။ အဓမ္မ ကျူးလွန်သူတွေမှာ နဂိုစိတ်အခံက ရှိနေပြီးသား ဖြစ်နေလို့ပါ။
၆။ အိမ်ထောင်ဖက်၊ ချစ်သူဆိုရင် မုဒိမ်းကျူးလွန်တယ်လို့ သတ်မှတ်လို့ မရဘူး။
တရားဥပဒေ အရ လက်ထပ်ထိမ်းမြားပြီးတဲ့ တိုင်အောင်၊ တရားဝင် ချစ်သူတွေ ဖြစ်နေတဲ့တိုင်အောင် တစ်ဖက် ကာယကံရှင်က လိင်ဆက်ဆံဖို့ သဘောမတူဘူး၊ အဆင်သင့် မဖြစ်ဘူးလို့ ပြောထားတယ်ဆိုရင် ဒီသဘောထားကို လေးစားလက်ခံဖို့ လိုပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ အိမ်ထောင်ဖက်၊ ချစ်သူဖြစ်လို့ ကိုယ်စိတ်အလိုရှိတိုင်း လိင်ဆက်ဆံလို့ ရတယ်ထင်နေရင်တော့ ဒါဟာ လိင်အကြမ်းဖက်မှု၊ မုဒိမ်းမှု မြောက်တယ်ဆိုတာ တစ်ဆက်တည်း သိထားအောင် ပြောပြပေးချင်ပါတယ်။
၇။ အမျိုးသားတွေမှာ အဓမ္မ ပြုကျင့်ခံရတဲ့ အခြေအနေမျိုး မရှိပါဘူး။
ဒါကတော့ လုံးဝကို မှားယွင်းနေတဲ့ အချက်ကြီးပါ။ အပေါ်မှာ ပြောထားခဲ့သလိုပဲ၊ ကျူးလွန်သူ ဖြစ်စေ၊ ကျူးလွန်ခံရသူဖြစ်စေ လိင်၊ လိင်စိတ်ခံယူမှု၊ အသက်အရွယ်၊ ရာထူး စတာတွေနဲ့ တိုင်းတာနှိုင်းယှဉ်လို့ မရပါဘူး။ ယောက်ျားတွေ ဖြစ်နေလို့ လိင်စိတ်က အမြဲတမ်း ရှိနေတဲ့အတွက် တစ်ဖက် မိန်းကလေးက အဓမ္မ ပြုကျင့်လာခဲ့ရင်တောင် ကျေကျေနပ်နပ် ခံယူရမယ်ဆိုတဲ့ တစ်ဖက်စွန်းရောက် စွဲကိုင်နေသူများမှာသာ ဝင်နေတတ်တဲ့ အတွေးအခေါ်မျိုးပါ။
ဒီဆောင်းပါးမှာတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုနဲ့ ပတ်သက်ပြီး လူတော်တော်များများ ထင်မှတ်မှားတတ်ကြတဲ့ အချက်တွေကို အကြောင်းရင်းနဲ့ တကွ ပြောပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အမြဲတမ်း ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတတ်တဲ့ အရာတွေကို လျစ်လျူမရှုပါနဲ့။ လူတိုင်းကိုလည်း အယုံမလွယ်ပါနဲ့။ ဘယ်ပဲ သွားသွား ကိုယ့်အသက်အန္တရာယ်က ကာကွယ်ပေးနိုင်မယ့် ပစ္စည်းတွေကို ကိုယ်နဲ့ မကွာ ဆောင်ထားပါ။
အထူးသဖြင့် ကျူးလွန်ခံရသူတွေမှာ ပြစ်မှုအခင်း ဖြစ်ပွားပြီးတာနဲ့ သက်ဆိုင်ရာ ရဲစခန်းကို သွားရောက်တိုင်ကြားပါ။ သို့မဟုတ် ဆေးရုံမှာ သွားရောက်ပြီး ဆရာဝန်နဲ့ အရေးပေါ် ပြသပါ။ ကျူးလွန်သူရဲ့ ပုံပန်းသဏ္ဍာန်ကို ပြောပြပြီး အမှုဖွင့်ဖို့ ကြိုးစားပါ။ တခြားသူတွေ ကိုယ့်အပေါ် ဘယ်လိုထင်မြင်နေမလဲ ဆိုတဲ့ အတွေးတွေကို ခဏမေ့ထားပါ။ အဓိက ကိုယ်သာ အရေးကြီးပါတယ်။ ကိုယ့်မှာ ခံစားလိုက်ရတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအတွက် တရားမျှတမှုကို သက်ဆိုင်ရာက စီမံဖန်တီးပေးဖို့ အစွမ်းကုန်ကြိုးစားမှာပါ။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။