backup og meta

အချိန်တိုင်း ဒေါသဖြစ်နေတာ ဘာကြောင့်များလဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချိန်တိုင်း ဒေါသဖြစ်နေတာ ဘာကြောင့်များလဲ!

    ဒေါသ ဆိုတာက လူတိုင်းနဲ့ မကင်းတဲ့ အရာပါ။ လူတိုင်း အခြေအနေ အမျိုးမျိုးကြောင့် ဒေါသဖြစ်တတ်ပါတယ်။ ဒေါသ ဖြစ်စရာ ကိစ္စ တစ်ခုခုကို ကြုံရ ခံစားရချိန်မှာ ဒေါသ ထွက်တာက ပုံမှန်ပဲ ဆိုပေမယ့် အကြောင်းအရင်း ရေရေရာရာ မရှိဘဲ ပုံမှန် ဖြစ်ပျက်နေကျအရာတွေကို မြင်တိုင်းမှာလည်း ဒေါသ ထွက်မယ်ဆိုရင် သင့်အနေအနဲ့ စဉ်းစားဖို့ လိုနေပါပြီ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အချိန်တိုင်း ဒေါသဖြစ်နေတာ ဘာကြောင့်များလဲ ဆိုတာကို ပြောပြပေးသွားဖို့ ရှိပါတယ်။

    ဒေါသဖြစ်တာ ပုံမှန်ပဲလား!

    ဒေါသ ဖြစ်တယ် ဆိုတာက ပုံမှန် စိတ်အခြေအနေ တစ်မျိုးဖြစ်သလို ကျန်းမာတဲ့ စိတ်ခံစားချက် တစ်ခုပါ။ အဆင်မပြေမှု တစ်ခုခုကို ဖော်ပြတဲ့ လက္ခဏာပေါ့။ ဒေါသဖြစ်တာက နေ့စဉ်ဘဝမှာရော လူမှုဆက်ဆံရေး နဲ့ အလုပ်ခွင်တွေမှာပါ ထိခိုက်မှုတွေ ဖြစ်လာစေပါတယ်။

    ဘာတွေကြောင့်များ ဒေါသဖြစ်စေနိုင်လဲ!

    ပြင်ပက အကြောင်းအရာတွေကြောင့် ဒေါသဖြစ်စေနိုင်သလို စိတ်တွင်းက အရာတွေကြောင့်လည်း ဒေါသ ဖြစ်စေနိုင်ပါတယ်။

    • စိတ်ဖိစီးတာ
    • ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်
    • စိတ်ပျက်စရာနဲ့ ကြုံရတာ
    • ခြိမ်းခြောက်ခံနေရတာ
    • တရားမျှတမှု မရတာ
    • ကလေးဘဝကတည်းက စိတ်ဒဏ်ရာ ရှိနေတာ
    • စိတ်ကျန်းမာရေး အခြေအနေ တစ်ခုခု နဲ့
    • မူးယစ်ဆေးတွေ အသုံးပြုတာကြောင့် ဒေါသဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    အချိန်တိုင်း ဒေါသဖြစ်နေတာ ဘာကြောင့်များလဲ!

    အချိန်တိုင်း ဒေါသဖြစ်နေတာ ဘာကြောင့်များလဲ ဆိုတော့

    • စိတ်ဖိစီးပြီး ခြေကုန်လက်ပမ်းကျနေတာကြောင့်ပါ

    အလုပ်ခွင် စိတ်ဖိစီးမှုတွေ၊ ငွေကြေးပြဿနာတွေနဲ့ လူမှုဆက်ဆံရေး ပြဿနာတွေကြောင့် စိတ်ခံစားမှုတွေ ပြင်းထန်ပြီး ဒေါသတွေ ဖြစ်လာရတာပါ။ ဒါတွေအပြင် အိပ်ရေးပျက်တာ၊ ရုပ်ပိုင်းဆိုင်ရာ ခြေကုန်လက်ပမ်းကျမှုတွေကလည်း တော်တော်လေး မအီမသာဖြစ်စေပြီး ဒေါသဖြစ်လာရတာပါ။

    # ဘယ်လို ဖြေရှင်းမလဲ!

    စိတ်ဖိစီးပြီး ခြေကုန်လက်ပမ်းကျတာကြောင့် ထိန်းမနိုင် သိမ်းမရ ထွက်လာတဲ့ ဒေါသကို ပြေလျော့စေဖို့ ဆိုရင် အိပ်ရေးဝဝ အိပ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပေးပါ။  ယောဂ ကစားတာ၊ တရားထိုင်တာမျိုးတွေ လုပ်ဆောင်ပေးပါ။

    • မှန်းထားတဲ့အတိုင်း မဖြစ်တာ၊ စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့ရတာကြောင့်ပါ

    မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ ဒါမှမဟုတ် စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့အခါမျိုးမှာလည်း ဒီအခြေအနေတွေရဲ့ အကျိုးဆက်တွေ အနေနဲ့ ဒေါသ ထွက်လာနိုင်ပါတယ်။ ဥပမာ – ပေးထားတဲ့ ကတိကို မတည်တဲ့ အခါမျိုးမှာပေါ့။ မျှော်လင့်ထားတဲ့ အရာတွေအတိုင်း ဖြစ်မလာတဲ့ အခါမျိုးမှာလည်း စိတ်ဆိုး ဒေါသ ဖြစ်ရပါတယ်။

