သူများရဲ့ Wedding ပွဲလေးတွေ ကြည့်ပြီးအားကျနေပြီလား။ ငါ့ပွဲကျရင် ဘယ်လိုခမ်းနားရမယ်၊ ရိုရမယ်၊ လှရမယ်နဲ့ စိတ်ကူးလေးတွေယဉ်ဖူးလား။ အမြဲတမ်းသာယာပြီး ရိုမန့်တစ် ဆန်တာက ဒရမ်မာကားတွေထဲမှာပဲ ရှိပါတယ်နော်။
ထွက်မှာ သေချာပြီလား။
သူများရဲ့ Wedding ပွဲလေးတွေ ကြည့်ပြီးအားကျနေပြီလား။ ငါ့ပွဲကျရင် ဘယ်လိုခမ်းနားရမယ်၊ ရိုရမယ်၊ လှရမယ်နဲ့ စိတ်ကူးလေးတွေယဉ်ဖူးလား။ အမြဲတမ်းသာယာပြီး ရိုမန့်တစ် ဆန်တာက ဒရမ်မာကားတွေထဲမှာပဲ ရှိပါတယ်နော်။
RS ဘဝကို အဆုံးသတ်ဖို့ လက်တွေ့ကျကျစဉ်းစားကြည့်ရအောင်။ မင်္ဂလာပွဲလှတာ၊ ခမ်းနားတာ၊ ရိုမန့်တစ် တာထက် အရေးကြီးတဲ့ အချက်တွေအများကြီးရှိနေတာ မေ့မထားသင့်ပါဘူး။
အရေးကြီးဆုံးက လက်တွဲကြမယ့်သူနှစ်ယောက်က အဓိကပါပဲ။ အကြီးအကျယ်လက်ထပ်ပွဲ ကျင်းပပြီး ဟိုးလေးတကျော်လမ်းခွဲကြတာလည်း မြင်တွေ့ဖူးကြမယ်ထင်ပါတယ်။ နှစ်ယောက်ကြားက ကြိုးကို ခိုင်မာမှုရှိအောင် တည်ဆောက်ပြီးမှသာ ချည်နှောင်ကြဖို့ သတိပေးလိုက်ချင်ပါတယ်။ ဒီအချက်တွေကို အရင်စဉ်းစားကြည့်ပါ –
ရင့်ကျက်တဲ့အရွယ်ရောက်နေပြီဖြစ်လို့ လက်ထပ်ဖို့စဉ်းစားနေပြီဆိုရင် ကိုယ့်စိတ်ကိုအရင်သိအောင် လုပ်ပါ။ ဒီလူနဲ့ တစ်သက်လုံးအတူအသက်ကြီးသွားဖို့ သေချာပြီလား၊ အဆိုးအကောင်းတွေ အတူခံယူဖို့ အဆင်သင့်ဖြစ်ပြီလား။
နှစ်ယောက်ကြားကဆက်ဆံရေးမှာ စိတ်ရင်းနဲ့ရိုးသားကြရဲ့လား၊ ကိုယ့်မှာရှိတဲ့ချို့ယွင်းချက်တွေကို အပြန်အလှန်ပွင့်လင်းကြရဲ့လား။ နှစ်လွှာပေါင်းလို့ရတဲ့အထိ တစ်သားတည်းယုံကြည်လို့ရပြီလား ဆန်းစစ်ပါ။
ယုံကြည်မှုဆိုတာ ချစ်သူတွေအတွက် အဓိကကျတဲ့အရာတစ်ခုဖြစ်တာကြောင့် ယုံကြည်မှုကို တည်ဆောက်ပြီးချိန်မှ လက်ထပ်ဖို့စဉ်းစားသင့်ပါတယ်။
ကိုယ့်ဘက်ကသေချာပြီဆိုရင် လက်ထပ်ဖို့အထိ ရှေ့ဆက်တိုးဖို့ အပြန်အလှန်ဆက်ဆံရေးကို အချက်တချို့နဲ့ ဆန်းစစ်ကြည့်ပါ။
ကိုယ်ကြိုက်တာ မကြိုက်တာတွေကို အချင်းချင်းသိနေကြပြီး ပွင့်ပွင့်လင်းလင်းဆက်ဆံနေကြပြီလား။ ကိုယ့်ကို ပြုမူဆက်ဆံစေလိုတဲ့ ပုံစံအတိုင်း တစ်ဖက်ကို ဆက်ဆံပေးပါ။ သာယာခိုင်မြဲတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်နိုင်ပါလိမ့်မယ်။
