home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အတွေးအခေါ်အပြုအမူပိုင်းဆိုင်ရာကုသနည်း (CBT)

အတွေးအခေါ်အပြုအမူပိုင်းဆိုင်ရာကုသနည်း (CBT)

Cognitive behavioral therapy (CBT) ဆိုတာ စိတ်ပိုင်းဆိုင်ရာ ကုသနည်း တစ်မျိုးပါ။ စိတ်ရောဂါအထူးကု ဆရာဝန် ဒါမှမဟုတ် စိတ်ပညာရှင်နဲ့ စကားပြောဆိုပြီး ကုသရတာပါ။ CBTက သင့်မှာ ဖြစ်နေတဲ့ အဆိုးမြင်စိတ်တွေ၊ စိတ်ထဲမှာ မသေချာမှုတွေ ကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်၊ ကောင်းကောင်းမွန်မွန်တုံ့ပြန်တတ်အောင် ကုသပေးပါတယ်။ CBTက စိတ်ကျရောဂါ၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ပြီးနောက် နောက်ဆက်တွဲ စိတ်ဒဏ်ရာရတာ၊ တခြား စိတ်ရောဂါတွေမှာ သူတစ်ခုတည်းဖြစ်ဖြစ်၊ တခြားကုထုံးတွေနဲ့ ဖြစ်ဖြစ် ပေါင်းပြီး ကုသတဲ့နေရာမှာ အလုပ်ဖြစ်တာကို တွေ့ရပါတယ်။

ဒါပေမယ့် စိတ်ရောဂါရှိသူပဲ CBT ကုသမှု ခံယူလို့ရတာ မဟုတ်ပါဘူး။ ဘယ်သူမဆို စိတ်ဖိစီးမှုတွေ များနေရင် ဒါတွေကို ခံနိုင်ရည်ရှိအောင် အကောင်းဆုံး ဖြေရှင်းနိုင်အောင် CBT ကုသမှု ခံယူနိုင်ပါတယ်။

CBT ကုသမှု ဘာလို့ ခံယူသင့်တာလဲ။

CBTက စိတ်ရောဂါတော်တော်များများကို ကုသနိုင်ပါတယ်။ သင့်ရဲ့ ပြဿနာကို မြန်မြန်ဆန်ဆန်နဲ့ အဖြေရှာနိုင်သလို သင်ခံစားနေရတာကို အချိန်တိုအတွင်းမှာ ကုသနိုင်ပါတယ်။ တခြား ကုထုံးတွေထက်စာရင် ရက်ချိန်းလည်း ပိုနည်းပါတယ်။ ဆရာဝန်နဲ့ ဆွေးနွေးပြီး စကားပြောရတာ များပါတယ်။ CBTရဲ့ ကောင်းကျိုးတွေကတော့

  • စိတ်ရောဂါ လက္ခဏာတွေကို သက်သာစေတာ
  • လက္ခဏာတွေ ပြန်မကြွအောင် ကာကွယ်ပေးနိုင်တာ
  • ဆေးနဲ့ ကုလို့ အဆင်မပြေတဲ့ အခါမျိုးမှာ CBTကို သုံးနိုင်တာ
  • စိတ်ဖိစီးမှုတွေ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သင်ပေးတာ
  • စိတ်ခံစားချက်တွေ ကိုင်တွယ်နိုင်တာ
  • ဆက်ဆံရေးကို ပိုကောင်းစေတာ
  • တစ်ခုခု ဆုံးရှုံးသွားတဲ့အချိန်မှာ ခံနိုင်ရည်ရှိအောင် သင်ပေးတာ
  • အကြမ်းဖက်မှု၊ အနိုင်ကျင့်ခံရမှုကြောင့် ဖြစ်လာတဲ့ စိတ်ဒဏ်ရာတွေကို ကုပေးနိုင်တာ
  • ရောဂါတစ်ခုခုကြောင့် ဖြစ်လာတဲ့ စိတ်ခံစားမှုကို ထိန်းပေးတာ (ဥပမာ HIV)
  • နာတာရှည်ရောဂါတစ်ခုခုကြောင့် စိတ်ဖိစီးတာကို ကုသပေးနိုင်တာ စတာတွေပဲ ဖြစ်ပါတယ်။

CBT ကြောင့် သက်သာလာနိုင်တဲ့ စိတ်ရောဂါတွေကတော့

  • စိတ်ကျရောဂါ
  • စိတ်ရှုပ်ထွေးတဲ့ ရောဂါ
  • ကြောက်ရွံ့တာ
  • ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ပြီးနောက် နောက်ဆက်တွဲ စိတ်ဒဏ်ရာရတာ
  • အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ စိတ်ရောဂါ
  • အစားအသောက်နဲ့ ဆိုင်တဲ့ စိတ်ရောဂါ
  • တစ်ခုခုကို မလုပ်ရ မနေနိုင်အောင် စွဲလမ်းတဲ့ စိတ်ရောဂါ
  • မူးယစ်ဆေးဝါး သုံးတာ
  • စိတ်အတက်အကျ ရောဂါ
  • မျိုးရိုးလိုက် စိတ်ရောဂါ (Schizophrenia)
  • လိင်ပိုင်းဆိုင်ရာ စိတ်ရောဂါတွေမှာ သူတစ်ခုတည်း ဖြစ်ဖြစ်၊ စိတ်ရောဂါကုဆေးတွေ၊ တခြားကုထုံးတွေနဲ့ ပေါင်းပြီး ကုလို့ရပါတယ်။

အန္တရာယ်ရှိလား။

အန္တရာယ်က မရှိသလောက်ကို နည်းပါတယ်။ တစ်ခါတစ်လေ စိတ်ထဲမှာ သက်တောင့်သက်သာ မဖြစ်တာတော့ ရှိနိုင်တာပေါ့။ တစ်ခါတစ်လေ သင့်ကို ကုသဖို့ လိုအပ်လို့ မေးလိုက်တဲ့မေးခွန်းတွေကြောင့် အတိတ်ဟောင်းကို တူးဆွသလို ဖြစ်ပြီး စိတ်ထဲမှာ ဝမ်းနည်းလာတတ်ပါတယ်။ ဒါ့ပြင် စိတ်ဖွင့်ထဲမှာ ရှိတဲ့အတိုင်း ပြောပြီး ဖွင့်ချတဲ့ ကုသနည်း sessionမှာ သင့်အနေနဲ့ အားပါလာပြီး ငိုချင်တာ၊ စိတ်ပျက်တာ၊ ဒေါသထွက်တာမျိုး ရှိနိုင်ပါတယ်။ ကိုယ်မှာပါ အားအင်တွေ ကုန်ခမ်းလာသလို ခံစားရတတ်ပါတယ်။

CBT ကုထုံးရဲ့ ကုသမှု တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ exposure therapyမှာ သင်ကြောက်တဲ့ဟာတွေကို ထွက်ပြေးမနေဘဲ တည့်တိုးရင်ဆိုင်ခိုင်းတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ခဏတော့ စိတ်ရှုပ်တာ၊ စိတ်ဖိစီးတာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပညာရှင်နဲ့ ကုသမှုခံယူမယ်ဆိုရင် အန္တရာယ်နည်းပါတယ်။ ဒီလို တည့်တိုးရင်ဆိုင်ခိုင်းတာက နောက်ပိုင်းမှာ ကိုယ်မကြိုက်တဲ့ ခံဏားချက်တွေ၊ ကြောက်ရွံ့မှုတွေကို ရင်ဆိုင်နိုင်ဖို့ လေ့ကျင့်ပြိးသား ဖြစ်သွားပါတယ်။

CBT ကုသနည်းမှာ ဘာတွေ ပါမှာလဲ။

  • အရင်ဆုံး ကုသမယ့် ဆရာဝန်က သင့်အကြောင်းကို သိဖို့လိုပါတယ်။ သင့်ရဲ့ ကိုယ်ကျန်းမာရေး အခြေအနေက စလို့ လူမှုရေးပြဿနာတွေ အထိ (ဥပမာ ကွာရှင်းထားတာ) သိထားရမှာပါ။ သင်ရဲ့ ပြဿနာက ဘာလဲ။ သင်ဘာဖြစ်ချင်တာလဲဆိုတာကို ဆရာဝန်နဲ့ ဆွေးနွေးပါ။
  • ပြဿနာတွေကို သိပြီဆိုရင် ဒါနဲ့ ပတ်သတ်လို့ သင့်စိတ်ထဲမှာ ဘယ်လို ခံစားရတယ်ဆိုတာကို သေသေချာချာ မေးမြန်းမှာပါ။ လိုအပ်ရင် သင့်ကို စာအုပ်နဲ့ ချရေးခိုင်းမှာပါ။
  • ဒီပြဿနာတွေနဲ့ ပတ်သတ်လို့ သင့်စိတ်ထဲမှာ ဘယ်လို အဆိုးမြင်စိတ်တွေ၊ မသေချာမှုတွေ ခံစားနေရလဲဆိုတာ သိအောင် လုပ်ရပါမယ်။
  • နောက်ဆုံးကျမှ သင့်ရဲ့ အတွေးအမြင်တွေ၊ အပြုအမူတွေ ပြောင်းလဲပေးမှာပါ။ လူတစ်ယောက်ရဲ့ ရှိပြီးသား အတွေးအခေါ်၊ အပြုအမူကို ပြောင်းလဲဖို့ မလွယ်ပါဘူး။ ဒါဟာ အခက်ဆုံး အဆင့်ပါပဲ။

သင့်အနေနဲ့ ဘာတွေပြင်ဆင်ထားသင့်လဲ။

CBTကုသမှု ခံယူတဲ့ နေရာမှာ ဆရာဝန်ကိုပဲ အားကိုးလို့ မရပါဘူး။ လူနာက ကိုယ်တိုင် ကိုယ်ကျ စိတ်ဝင်တစားနဲ့ ပါဝင်မှသာ အောင်မြင်မှာပါ။ ဒါကြောင့် သင့်အနေနဲ့

  • ကုသမှုမျာ စိတ်ဝင်စားပါ။ ဆရာဝန်နဲ့ သက်တောင့် သက်သာ စကားပြောပါ။
  • သင်ခံစားရသမျှကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ပြောလို့ရပါတယ်။ ဒါဟာ ရှက်စရာ မဟုတ်ပါဘူး။ ကုသမှုကို အများကြီး အထောက်အကူဖြစ်ပါတယ်။ နောက်ပြီး လူနာရဲ့ အတွင်းရေး မှန်သမျှကို ဆရာဝန်အနေနဲ့ ထိန်းသိမ်းထားမှာဖြစ်လို့ စိတ်မပူပါနဲ့။
  • ကုသမှု သေချာလိုက်နာပါ။ ဇွဲရှိပါ။
  • စိတ်ပိုင်းဆိုင်ရာကို ကုသတာဖြစ်လို့ ခက်ခဲပါတယ်။ ရက်ချိန်း တစ်ခါပြပြီးတိုင်း ပိုတိုးတက်လာရမယ်လို့ မမျှော်လင့်ပါနဲ့။
  • ရက်ချိန်းပြပြီးတိုင်းမှာ ဆရာဝန်က သင့်ကို အိမ်စာပေးပါလိမ့်မယ်။ ဥပမာ စာအုပ်ဖတ်ခဲ့တာ ဆိုတာမျိုးပေါ့။ ဒါတွေကိုလည်း လိုက်လုပ်ပါ။
  • သင့်စိတ်ထဲမှာ CBTက သင့်အတွက် အကျိုးမထူးဘူးထင်ရင် ဆရာဝန်နဲ့ ဆွေးနွေးလို့ရပါတယ်။ တခြား ကုထုံးကို ပြောင်းသုံးကြည့်တာပေါ့။

CBTနဲ့ ပတ်သတ်ပြီး သိထားရမှာ တစ်ခုက သင့်မှာ ရှိနေတဲ့ ကြောက်စိတ်တွေ၊ ဒေါသဖြစ်လွယ်တဲ့ စိတ်တွေကို အပြီးပျောက်သွားအောင် ကုသပေးနေတာ မဟုတ်ပါဘူး။ ဒီစိတ်တွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။ ဘယ်လို ရင်ဆိုင်မလဲ။ ဒီစိတ်တွေနဲ့ လူမှုအဖွဲ့အစည်းမှာ အံဝင်ဖို့ ဘယ်လိုနေမလဲ ဆိုတာကိုသာ သင်ပေးတာပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။