အနားမှာ အစာစားတဲ့ အခါ ‘ပကျက် ပကျက်’၊ ဟင်းရည်သောက်တဲ့အခါ ‘ရှူး ရှူး’ စတဲ့ အသံတွေကို ကြားရတဲ့အခါ စိတ်ထဲမှာ ဒေါသထွက်လာတာကို ကြုံဖူးမှာပါ။ ဒါက လူတိုင်းတော့ မဟုတ်ပါဘူး။ ဒီအသံလေးတွေက တိုးတိုးလေးပဲလေ။ ဒေါသထွက်စရာ မကောင်းဘူးဆိုပေမယ့် ခံရတဲ့သူအတွက်တော့ နည်းနည်းမှ သည်းခံချင်စရာ မကောင်းပါဘူး။ ဒါ စိတ်ရောဂါဖြစ်နေတာများလား။
အစာစားတဲ့ အသံတွေက စိတ်အနှောင့်အယှက်ဖြစ်စရာလား။
သူများရဲ့ အစာစားတဲ့ အသံတွေကို စိတ်အနှောင့်အယှက်ဖြစ်တာကို Misophonia လို့ခေါ်ပါတယ်။ သူတို့က ထမင်းစားဝိုင်းမှာ ထွက်တဲ့အသံတွေအပြင် ခုံကို တတောက်တောက် ခေါက်တာ၊ ဖိနပ်တရှပ်ရှပ် စီးတာ စတဲ့ အသံတွေကိုပါ သည်းမခံနိုင်ကြပါဘူး။
အများအမြင်မှာတော့ ကြီးကျယ်လိုက်တာလို့ ထင်စရာ ရှိပေမယ့် သူတို့တကယ်ပဲ သည်းမခံနိုင်တာပါ။ ခုဆောင်းပါးဖတ်နေရင်းတောင် အသံတွေကို ကြားယောင်ရင်း ဒေါသထွက်နေလောက်ပါပြီ။
ဒါ စိတ်ရောဂါလား။
Misophonia ကို လေ့လာနေကြဆဲဖြစ်ပြီး ခုထိတော့ စိတ်ရောဂါလို့ မသတ်မှတ်သေးပါဘူး။ ဒီပြဿနာကို
- အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် ၉နှစ်နဲ့ ၁၂နှစ်ကြားလောက်မှာ စပြီး တွေ့ရပါတယ်။
- အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့်လည်း ဇီဇာကြောင်လိုက်တာလို့ ပြောခံရတတ်ပါတယ်။
- မျိုးရိုးလိုက်တတ်ပါတယ်။
- စိတ်ရှုပ်ထွေးတတ်သူ၊ OCD လို့ခေါ်တဲ့ တစ်ခုခုကို မလုပ်ရ မနေနိုင် (ဥပမာ စောင်းနေရင် တည့်လိုက်ရမှ) ဖြစ်နေတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။
ဘာကြောင့် ဖြစ်ရတာလဲ။
ဒါက ပြောရမယ်ဆို ဦးနှောက်ရဲ့ အလွန်အကျွံတုံ့ပြန်မှု တစ်မျိုးပါ။ ဦးနှောက်မှာ Anterior Insular Cortex (AIC) ဆိုတဲ့ အစိတ်အပိုင်းလေး ရှိပါတယ်။ AICက စိတ်ခံစားချက်တွေ ထိန်းချုပ်သလို ပြင်ပကအသံ (ဥပမာ အစာစားတဲ့အသံတွေ)ကိုလည်း ထိန်းချုပ်ပါတယ်။
Misophonia ရှိတဲ့ သူတွေကို fMRI ရိုက်ပြီး လေ့လာကြည့်လိုက်တဲ့အခါ ပြင်ပကအသံကြားရတိုင်းမှာ AICက အလွန်အကျွံတုံ့ပြန်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် အသံတွေကြားရတိုင်းမှာ စိတ်ခံစားချက်တွေ ပြင်းထန်ပြီး ဒေါသတွေ ထွက်လာတာပါ။
သင့်မှာ အစာစားတဲ့ အသံတွေကို ဒေါကထွက်တတ်တဲ့ Misophonia ပြဿနာရှိနေပြီလား။
အတိအကျတော့ မဟုတ်ပေမယ့် အောက်ပါအချက်တွေ ရှိနေရင် Misophonia လားလို့ သံသယရှိသင့်ပါတယ်။ ပိုပြီး တိတိကျကျပြောရရင် အစာစားသံတွေကကို ပြင်းပြင်းထန်ထန် တုံ့ပြန်တဲ့ အချက်တွေပေါ့။ ဥပမာ ပြောရရင် အစာစားတဲ့ ‘ပလက် ပလက်’ အသံတွေ၊ Mukbang ASMR ဗီဒီယိုတွေ ကြည့်လို့ တရှူးရှူး အသံတွေ ကြားနေရပြီဆိုရင်
- စိတ်အနှောင့်အယှက် စဖြစ်လာပါပြီ။ ကောင်းကောင်းစားလည်း ရရဲ့သားနဲ့ကို အသံထွက်စရာလားဆိုပြီး စိတ်ထဲမှာ စတွေးလာပါပြီ။
- အနားမှာရှိတဲ့သူဆိုရင် ပါးစပ်က ထုတ်ပြောလိုက်ချင်တဲ့အထိ ဖြစ်လာပါပြီ။
- စိတ်တိုစိတ်ဆတ်လာပါပြီ။
- စိတ်ထဲမှာ လွတ်လာပြီး ထိန်းဖို့ ခက်လာပါပြီ။
- ရင်ဘတ်ထဲမှာ တင်းကျပ်လာပြီး ရင်တွေတုန်၊ သွေးတွေတက်ပြီး ပေါက်ကွဲချင်စိတ် ဖြစ်လာပါပြီ။
ဒီလိုခံစားနေရရင် Misophonia လို့ သံသယဖြစ်သင့်ပါတယ်။
ဒါကို ကုသလို့ရသလား။
လက်ရှိအချိန်မှာတော့ ဒါကို အပြီးပျောက်အောင် ကုသလို့ မရသေးပါဘူး။ ဒါပေမယ့် သက်သာအောင်၊ အခြေအနေမဆိုးအောင်တော့ လုပ်လို့ရပါတယ်။ နည်းလမ်းတွေကတော့ စိတ်ရောဂါကုသနည်းတွေနဲ့ ဆင်တူပါတယ်။
- Tinnitus retraining therapy
နားအူအောင် လုပ်ထားတာမျိုးပါ။ အပြင်ကနေ ဘယ်သူမှ မကြားရဘဲ ကိုယ်ပဲ ကြားရအောင် လုပ်ထားတာပဲ။ စိတ်အနှောင့်အယှက်ဖြစ်စရာ အသံတွေ မကြားရအောင် တခြားအသံကို အစားထိုးထားတဲ့ ပုံစံမျိုးပါ။ နားအူအောင် ဆိုပေမယ့် သည်းမခံနိုင်လောက်အောင် မဟုတ်ပါဘူး။
- Counterconditioning
ဒါကတော့ စိတ်ထဲမှာ သက်သောင့်သက်သာဖြစ်အောင် သာယာနာပျော်ဖွယ်အသံလေးတွေ၊ စိတ်ချမ်းသာစေတဲ့ ပုံလေးတွေကို ကြည့်ခိုင်းတာပဲ ဖြစ်ပါတယ်။ အသံတွေ ကြားနေရချိန်မှာ ဒီလိုအာရုံပြောင်းလိုက်တာက စိတ်ခံစားချက်ပြင်းထန်တာကို သက်သာစေတယ်လို့ ဆိုပါတယ်။
- Coping strategies
ဒါကတော့ အသံထွက်နေတဲ့ နေရာကနေ ထထွက်သွားလိုက်တာပါ။ ထွက်ဖို့ အဆင်မပြေဘူးဆိုရင်လည်း အသံလုံတဲ့ နားကျပ်တပ်ပေးတာမျိုး၊ တခြားသီချင်းတစ်ခုခု ဖွင့်နားထောင်တာမျိုးပါ။ ဒါကတော့ လုပ်ရအလွယ်ဆုံးပါပဲ။
စိတ်ကျန်းမာရေး အထူးကုနဲ့ ဆွေးနွေးတာပါ။ စိတ်ခံစားချက်တွေ ပြင်းထန်တာကြောင့် အတူနေမိသားစု၊ ချစ်ချင်ရသူတွေ၊ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး ထိခိုက်လာပြီဆိုရင် ဆွေးနွေးပြီး အဖြေရှာသင့်ပါပြီ။
အစာစားတဲ့အခါ အသံတွေကို သည်းမခံနိုင်တာက သူများတွေအမြင်မှာ အပိုလုပ်နေတယ်လို့ ထင်စရာ ရှိပေမယ့် သူတို့ တကယ်ခံစားရတာပါ။ Misophonia ရှိတဲ့သူတွေကို နားလည်ပေးဖို့ ဒီပြဿနာရဲ့ သဘာဝကို သိထားသင့်ပါတယ်။
[embed-health-tool-bmi]