ခုလက်တလော ရုံတင်ထားတဲ့ Now and ever ရုပ်ရှင်မှာ မင်းသမီးဖြစ်တဲ့ ဝတ်မှုံ (ပိုင်ဖြိုးသု) မှာ ဆိုက်ကိုးစစ်စ် (psychosis) ဆိုတဲ့ စိတ်ရောဂါရှိတယ်ပေါ့နော်။ ငယ်ဘဝမှာ ဆိုးဆိုးရွားရွား အဖြစ်အပျက်တစ်ခုကြောင့် စိတ်ဒဏ်ရာကြီးကြီးမားမားရခဲ့တယ်။ အဲဒီစိတ်ဒဏ်ရာက ဒီစိတ်ရောဂါဖြစ်ဖို့ အကြောင်းဖြစ်လာခဲ့တယ်။ အဲ့ဒီအဖြစ်အပျက်ထဲမှာပါတဲ့ ကြောက်စရာကောင်းတဲ့ အခြေအနေတွေကို တကယ်အပြင်မှာ ရှိသလိုမျိုးတွေ ခဏ ခဏမြင်တယ် ကြားတယ်၊ လူအကောင်အထည်လိုက်ကြီးတွေကို မြင်တယ်၊ ဒါမှမဟုတ်ရင် အိပ်မက်ဆိုးတွေပြန်မက်တယ်။ သူ့ကိုယ်သူလဲ ဒါဟာ အိပ်မက်လား၊ အပြင်မှာ တကယ်ဖြစ်နေတာလားကို မခွဲခြားနိုင်ဘူး။ သူစိတ်ရောဂါကြောင့် ကယောင်ကတန်း မြင်နေရတဲ့လူတစ်ယောက်က သူ့ကိုခိုင်းတာတွေကို အပြင်မှာ တကယ်လုပ်တယ်။
ဒါကို hallucination လို့ခေါ်ပါတယ်၊ တကယ်မရှိတဲ့အရာတွေကို မြင်တယ်၊ ကြားတယ်။ Hallucination တွေဟာ များသောအားဖြင့် ကိုယ်ကြောက်လန့်တဲ့အရာတွေကို အခြေခံပါတယ်။
ရုပ်ရှင်ထဲမှာ ဝတ်မှုံက သူ့ရဲ့ စိတ်ရောဂါကို စိတ်ရောဂါ ဆရာဝန်နဲ့ နှစ်ရှည်လများ ဆေးနဲ့ထိန်းကုတယ် ဆရာဝန်နဲ့ စကားတွေပြောတယ်။ အချိန်အများကြီးယူပြီး ကုတဲ့ချိန်မှာ သက်သာလာတယ်။ နောက်ပိုင်း သီဟနဲ့ အိမ်ထောင်ကျပြီးတဲ့နောက်မှာ သူ့ကို အရမ်းချစ်ပြီး သူကလည်း အရမ်းချစ်တဲ့ သီဟက သူ့အပေါ် ဖောက်ပြန်တယ်ဆိုပြီး ထင်လာတဲ့ချိန်မှာ ရောဂါအခြေအနေဟာ ပြန်ဆိုးလာခဲ့တယ်။ အရင်တုန်းကလို မြင်နေကျ လူတွေ ကြားနေကျ အသံတွေပြန်ကြားလာတယ်။ ဒါကို ကြည့်ရင် ဝတ်မှုံဟာ လုံးဝ ပြန်ကောင်းလာခဲ့တာမဟုတ်ဘူး၊ သူ့ရဲ့ ရောဂါအခြေအနေဟာ တစ်စုံတစ်ယောက်ရဲ့ ကြင်နာနွေးထွေးမှု ဒါမှမဟုတ် သူသောက်နေတဲ့ဆေးတွေအပေါ်မှာ မှီခိုနေတာ ဆိုပြီး ပြောလို့ရတယ်။
ဇာတ်လမ်းရဲ့ ဇာတ်ရှိန်အမြင့်ဆုံးအချိန်မှာ ဝတ်မှုံဟာ ချစ်သူ သီဟအတွက် သူ့ရဲ့ စိတ်ရောဂါကို ပျောက်ကိုပျောက်မှ ဖြစ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ပြီးတာနဲ့ သူသောက်နေကျဆေးတွေကို အိမ်သာထဲ အကုန်လွှင့်ပစ်လိုက်တယ်၊ အခန်းတံခါးကိုပိတ်တယ်၊ မီးအမှောင်ချတယ်။ ဒါဟာ သူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆေးအရှိန်ကုန်သွားပြီးတော့ စိတ်ရောဂါ အခြေအနေ အထွတ်အထိပ် ရောက်အောင်လုပ်တာကို ပြချင်တာပါ။ အချိန်တွေတဖြည်းဖြည်းကုန်လာတယ်၊ ဆေးအရှိန်လည်းပြယ်လာတဲ့ချိန်မှာ သူပုံမှန်မြင်နေကျ အကြောက်ဆုံးအရာတွေ၊ ငယ်ဘဝရဲ့ စိတ်ဒဏ်ရာတွေကို အကောင်အထည်လိုက်ပြန်မြင်လာရတယ်။ ဒါကို မဟုတ်ဘူး၊ မမှန်ဘူးဆိုပြီး သူ့ရဲ့ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေကို အပြီးအပိုင်ရင်ဆိုင်ပြီး တွန်းလှန်ဖို့ ကြိုးစားပါတယ်။ အဲဒီအချိန်မှာ အရင်တုန်းက နှစ်ရှည်လများ ကုခဲ့တဲ့ ကုထုံးတွေ၊ ဆေးတွေနဲ့မတိုးခဲ့တဲ့ သူ့ရဲ့စိတ်ရောဂါဟာ ပကတိအကောင်းအတိုင်းဖြစ်လာတယ်၊ ကြောက်စိတ်တွေမရှိတော့တဲ့ သတ္တိတွေရှိလာတယ်၊ စိတ်ရောဂါဆရာဝန်၊ ရောဂါထိန်းဆေး၊ သူ့ချစ်သူ စသဖြင့် ဘာကိုမှ မှီခိုစရာမလိုတော့ဘဲ သူ့ဘဝဟာ ပြန်အဓိပ္ပာယ်ရှိလာတယ်၊ ဘဝရဲ့ နောက်ဆုံးချိန်ရောက်နေပြီဖြစ်တဲ့ ချစ်သူသီဟကိုပါ တည်တည်ငြိမ်ငြိမ်နဲ့ ပြုစုနိုင်တဲ့အထိ အင်အားတွေရှိလာတယ်ပေါ့နော်။
ဒါကတော့ Now and ever ရုပ်ရှင်ကပေးချင်တဲ့ စိတ်ရောဂါသည်တွေရဲ့ ရောဂါလက္ခဏာတွေရယ်၊ ဘယ်လိုကျော်လွှားရင် အောင်မြင်မယ်ဆိုတဲ့ မက်ဆေ့ဂျ်ပါ။ ဒါမျိုးနည်းလမ်းက ရုပ်ရှင်ထဲမှာတင် မဟုတ်ပါဘူး၊ စိတ်ရောဂါ ဆေးပညာအရလည်း တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ exposure therapy ထိတွေ့ရင်ဆိုင်စေခြင်း ကုထုံးဖြစ်ပါတယ်။
စိတ်ပညာမှာ စကားတစ်ခွန်းရှိပါတယ်။ “The only way out is through” ရုန်းထွက်နိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖို့က ရင်ဆိုင်ဖို့ပါပဲတဲ့။
လူတွေမှာ မွေးကတည်းက ဦးနှောက်ထဲမှာ “Habituation” ဆိုတဲ့ အကျင့်ဖြစ်ခြင်း၊ နေသားကျခြင်းလိုဆိုတဲ့ မွေးရာပါစနစ်တစ်ခုပါလာပါတယ်။ (Habit – အကျင့်, Habituate = အကျင့်ဖြစ်စေသည်၊ Habituation = အကျင့်ဖြစ်စေခြင်း၊ နေသားကျစေခြင်း)
အကျင့်ဖြစ်စေခြင်း (Habituation ရဲ့ နောက်ကွယ်)
လူတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ် (Nervous system) ဟာ တူညီတဲ့ လှုံ့ဆော်မှု (stimulus) ကို ကြိမ်ဖန်များစွာရရင် လှုံ့ဆော်မှုကို မတုန့်ပြန်တော့ပါဘူး။ အလွယ်ပြောရရင်တော့ အကျွမ်းတဝင်ဖြစ်နေတဲ့ ကိစ္စတစ်ခုကို ပျင်းရိလာတဲ့သဘောမျိုးပါ။
