backup og meta

ငိုချင်နေရင် ငိုချလိုက်ပါ.......


Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငိုချင်နေရင် ငိုချလိုက်ပါ.......
    ဝမ်းနည်းစရာကြုံရင်ဖြစ်ဖြစ်၊ စိတ်ထိခိုက်စရာရှိရင်ဖြစ်ဖြစ် ငိုချင်မိတယ်ဟုတ်။ ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံးအကြံပြုချင်တာက ငိုချင်နေရင် အောင့်မထားပါနဲ့။ ငိုသာငိုချလိုက်ပါ။ ဒီလိုပြောရတာက ငိုလိုက်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိလာနိုင်လို့ပါ။

    ငိုချင်နေရင် ငိုသာငိုချလိုက်ပါလို့ ပြောရတဲ့ အကြောင်းအရင်း

    ငိုချင်နေတဲ့အခါမျိုးမှာ အောင့်အည်းသည်းခံထားရတာက အဆင်မပြေလှပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ငိုသာငိုချလိုက်ပါ။ ဒီလိုငိုချလိုက်တာကြောင့်
    စိတ်ဖိစီးမှု သက်သာစေပါလိမ့်မယ်
    စိတ်တွေဖိစီးလာတဲ့အခါ အကောင်းဆုံးသောနည်းလမ်းက ကြိတ်ခံစားနေတာမဟုတ်ပါဘူး။ ငိုချလိုက်တာပါ။ ဒါကအကောင်းဆုံး စိတ်ဖိစီးမှု ဖြေဖျောက်တဲ့နည်းလမ်းပါ။ အကြောင်းကတော့ ငိုချလိုက်တဲ့အခါ မျက်ရည်တွေနဲ့အတူ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေ ပါသွားတာကြောင့်ပါ။ ဒါကြောင့် စိတ်ဖိစီးနေပြီဆိုရင် ငိုသာငိုချလိုက်ပါ၊ လို့ပြောပါရစေ။
    စိတ်ထိခိုက်မှုကို ပြေလျော့စေနိုင်တယ်
    စိတ်ခံစားမှုတွေ နဲ့ ဟော်မုန်းတွေက အပြန်အလှန် ဆက်စပ်နေကြပါတယ်။ စိတ်ခံစားမှုတွေ၊ စိတ်ထိခိုက်ခံစားမှုတွေကြောင့်ဖြစ်လာတဲ့ ဟော်မုန်းတွေကို အကောင်းဆုံးပြေလျော့စေနိုင်တဲ့ နည်းလမ်းက ငိုလိုက်တာပဲဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့် စိတ်ထိခိုက်နေတဲ့အခါမျိုးမှာ ငိုလိုက်ပါ။
    ထိခိုက်မိတာကြောင့် အရမ်းနာတဲ့အခါ ငိုဖို့ မရှက်နေပါနဲ့။ ဒီလိုပြောရတာက လေ့လာမှုတစ်ရပ်ရဲ့ ရလဒ်အရသိလိုက်ရတာက ငိုလိုက်တဲ့အခါ ခန္ဓာကိုယ်က စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီလိုထွက်ရှိမှုက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အရမ်းနာနေတဲ့ အခါမျိုးမှာ ငိုသာ ငိုလိုက်ပါ။

    သန့်စင်ပေးနိုင်တယ်

    ငိုတိုင်း ထိခိုက်မှုတွေရှိလာတာမဟုတ်ပါဘူး။ တစ်ခါတလေမှာ အားရပါးရငိုလိုက်တာက ကိုယ်တွင်းက အဆိပ်အတောက်တွေ၊ မျက်လုံးထဲက ဖုန်မှုန့်တွေကို မျက်ရည်နဲ့အတူ ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးလိုက်တာပါ။
    ငိုတိုင်း ဝမ်းနည်းစရာတွေဖြစ်စေတာမဟုတ်ပါဘူး။ တစ်ခါတလေမှာ ဝမ်းနည်းလွန်းလို့ သည်းသည်းသန်သန်ငိုကြွေးတာက ငိုကြွေးနေတုန်းမှာ ပင်ပန်းပေမယ့် ​နောက်ပိုင်းမှာတော့ စိတ်ထဲကခံစားရမှုကို သက်သာသွားစေပြီး စပျော်ရွှင်ဖို့ အသင့်အနေအထား ပြန်ရောက်စေနိုင်ပါတယ်။
    မျက်လုံးတွေကို သန့်စင်စေနိုင်တယ်
    မျက်ရည်တွေထွက်သွားတိုင်းမှာ မျက်လုံးတွေကို သန့်စင်ပြီးသားဖြစ်သွားစေပါတယ်။ ငိုတာက မျက်လုံးကို အစိုဓာတ်ရစေနိုင်သလို မျက်လုံးထဲက ဘက်တီးရီးယားတွေကို ဖယ်ထုတ်ပေးနိုင်ပြီး အမြင်အာရုံ ဆုံးရှုံးတာ နဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    အနာကျက် စေနိုင်တယ်

    စိတ်ပိုင်းဆိုင်ရာ ခံစားထားရသမျှ ဒဏ်ရာတွေကို ကျက်စေချင်ရင် ငိုသာငိုချလိုက်ပါ။ ဒီလို ငိုချလိုက်တာက စိတ်ထွက်ပေါက်ရသလို စိတ်ထဲမှာ ခံစားနေရတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဒဏ်ရာတွေကို မြန်မြန်ကျက်စေချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက ငိုလိုက်တာပါ။
    စိတ်ခံစားမှုကို အပြောင်းအလဲဖြစ်စေနိုင်တယ်
    ငိုလိုက်တာက ကိုယ်တွင်းက စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးရာရောက်သလို စိတ်ခံစားမှုကို ပုံမှန်အခြေအနေပြန်ရောက်အောင် အမြန်ဆုံးပို့ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ခံစားမှုတွေကို ပြန်လည်ကောင်းမွန်လာစေဖို့ဆိုရင် ငိုသာငိုချလိုက်ပါ။
    အသက်ရှုလမ်းကြောင်းကို သန့်စင်စေတယ်
    ငိုလိုက်တဲ့အခါ မျက်ရည်တွေတင်ထွက်လာတာမဟုတ်ပါဘူး။ နှာရည်တွေပါ ထွက်လာတာပါ။ ဒီလိုထွက်ရှိလာမှုက အသက်ရှုလမ်းကြောင်းတလျှောက်မှာရှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ ဖုန်မှုန့်တွေကို သန့်စင်ပေးနိုင်မှာပါ။
    စိတ်ဓာတ်မကျအောင် ကာကွယ်ပေးနိုင်တယ်
    တစ်ခါတလေမှာ ငိုချင်တာကို မငိုဘဲ အောင့်ထားလိုက်တာကြောင့်သာ စိတ်ဓာတ်ကျရတာပါ။ ငိုချင်တဲ့အခါ အောင့်ထားတာမျိုးမလုပ်ဘဲ ငိုချလိုက်တာက စိတ်ဓာတ်ကျတာမျိုးမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ငိုချင်နေရင် ငိုချလိုက်ပါ၊ လို့ပြောရတာပါ။
    ငိုတာက ကိုယ်တွင်းက ကော်တီစော ဟော်မုန်းတွေကို ကျဆင်းစေနိုင်ပြီး စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တာကြောင့်ပါ။ ဒါကြောင့် အအေးမိတာ၊ တုပ်ကွေးဖြစ်တာလိုမျိုး ပြဿနာတွေကို ကင်းချင်တယ်၊ ရောဂါကင်းပြီး ကျန်းမာချင်တယ်ဆိုရင် ငိုရမယ့် အနေအထားမျိုးကြုံတဲ့အခါ အောင့်မထားပါနဲ့ ငိုသာငိုချလိုက်ပါ။
    လေ့လာမှုအရ ဘေဘီလေးတွေငိုနေတဲ့အခါ တော်ရုံလောက်ဆိုရင် ဒီအတိုင်းထားလိုက်တာက ရက်စက်ရာမရောက်ပါဘူး။ ဘေဘီလေးကို အကောင်းဆုံး အိပ်ပျော်စေဖို့ အထောက်အပံ့ပေးနိုင်တယ်၊ လို့သိရပါတယ်။ ဒီသက်ရောက်မှုက လူကြီးတွေမှာလည်း အတူတူပါပဲ။ ငိုလိုက်တဲ့အခါ စိတ်ဖိစီးမှုပြေလျော့သွားစေပြီး ကောင်းကောင်းအိပ်ပျော်စေနိုင်မှာပါ။
    သွေးတိုးကျစေနိုင်တယ်
    လေ့လာမှုတွေအရ ငိုလိုက်တဲ့အခါ စိတ်ဖိစီးမှုပြေလျော့သွားစေပါတယ်။ နှလုံးခုန်နှုန်းကိုလည်း မှန်စေနိုင်ပါတယ်။ ငိုလိုက်တဲ့အခါ စိတ်ဖိစီးမှုပြေလျော့သွားစေပြီး သွေးတိုးတာကိုလည်း ကျဆင်းသွားစေပါတယ်။
    ကဲ…စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ငိုချင်နေတဲ့အခါ အောင့်မထားဘဲ ငိုသာငိုချလိုက်ပါ လို့ပြောပါရစေ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement