အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲ

    အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲ

    စိတ်ဖိစီးမှုဆိုတာ ကလေးကစလို့ လူကြီးတွေအထိ အကုန်လုံး ခံစားရနိုင်တယ်ဆိုတာ သိပြီးသားပါ။ လိင်ပိုင်းဆိုင်ရာအရမှာရော ကိုကိုတွေ နဲ့ မမတွေမှာ ဘယ်သူက ပိုပြီး စိတ်ဖိစီးတတ်သလဲ။ စိတ်ဖိစီးနိုင်ခြေက အတူတူပဲလို့ ထင်လား။ ဒီမေးခွန်းလေးတွေရဲ့ အဖြေကို ဆောင်းပါးလေး ဖတ်ရင်း ဆန်းစစ်လိုက်ရအောင်နော်။ ကဲ …… အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲ ဆိုတာ အဖြေထုတ်လိုက်ရအောင်နော်။

    အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲ

    အမျိုးသား နဲ့ အမျိုးသမီး ဘယ်သူ ပိုစိတ်ဖိစီးတတ်သလဲဆိုတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး စိတ်ဖိစီးတတ်ကြပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် စိတ်ဖိစီးနိုင်ခြေ ၂ ဆလောက် ပိုများနေပါတယ်။ ဘာကြောင့် မမတွေက ကိုကိုတွေထက် ပိုစိတ်ဖိစီးတတ်တာလဲ ဆိုတာကိုတော့ အတူတူ ဆက်ကြည့်ကြည့်လိုက်ရအောင်နော်။

    အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုစိတ်ဖိစီးတတ်တာလဲ

    အမျိုးသမီးတွေ အမျိုးသားတွေထက် ပိုပြီး စိတ်ဖိစီးရတာက အခုလို အချက်လေးတွေကြောင့်ပါ။

    • ဟော်မုန်းကွာခြားမှု

    စိတ်ဖိစီးမှုဆိုတာက အပေါ်မှာပြောခဲ့သလိုပဲ အရွယ်တိုင်းမှာ ခံစားရနိုင်ပါတယ်။ မိသားစုအတွေ့အကြုံတွေကစလို့ အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် စိတ်ဖိစီးမှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ အပျိုဖော်ဝင်ချိန်တွေ၊ သွေးဆုံးချိန်တွေမှာ ကိုယ်တွင်းမှာ ဟော်မုန်း သိသိသာသာ ပြောင်းလဲနိုင်သလို လစဉ် ရာသီလာချိန်တွေမှာလည်း ဟော်မုန်း ပြောင်းလဲမှုတွေကို ခံစားကြရပါတယ်။

    အမျိုးသားတွေမှာတော့ ဟော်မုန်းပြောင်းလဲမှုက သိသိသာသာ ကြီး ဖြစ်ပေါ်တာမျိုး မရှိသလောက်ပါပဲ။ ဒါကြောင့် မမတွေက ကိုကိုတွေထက် ပိုပြီး စိတ်ဖိစီးမှုကို ခံစားကြရတာပါ။
    • စိတ်ဖိစီးမှုကို သိမ်းထားတတ်တာ

    ဒါကတော့ ဗီဇသဘာဝလို့ပဲ ဆိုရပါမယ်။ အမျိုးသားတွေက အမျိုးသမီးတွေလောက် အရာရာကို လေးလေးနက်နက် မတွေးဆတတ်ကြပါဘူး။ နောက်တစ်ခုက အမျိုးသမီးရော အမျိုးသားတွေပါ စိတ်ပူတတ်တယ်။ စိုးရိမ်စိတ် များတယ်ဆိုပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် ၂ ဆလောက် ပိုပြီး စိုးရိမ်စိတ် များတတ်ကြပါတယ်။ ဒီလို စိုးရိမ်စိတ်လေးရဲ့ အတိုင်းအတာ ကွာခြားချက်ကပဲ မမတွေကို ကိုကိုတွေထက် စိတ်ဖိစီးမှု ပိုဖြစ်စေတာပါ။

    • ပေါက်ကွဲနိုင်စွမ်း ကွာခြားတာ

    အမျိုးသားတွေက စိတ်တိုစရာ စိတ်ထိခိုက်စရာတွေ တွေ့လာတဲ့အခါ အော်ဟစ်ဒေါသထွက်တတ်ကြပေမယ့် အမျိုးသမီးတွေမှာ ဒီလို ပေါက်ကွဲဒေါသထွက်တတ်သူက အနည်းစုပါ။ ဒါကြောင့်ပဲ အမျိုးသမီးတွေက စိတ်ဖိစီးမှု ပိုများကြတာပါ။ အကြောင်းကတော့ ထွက်ပေါက်မရှိတဲ့ စိတ်က ပိုဖိစီးတတ်တယ် ဆိုတာမျိုးပေါ့။

    • ရင်ဖွင့်တိုင်ပင်မှု နည်းပါးတာ

    အမျိုးသားတွေက စိတ်ညစ်စရာတွေ ကြုံရတဲ့အခါ အရက်ဘီယာသောက်ရင်း သူငယ်ချင်းတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်တတ်ကြပေမယ့် အမျိုးသမီးတွေကတော့ အခင်ဆုံးဆိုတဲ့ သူတွေကလွဲလို့ တော်တော်များများနဲ့ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောဆိုကြတာ နည်းသလို ပြဿနာတိုင်းကို ရင်ဖွင့်တိုင်ပင်ခဲပါတယ်။ ဒါကြောင့်ပဲ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုစိတ်ဖိစီးကြရတာပါ။

    ဒါတွေက ယေဘုယျအချက်တွေသာဖြစ်ပြီး ဘယ်သူ့မှာမဆို စိတ်ဖိစီးတတ်ပါတယ်။ ကိုယ့်ရဲ့ ခံစားချက်တွေ၊ ပတ်ဝန်းကျင်အနေအထားတွေနဲ့လည်း ဆိုင်ပါတယ်။ အကြမ်းအားဖြင့်တော့ အမျိုးသမီးတွေက ပိုပြီး စိတ်ဖိစီးတတ်တယ်လို့ ပြောလို့ရပါတယ်။ အမျိုးသားတွေကလည်း စိတ်ဖိစီးတတ်ပေမယ့် မဖော်ပြကြလို့ မသိကြတာဖြစ်နိုင်ပါတယ်။

    စိတ်ဖိစီးမှုတွေက အချိန်ကြာမြင့်လာချိန်မှာ စိတ်ဓာတ်ကျတာကို ဖြစ်စေပြီး နောက်ဆုံးမှာ ကိုယ့်အသက်ကိုယ် ရန်ရှာပြီး ထွက်ပေါက်ရှာတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို မတွန်းလှန်နိုင်တာကြောင့် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူလည် များလာပါတယ်။ ဒါကြောင့် ဘယ်သူပဲဖြစ်ဖြစ် စိတ်ဖိစီးစရာတွေ ကြုံလာတဲ့အခါ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ဖို့ လိုပါမယ်။

    စိတ်ဖိစီးတဲ့အခါ အရက်သေစာ သောက်စားတာ၊ စိတ်ခံစားမှု ကောင်းစေတဲ့ ဆေးဝါးတွေ အသုံးပြုတာက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အသုံးမပြုဘဲ မှန်ကန်တဲ့ နည်းလမ်းနဲ့ စိတ်ဖိစီးမှုကို ဖြေရှင်းဖို့ ပြောပါရစေ။

    စိတ်ဖိစီးမှုက လူတိုင်း ရှောင်လွှဲလို့ မရပေမယ့် အကောင်းဆုံး ကျော်ဖြတ်လို့တော့ ရပါသေးတယ်။ ဒါကြောင့် ကိုကိုတွေရော မမတွေပါ စိတ်ဖိစီးမှု ခံစားလာရတဲ့အခါ မှန်ကန်ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြဖို့ ပြောပါရစေ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement