backup og meta

ဘယ်အချိန်မှာ ရွှေလက်တွဲဖို့ အသင့်တော်ဆုံးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်အချိန်မှာ ရွှေလက်တွဲဖို့ အသင့်တော်ဆုံးလဲ

    လက်ထပ်ဖို့စဉ်းစားနေပြီလား… ဘယ်တော့စားရမှာလဲလို့ ခင်မင်သူတွေကဝိုင်းမေးနေတာ ခဏခဏကြားရတဲ့ ချစ်သူစုံတွဲတွေအတွက်ကတော့ ရွှေလက်တွဲဖို့ အကောင်းဆုံးအချိန်ကို စဉ်းစားရပါပြီ။

    တွဲလာတာကြာလာလေ မိဘအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်က လက်ထပ်ဖို့တွန်းအားပေးတာတိုးလာလေ ဖြစ်ရတာ မြန်မာနိုင်ငံရဲ့ ထုံးစံပါပဲ။ အသက်ငယ်လွန်းရင်လည်း မသင့်တော်၊ အသက်ကြီးသွားမှာလည်းစိုးရိမ်ကြရတဲ့အပြင် အိမ်ထောင်ပြုခြင်း ရဲ့နောက်ဆက်တွဲ ကိစ္စတွေအတွက်လည်း ကြိုတွေးသင့်တာကြောင့် လက်ထပ်သင့်တဲ့အချိန်ကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။

    အသက်ကြီးမှ အိမ်ထောင်ပြုတာက အိမ်ထောင်ပိုခိုင်မြဲစေတယ်လို့ လက်ခံထားကြတာတွေရှိသလို ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျတဲ့အခါ ပြန်ကွဲဖို့ဖြစ်နိုင်ခြေများတယ်လို့ ဆိုကြပါတယ်။ အသက် ၂၀ကျော်ဟာ ကျောင်းပြီးလို့ အလုပ်အကိုင်အတည်တကျဖြစ်ချိန် အိမ်ထောင်ပြုဖို့ အကောင်းဆုံးလို့ လူငယ်တချို့နဲ့မိဘတွေကလက်ခံထားကြပါတယ်။ ဆယ်ကျော်သက်အရွယ်တွေဆို အနာဂတ်အတွက်မရေရာသေး၊ ကျောင်းစာနဲ့မိသားစုလောင်းရိပ်အောက်မှာ ရှိနေသေးချိန်ဖြစ်ပြီး ဦးနှောက်အတွေးအမြင်တွေလည်း မဖွံ့ဖြိုးသေးချိန်ဖြစ်တာကြောင့် အသိအမြင်ပြည့်စုံလောက်တဲ့ ၂၀ နဲ့ ၃၀ ကြားအရွယ်ကို အသင့်တော်ဆုံးအဖြစ် ရွေးချယ်ကြပါတယ်။

    အရင်ဆုံး ရွှေလက်တွဲဖို့ သင့်တော်တဲ့အသက်အရွယ်မှာရှိနေပြီဆိုရင်တော့ ချစ်သူစုံတွဲတွေအတွက် စဉ်းစားရမယ့်အချက်တွေရှိပါသေးတယ်။

    (၁) ကိုယ့်စိတ်ကိုယ်သိရဲ့လား

    ရင့်ကျက်တဲ့အရွယ်ရောက်နေပြီဖြစ်လို့ လက်ထပ်ဖို့စဉ်းစားနေပြီဆိုရင် ကိုယ့်စိတ်ကိုအရင်သိအောင်လုပ်ပါ။ ချစ်သူနှစ်ဦး ကြားကဆက်ဆံရေးမှာ စိတ်ရင်းနဲ့ရိုးသားကြရဲ့လား၊ ကိုယ့်မှာရှိတဲ့ချို့ယွင်းချက်တွေကိုအပြန်အလှန်ပွင့်လင်းကြရဲ့လား။

    (၂) ဆက်ဆံရေးကိုဆန်းစစ်ကြည့်ပါ

    ကိုယ့်ဘက်ကသေချာပြီဆိုရင် လက်ထပ်ဖို့အထိ ရှေ့ဆက်တိုးဖို့ အပြန်အလှန်ဆက်ဆံရေးကို အချက်တချို့နဲ့ ဆန်းစစ်ကြည့်ပါ။

    • တကယ်ချစ်တာလား
    • တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိလား
    • သူနဲ့အတူရှိချိန် ပျော်ရွှင်ရလား
    • သူက ကိုယ့်အပေါ်ကောင်းရဲ့လား
    • အကြိုက်တူ၊ တန်ဖိုးတာချင်းတူရဲ့လား (အတွေးအမြင်၊ခံယူချက်စသည်)
    • ဘဝအတွက် ရည်မှန်းထားတဲ့ မျှော်လင့်ချက်တွေတူသလား
    • ကိုယ်နဲ့သဟဇာတဖြစ်ရဲ့လား စတဲ့အချက်တွေက တစ်သက်လုံးလက်မတွဲခင် တွေးကြည့်သင့်တဲ့အရာတွေပါ။

    (၃) ချစ်သူချင်းဆက်ဆံရေးကို သုံးသပ်ပါ

    ကိုယ့်ချစ်သူကို တကယ်ယုံကြည်ပြီလား၊ ယုံလို့ရောရလားသုံးသပ်ဆုံးဖြတ်ပါ။ ယုံကြည်မှုဆိုတာ ချစ်သူတွေအတွက် အဓိကကျတဲ့အရာတစ်ခုဖြစ်တာကြောင့် ယုံကြည်မှုကို တည်ဆောက်ပြီးချိန်မှ လက်ထပ်ဖို့စဉ်းစားသင့်ပါတယ်။

    (၄) ရင်းနှီးပွင့်လင်းတဲ့သူတွေဖြစ်ပြီလား

    ကိုယ်ကြိုက်တာ မကြိုက်တာတွေကို အချင်းချင်းသိနေကြပြီး ပွင့်ပွင့်လင်းလင်းဆက်ဆံနေကြပြီလား။ ကိုယ့်ကို ပြုမူဆက်ဆံစေလိုတဲ့ ပုံစံအတိုင်း တစ်ဖက်ကို ဆက်ဆံပေးပါ။ သာယာခိုင်မြဲတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်နိုင်ပါလိမ့်မယ်။

    (၅) ကိုယ့်ကို လေးစားမှုရှိလား

    လက်တွဲကြတော့မယ့်သူအချင်းချင်း ဆက်ဆံတဲ့အခါ လေးစားမှုရှိသင့်ပါတယ်။ အခန့်မသင့်လို့ ရန်ဖြစ်ချိန်တွေမှာ ဒေါသပေါက်ကွဲတဲ့အခါမျိုးမှာ လေးစားမှုလေးရှိရင်နောင်အခါ မေတ္တာပျက်ဖို့ အခွင့်အလမ်းနည်းစေပါတယ်။

    (၆) ဘဝအတွက် ရည်မှန်းချက်ပန်းတိုင်တွေ ပေါင်းစည်းပြီးပြီလား

    နှစ်ယောက်အတူလျှောက်လှမ်းကြမယ့်ရည်မှန်းချက်လမ်းကြောင်းတွေကို လက်မထပ်ခင်ကတည်းက ရေးဆွဲထားဖို့ လိုပါတယ်။ ကလေးဘယ်နှယောက်ယူမလဲ ၊ဘာအလုပ်တွေလုပ်ကြမလဲ၊ ဘယ်မှာနေမလဲဆိုတာတွေ အတူစဉ်းစားပါ။

    တကယ်တော့ ရွှေလက်တွဲဖို့ စဉ်းစားနေပြီဆိုရင် အသက်အရွယ်ထက် အထက်ပါအချက်တွေလို အခြေအနေတွေကို ထည့်သွင်းစဉ်းစားတာက အိမ်ထောင်ရေးမှာ ပိုပြီးရလဒ်ကောင်းစေမှာပါ။ အိမ်ထောင်ပြုတာဟာ ဘဝအတွက်ဆုံးဖြတ်ချက် ဖြစ်ရုံတင်မကဘဲ မိသားစုချင်း၊ ဝင်ငွေချင်း၊ဘဝချင်းပေါင်းစည်းတာ ဖြစ်တာကြောင့် အလောတကြီးမဆုံးဖြတ်သင့်ပါဘူး။ ကိုယ်တကယ်လက်ထပ်သင့်တဲ့အနေအထား မှန်ကန်တဲ့အချိန်ကျပြီလားဆိုတာ တွေးဆဆင်ခြင်ပါ။ ကျန်းမာရေးရှုထောင့်အရဆိုရင် အလုပ်အကိုင်၊ ပညာရေးအခွင့်အလမ်းတွေကြောင့် အသက်ကြီးမှ အိမ်ထောင်ပြုသူတွေမှာ ကလေးယူတဲ့အခါ သတိထားရမှာတွေ၊ အန္တရာယ်တွေရှိနိုင်တာကြောင့် အသက်မငယ်လွန်း၊ မကြီးလွန်းတဲ့အရွယ်မှာ အထက်ပါအချက်တွေနဲ့ ကိုက်ညှိပြီး ဆုံးဖြတ်မယ်ဆိုရင် အကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement