စိတ်ကျခြင်းလက္ခဏာများ
စိတ်ကျခြင်းလက္ခဏာလည်း အများအပြားရှိပါတယ်။ အဓိကလက္ခဏာ ၇ မျိုးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
– အချိန်အတော်ကြာကြာ ဝမ်းနည်းပူဆွေးခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း
– မိတ်ဆွေများ၊ မိသားစုဝင်များနှင့် ကင်းကွာလာခြင်း
– တစ်ချိန်ကပျော်ရွှင်ခဲ့သည့် အရာများကို စိတ်မဝင်စားတော့ခြင်း
– သိသိသာသာအစားပျက်ခြင်း
– ဆိုးဆိုးရွားရွား ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း
– မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ ဆုံးဖြတ်ချက်ချမှု စသည်တို့တွင် အခက်အခဲဖြစ်ခြင်း
– သေခြင်းတရားကို တွေးလာခြင်း၊ မိမိကိုယ်ကိုသတ်သေရန် အားထုတ်ခြင်း
စိတ်ကြွစိတ်ကျရောဂါကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားရင် အချိန်ကြာလာတာနဲ့အမျှ ပိုမိုဆိုးရွားလာနိုင်ပါတယ်။ ရောဂါရှာဖွေ အတည်ပြုဖို့နဲ့ ကုသဖို့ နောက်ကျတဲ့အခါ လူမှုရေး၊ စီးပွားရေးပြဿနာများ ဖြစ်ပေါ်လာတာနဲ့အမျှ ရောဂါဆိုးရွားလာပြီး ပတ်ဝန်းကျင်နဲ့ပါ အဆင်မပြေနိုင်တော့ပါဘူး။
စိတ်ကြွစိတ်ကျအခြေအနေဆိုးလာရင် လုပ်ငန်းခွင် မဝင်နိုင်တော့ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သဟဇာမဖြစ်တော့ဘဲ ရုံးခန်းထဲမှာ အထီးကျန်လာနိုင်ပါတယ်။ အလုပ်လက်မဲ့ဖြစ်ခြင်း၊ မိသားစုတွင်းဆက်ဆံရေးအဆင်မပြေခြင်း၊ ကွာရှင်းခြင်း၊ တရားရင်ဆိုင်ရခြင်း စသဖြင့် ပြဿနာမျိုးစုံ ရှိလာနိုင်ပါတယ်။
နောက်အန္တရာယ်တခုကတော့ အရက် ဒါမှမဟုတ် မူးယစ်ဆေးဝါးသုံးစွဲခြင်း ဖြစ်ပါတယ်။ စိတ်ကျန်းမာရေး အခြေအနေသာမကဘဲ အရက်နဲ့ မူးယစ်ဆေးဝါးကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကိုပါ ထိခိုက်လာနိုင်ပါတယ်။
အဆိုးဆုံးကတော့ မိမိကိုယ်ကို သေကြောင်းကြံစည်လိုစိတ်တွေ ပေါ်လာတာပါပဲ။ စိတ်ကြွစိတ်ကျဝေဒနာ ခံစားနေရသူတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ သေကြောင်းကြံစည်ကြတယ်လို့ စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။
မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိပတ်ဝန်းကျင်က မိသားစုဝင်ဖြစ်စေ၊ မိတ်ဆွေအပေါင်းအသင်းဖြစ်စေ စိတ်ကြွစိတ်ကျ လက္ခဏာတွေ ရှိနေတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ နားလည်တတ်ကျွမ်းသူများနဲ့ ရောဂါရှာဖွေကုသမှသာ ရောဂါဝေဒနာသက်သာပြီး စိတ်ကျန်းမာရေး ကောင်းမွန်မှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။