စိုးရိမ်လွန်ခြင်း (anxiety) လိုမျိုး စိတ်ရောဂါတွေမှာ ဒီအချက်ကို အခြေခံတဲ့ exposure therapy (ထိတွေ့ရင်ဆိုင်စေခြင်းကုထုံး) ကို အသုံးပြုပါတယ်။
အစိုးရိမ်လွန်တယ်ဆိုတာ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို လိုအပ်တာထက် လှုံ့ဆော်နေလို့်ပါ။ ဒီလိုမျိုး လွန်ကဲတဲ့ လှုံ့ဆော်မှုမရှိရင် အစိုးရိမ်လွန်စိတ်ဆိုတာလည်းဖြစ်မှာမဟုတ်ပါဘူး။ ခက်တာကလူတွေက ဒီလိုအစိုးရိမ်လွန်ခြင်းကို ဖြစ်စေတဲ့ အခြေအနေတွေကို တည့်တည့်ရင်ဆိုင်မယ့်အစား ရှောင်ပြေးနေကြတာပါပဲ။ ဥပမာ ပြောရရင် အမြင့်ကိုကြောက်တတ်တဲ့သူက ဒီကြောက်စိတ်ကို ရင်ဆိုင်မယ့်အစား အမြင့်နေရာတွေကို မသွားတော့ဘူး။ ဒီလို ရှောင်ပြေးတာဟာ အပေါ်မှာပြောထားတဲ့ အကျင့်ဖြစ်ခြင်း၊ ကျင့်သားရစေခြင်း(Habituation) ဖြစ်တော့မှာမဟုတ်ဘူး။ ဒီစိုးရိမ်စိတ်၊ ကြောက်စိတ်ဟာ ပိုဆိုးလာဖို့ဘဲရှိပါတယ်။ အမြင့်ကို ကြောက်တဲ့သူဟာ ပထမတော့ ပြုတ်ကျရင်သေစေနိုင်တဲ့ အမြင့်နေရာတွေကိုပဲကြောက်တယ်၊ တောင်ပေါ်မတက်ရဲတာ၊ အထပ်မြင့်တွေမှာဆို ဝရန်တာပေါ်ကမကြည့်ရဲတာ၊ အဲဒီလိုမျိုးကနေတဆင့် ဘယ်လိုအမြင့်နေရာမျိုးကိုမှ ရင်မဆိုင်နိုင်တော့တာအထိ ဖြစ်သွားပါလိမ့်မယ်။ ဒီလို အခြေအနေမျိုးတွေမှာ စိုးရိမ်စိတ်ကို အံတုပြီးရင်ဆိုင်လိုက်မယ်ဆိုရင် အကြိမ်ရေများလာရင် ဦးနှောက်က အဲဒီကြောက်စိတ်ကို တုန့်ပြန်မှုအားလျော့လာမှာဖြစ်တယ်။
စိတ်ရောဂါရဲ့ ကုထုံးသဘာဝကိုက လူနာရဲ့ စိတ်ကဘဲ ဖြစ်သင့်တယ်၊ တခြားဆေးတွေ၊ ကုထုံးတွေဟာ ရောဂါပိုမဆိုးနိုင်အောင်ပဲ ကူညီပေးလို့ရတယ်။
ရုပ်ရှင်ထဲက ဝတ်မှုံလိုမျိုး သူ့ကြောက်နေတဲ့ စိတ်ဒဏ်ရာ အဖြစ်အပျက်ကို မရင်ဆိုင်ဘဲ တစ်ဘဝလုံး ရှောင်ပြေးလာခဲ့တယ်၊ ရှောင်ပြေးပြီး ကျန်တဲ့ဆေးတွေ၊ တခြားလူတွေကို မှီခိုပြီ နေလာတော့ ရောဂါက အရှင်းမပျောက်ဘူး၊ နောက်ဆုံး ကြောက်စိတ်ကို အပြီးအပိုင် ရင်ဆိုင်လိုက်မှပဲ တကယ်ကောင်းသွားတယ်။
ဒါဆို ဝတ်မှုံလို လူတိုင်းဘာလို့ မလုပ်နိုင်ကြတာလဲ။
ကြောက်စိတ်ကို ရင်ဆိုင်တယ်ဆိုတာ ခက်တယ်၊ ရင်ဆိုင်ရမှာကိုလည်း ကြောက်စရာကြီးဆိုပြီးမြင်တယ်။ ဦးနှောက်ကလည်း ကြောက်စရာကောင်းတဲ့အရာဆို မလုပ်နဲ့ဆိုပြီး အချက်ပြတယ်။ ဒါပေမဲ့ ကြောက်စရာကောင်းတယ်ဆိုတိုင်း မကောင်းတဲ့အရာတွေမှမဟုတ်တာ။ ရိုလာကိုစတာစီးတာတို့၊ သရဲအိမ်ဝင်တာတို့လိုမျိုး ကြောက်စရာကောင်းတာမျိုးတွေကို ပျော်စရာကောင်းတဲ့ ကစားနည်းတွေအနေနဲ့ လူတွေလုပ်နေကြတာပဲ။ ရိုလာကိုစတာစီးဖို့ဆိုရင်လည်း အမြင့်ကြောက်စိတ်၊ အမြင့်ပေါ်ကနေ ရုတ်တရက် ပြုတ်ကျသွားရင်ဖြစ်မယ့် ကြောက်လန့်စိတ်တွေကို ကျော်လွှားပြီးစီးရတာပဲ။ စီးတဲ့အကြိမ်ရေများလာရင် ရင်လည်းတုန်တော့မှာမဟုတ်သလို ကြောက်လည်းကြောက်တော့မှာမဟုတ်ဘူး။
သရဲအိမ်လည်း ဒီလိုပဲ။ သွေးသံတရဲရဲတွေ၊ လူသေကောင်တွေ၊ ခြေပျက်လက်ပျက် ခေါင်းပြတ်လူတွေကို ကြောက်တဲ့စိတ်၊ ရုတ်တရက်ထွက်လာမယ့် ကြောက်စရာတွေကို ထိတ်လန့်စိတ်ကို ရင်ဆိုင်ပြီး သရဲအိမ်ကို ဝင်ရမှာပဲ။ သဘောတရားကတော့ တူတူပါပဲ။
နောက်ပြီး ကြောက်စိတ်နဲ့တွဲတတ်တာက ကျရှုံးမှာ စိုးရိမ်တဲ့စိတ်ပဲ။ ကိုယ်ကြောက်တဲ့အရာကို ခဏခဏ ရင်ဆိုင်လိုက်ခြင်းအာဖြင့် အလေ့အကျင့်တွေရလာမယ်၊ လေ့ကျင့်မှုများရင် ကျရှုံးမှုတွေဟာနည်းမယ်၊ ဒီလိုဆိုရင်လည်း ကြောက်စိတ်၊ စိုးရိမ်ပူပန်စိတ်တွေဟာ လျော့နည်းလာမှာဖြစ်တယ်။
Exposure ခေါ် ထိတွေ့ရင်ဆိုင်ခြင်းကုထုံး ဟာ သာမန်နေ့စဉ်ဖြစ်နေတဲ့ စိတ်ဖိစီး၊ စိုးရိမ်ပူပန်မှုတွေကနေစလို့ စိတ်ကစဉ့်ကလျားရောဂါ (schizophrenia)၊ စိုးရိမ်လွန်ခြင်း (anxiety) နဲ့ ဝတ်မှုံရဲ့ ပြင်းထန်တဲ့ ဆိုက်ကိုးစစ်စ်စိတ်ရောဂါအထိကိုပါ ကုစားပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
ပြဿနာတစ်ခုကို ရှောင်ပြေးတာနဲ့ ရင်ဆိုင်လိုက်တာ ဆိုရင် ရှောင်ပြေးလိုက်တာက ပိုလွယ်ပါတယ်။ ဒါပေမဲ့ ရှောင်ပြေးတာဟာ ရေရှည်မှာ ဖြစ်နေတဲ့ ပြဿနာကိုပိုဆိုးစေတယ်။ ရင်ဆိုင်လိုက်လို့ ခဏတာစိတ်ကသိကအောက်ဖြစ်သွားမယ့်အရေးကို ရှောင်ပြေးနေရင် တစ်ဘဝလုံး ကြောက်စိတ်၊ စိုးရိမ်ပူပန်စိတ်တွေက အနိုင်ရနေလိမ့်မယ်။ ဘဝကို ပြည့်ဝစွာ၊ အပူအပင်ကင်းကင်းနဲ့ နေနိုင်ဖို့အတွက်ဆို ကိုယ့်ကိုထိတ်လန့်စိုးရိမ်စေတဲ့အရာတွေကို ထိတွေ့ရင်ဆိုင်ခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်နော်။
[embed-health-tool-bmi]