တွေ့ဆုံချိန်မှာ တသီးတသန့် ဂရုစိုက်နေထိုင်ရတယ်၊ စကားသတိထားပြောနေရတယ်၊ စိတ်ဆိုးမှာကြောက်နေတယ်၊ အထင်သေးမှာ စိုးနေတယ်၊ ကိုယ့်အမူအကျင့်တွေ သူ့ရှေ့မှာ ဖုံးကွယ်ထားမိတယ်၊ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်လို ပြုမူတယ် ဆိုတာ မဖြစ်သင့်ပါဘူး။ သူနဲ့ဆို ပျော်ရွှင်ပွင့်လင်းနေတာမျိုးမဟုတ်ဘဲ ထိန်းချုပ်အောင့်အည်းနေရတာတွေများနေတာက နောက်အတူနေတဲ့အခါ ပြဿနာရှိလာနိုင်တဲ့အချက်ပါ။
လက်တွဲကြတော့မယ့်သူအချင်းချင်း ဆက်ဆံတဲ့အခါ လေးစားမှုရှိသင့်ပါတယ်။ အခန့်မသင့်လို့ ရန်ဖြစ်ချိန်တွေမှာ ဒေါသပေါက်ကွဲတဲ့အခါမျိုးမှာ လေးစားမှုလေးရှိရင် နောင်အခါ မေတ္တာပျက်ဖို့ အခွင့်အလမ်းနည်းစေပါတယ်။
နှစ်ယောက်အတူလျှောက်လှမ်းကြမယ့် ရည်မှန်းချက်လမ်းကြောင်းတွေကို လက်မထပ်ခင်ကတည်းက ရေးဆွဲထားဖို့ လိုပါတယ်။ ကလေးဘယ်နှယောက်ယူမလဲ ၊ ဘာအလုပ်တွေလုပ်ကြမလဲ၊ ဘယ်မှာနေမလဲဆိုတာတွေ အတူစဉ်းစားပါ။
ကိုယ်ရွေးချယ်ထားတဲ့ လက်တွဲဖော်လောင်းက ဘယ်အရာမှာမဆို ညှိလို့နှိုင်းလို့ရတဲ့သူ ဖြစ်ဖို့လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်၊ အတွေးအမြင်၊ ခံယူချက်တွေ မတူတာ သဘာဝမို့ အချင်းချင်းပြုပြင်ခိုင်းစရာမှ မလိုတာပဲ။ နားလည်မှုနဲ့ ညှိနှိုင်းမယ်ဆိုရင် လုံလောက်ပြီလေ။
နောက်ဆုံးအချက်ကတော့ လက်ထပ်ပွဲလေးလှပေမယ့် အားကျရုံနဲ့ မလောပါနဲ့လို့။ ကိုယ့်ဘဝအတွက် သေချာခိုင်မာပြီဆိုမှ အလှပဆုံး လက်ထပ်ပွဲလေးပြင်ဆင်လို့ နောက်မကျသေးပါဘူး။ ဟန်ချက်ညီတဲ့ တွဲဖက်မှုကို တစ်သက်တာ ပိုင်ဆိုင်နိုင်ကြဖို့ စေတနာ ဗလပွနဲ့ ရက်ရက်ရောရော အကြံပေးလိုက်ပါတယ်နော်။
HelloHealth Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Ref:
https://www.wikihow.com/Know-the-Right-Age-to-Get-Married
Accessed Feb-6, 2020.
https://www.nytimes.com/interactive/2016/03/23/fashion/weddings/marriage-questions.html
Accessed Feb-6, 2020.