    # ဘယ်လို ဖြေရှင်းမလဲ!

    အကောင်းမြင်တတ်အောင် လေ့ကျင့်ထားပါ။ အစီအစဉ်တွေကိုလည်း အမြဲ တစ်ခုတည်း စီစဉ်ထားတာမျိုး မလုပ်ဘဲ။ Plan Bဆိုတာမျိုး ထားရှိပေးပါ။ စိတ်ပျက်စရာ ကောင်းတဲ့ အခြေအနေတွေကို တတ်နိုင်သမျှ ရှောင်ပါ။

    • ခြိမ်းခြောက်ခံရတာ ဒါမှမဟုတ် တရားမျှတမှု မရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့်ပါ

    တစ်ဦးဦးရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ အခါမျိုးမှာဖြစ်ဖြစ်၊ ဘက်လိုက်တဲ့ အခြေအနေတွေနဲ့ အမြဲလိုလို ကြုံတွေ့နေရချိန်မှာ ဖြစ်ဖြစ်၊ ခွဲခြားဆက်ဆံခံရတဲ့ အခြေအနေမျိုးမှာ ဖြစ်ဖြစ် စိတ်ဆိုး ဒေါသ ဖြစ်ရပါတယ်။

    # ဘယ်လို ဖြေရှင်းမလဲ!

    ကိုယ့်ကို ခွဲခြားဆက်ဆံတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်ပါ။ ခြိမ်းခြောက်ခံရတဲ့ အခြေအနေကနေ ရုန်းထွက်ပါ။ လိုအပ်ရင် အကူအညီ တောင်းခံမှုတွေ လုပ်ဆောင်ပါ။ လိုအပ်ရင် ကုထုံး ခံယူပါ။

    • ကလေးဘဝကတည်းက စိတ်ဒဏ်ရာ ရနေတာကြောင့်ပါ

    ကလေးဘဝကတည်းက ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ဖူးမယ်ဆိုရင်တော့ ဒီအဖြစ်အပျက်တွေက အရွယ်ရောက်လာချိန်မှာ စိတ်ခံစားမှုအပေါ် သက်ရောက်မှု ရှိစေပြီး အမြဲလိုလို ဒေါသထွက်တာမျိုးကို ခံစားရနိုင်ပါတယ်။ ကလေးဘဝကတည်းက လျစ်လျူရှု့ခံထားရတာ၊ စွန့်ပစ်ခံရတာမျိုးတွေပါ။

    # ဘယ်လို ဖြေရှင်းမလဲ!

    ကိုယ်တိုင်ရဲ့ စိတ်ခံစားချက်ကို နားလည်အောင် လုပ်ဆောင်ပါ။ လိုအပ်မယ်ဆိုရင် ကုထုံး ခံယူပါ။ အယုံကြည်ရဆုံးသူကို ရင်ဖွင့်တိုင်ပင်တာမျိုး လုပ်ပေးလည်း ရပါတယ်။

    • စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေတာကြောင့်ပါ

    စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် များတာ အပါအဝင် အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကလည်း အချိန်တိုင်းမှာ ဒေါသ ဖြစ်စေဖို့ တွန်းအားပေးနေပါတယ်။

    # ဘယ်လို ဖြေရှင်းမလဲ!

    ကိုယ်တိုင်ရဲ့ စိတ်ခံစားချက်ကို နားလည်အောင် လုပ်ဆောင်ပါ။ လိုအပ်မယ်ဆိုရင် ကုထုံး ခံယူပါ။ အယုံကြည်ရဆုံးသူကို ရင်ဖွင့်တိုင်ပင်တာမျိုး လုပ်ပေးလည်း ရပါတယ်။ တရားထိုင်ပါ။ လေ့ကျင့်ခန်း လုပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။

  • မူးယစ်ဆေးတွေ သုံးစွဲတာကြောင့်ပါ
  • မူးယစ်ဆေးဝါးတွေ၊ အရက်တွေကို သုံးစွဲတာ၊ အလွန်အကျွံ သုံးစွဲတာတွေကြောင့်လည်း အချိန်တိုင်းလိုလို ဒေါသ ဖြစ်နေရတာပါ။ မူးယစ်ဆေး နဲ့ အရက်တွေက စိတ်အတက်အကျ မြန်စေပြီး ​ဒေါသ ဖြစ်စေနိုင်တဲ့ အတွေးတွေကို ဖြစ်စေပါတယ်။

    # ဘယ်လို ဖြေရှင်းမလဲ!

    ကုထုံး ခံယူပါ။ အရက် ဖြတ်ပါ။ မူးယစ်ဆေး သုံးတာကို ဖြတ်ပါ။ ဝါသနာပါရာ အလေ့အထ တစ်ခုခုကို လုပ်ပါ။ ပန်းချီဆွဲတာဖြစ်ဖြစ်၊ သီချင်းဆိုတာမျိုးပေါ့။ နောက်တစ်ခုက အယုံကြည်ရဆုံးသူကို ရင်ဖွင့်တိုင်ပင်တာမျိုး လုပ်ပေးလည်း ရပါတယ်။

    # အမှာစကား



    ဒေါသထွက်တာက ပုံမှန် ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် ပုံမှန်ထက် ပိုပြီး အချိန်တိုင်းလိုလို ဒေါသဖြစ်နေမယ်ဆိုရင်တော့ အကြောင်းရင်းခံကို ရှာပြီး သေသေချာချာ ဖြေရှင်းလိုက်တာက အကောင်းဆုံး နည်းလမ်းပါ။ ဒေါသဖြစ်တာက ရေရှည်မှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်သလို လူမှုဆက်ဆံရေးတွေကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement