home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အသံတွေ ဘယ်လိုကြား၊ အနံ့တွေ ဘယ်လိုရ

အသံတွေ ဘယ်လိုကြား၊ အနံ့တွေ ဘယ်လိုရ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က အင်မတန်မှ ထူးဆန်းပါတယ်။ တစ်ခါတလေများ ကျွန်တော်တို့တွေ အနံ့တွေ ဘာကြောင့်ရတာလဲ၊ အသံတွေ ဘာကြောင့်ကြားနေရတာလဲဆိုတာ စဉ်းစားကြည့်ဖူးရဲ့လား။ ဒီတိုင်း ကြားရုံ၊ အနံ့ရရုံတင်မကဘဲ ခွဲခြားပြီးတောင် မှတ်ထားလိုက်သေးတယ်။

ဒါကတော့ မွှေးလိုက်တာ၊ ဒါကတော့ အမှိုက်ပုံက အနံ့ကြီး၊ ဒါကတော့ ဘယ်သူ့အသံ၊ ဒီအသံကတော့ဖြင့် ငှက်ဆိုးထိုးသံ စသဖြင့် ခွဲမှတ်ထားလိုက်ပါသေးတယ်။ မျက်လုံးမမြင်ရ၊ လက်နဲ့ကိုင်လို့ မရတဲ့ ဒီအသံတွေ၊ အနံ့တွေကို ဘယ်လိုများ ခံစားတာပါလိမ့်။

အသံတွေ ဘယ်လိုကြားရတာလဲ။

အသံကြားဖို့ဆိုရင် နားအပြင်ဘက် နားရွက်က စရပါလိမ့်မယ်။ အပြင်တစ်နေရာကနေ အသံတစ်ခုခု ထွက်လာပြီဆိုရင် အသံလှိုင်း တုန်ခါမှုတွေက external auditory canalလို့ ခေါ်တဲ့ နားအပြင်ဘက် ပြွန်ကနေ ဝင်လာပြီး နားစည်ကို ရိုက်ခတ်ပါတယ်။ ဒီအခါမှာ နားစည်ပါ လိုက်တုန်ပြီး ဒီတုန်ခါမှုတွေက နားအလယ်ပိုင်းက အရိုးသေးသေးလေးတွေဆီကို ရောက်သွားပါတယ်။

အရိုးသေးသေးလေးတွေက အသံကို ချိန်ညှိပြီး လှိုင်းတွေကို နားအတွင်းပိုင်းက အရည်တွေနဲ့ ပြည့်နေတဲ့ cochleaလို့ ခေါ်တဲ့ နေရာကို သယ်သွားပါတယ်။

နားအတွင်းပိုင်းကို ရောက်သွားရင်တော့ အသံလှိုင်းတွေကို လျှပ်စစ်လှိုင်းအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒီလှိုင်းတွေကို နားအတွင်းမှာ ရှိတဲ့ အာရုံကြောတွေက ဦးနှောက်ကို ပို့ပေးပါတယ်။ ဒီတော့မှ ဦးနှောက်က ဒီလှိုင်းတွေကို အသံအဖြစ် ဘာသာပြန်ပေးပါတယ်။

ဒီလိုနည်းနဲ့ အသံတွေကို ကြားရတာပါ။

အနံ့တွေ ဘယ်လိုရတာလဲ။

ကျွန်တော်တို့ အနံ့ရနိုင်တဲ့နည်း နှစ်နည်းရှိပါတယ်။

-နှာခေါင်းကနေရှူပြီးရတဲ့ အနံ့ရယ်

-ပါးစပ်ထဲကနေ ဆန်တက်လာတဲ့ အနံ့ရယ်ဆိုပြီးတော့ ရှိပါတယ်။ (ကျွန်တော်တို့ ပါးစပ်ကနေ တစ်ခုခုကို ဝါးလိုက်ရင် အရသာတင် ရတာမဟုတ်ပါဘူး။ အနံ့လည်း ရပါတယ်။ ဒါကြောင့် အနံ့အရသာနဲ့ ပြည့်စုံတယ်လို့ ပြောကြတာပါ။ ဒါ့ပြင် အနံ့မရတဲ့သူက အရသာပါ မရတော့ဘူးဆိုပြီးလည်း ပြောတတ်ကြပါသေးတယ်။ )

နှာခေါင်းကနေ အနံ့ဘယ်လိုရသလဲဆိုတာ ကြည့်ရအောင်။

ပန်းတစ်ပွင့်ကို ရှိုက်ရှူလိုက်တယ်ဆိုပါစို့။ ပန်းမှာရှိတဲ့ အနံ့မော်လီကျူးလေးတွေက နှာခေါင်းထဲမှာရှိတဲ့ olfactory cleftလို့ ခေါ်တဲ့ နေရာလေးကို ရောက်သွားပါတယ်။ အဲ့ဒီနေရာမှာရှိတဲ့ olfactory epitheliumလို့ ခေါ်တဲ့ အချွဲအမြေးပါးလေးမှာ အနံ့မော်လီကျူးလေးတွေ ပျော်ဝင်သွားပါတယ်။

ဒီလိုရှိုက်ရှူတာကို ကူညီပေးတာကတော့ turbinatesလို့ ခေါ်တဲ့ တွန့်ခေါက်နေတဲ့ နေရာလေးတွေပါပဲ။ ဒါလေးတွေက ဝင်လာတဲ့ လေကို လမ်းကြောင်းတည့်မတ်အောင်၊ နွေးအောင် လုပ်ပေးရုံတင်မကဘဲ လေကိုပါ စစ်ထုတ်ပေးနိုင်ပါတယ်။ ရှိုက်ပြီး ရှူသွင်းလိုက်မယ်ဆိုရင် လေများများပိုဝင်ပြီး အနံ့လည်း ပိုရပါတယ်။

အချွဲအမြှေးပါးမှာ ပျော်ဝင်နေတဲ့ အနံ့မော်လီကျူးတွေက အမြှေးပါးအနှံ့ကို ပျံ့သွားပြီး အမွေးနုလေးတွေကို သွားတွယ်ပါတယ်။ ဒီအမွေးနုလေးတွေမှာ လက်ခံဆဲလ်တွေ ရှိနေတာကြောင့် အနံ့မော်လီကျူးတွေက လက်ခံဆဲလ်နဲ့ ချိတ်ပြီးသား ဖြစ်သွားပြီး အချက်ပြလှိုင်းတွေ ထုတ်ပေးပါတော့တယ်။

ဒီလှိုင်းတွေကို အာရုံကြောသေးသေးလေးတွေက သယ်ဆောင်ပြီး ဦးခေါင်းခွံအောက်ခြေမှာရှိတဲ့ ဇကာပုံစံအရိုးပြားဆီကို ရောက်သွားပါတယ်။ အာရုံကြောသေးသေးလေးတွေ စုပေါင်းလိုက်တဲ့ အခါမှာတော့ အနံ့ခံအာရုံကြောကြီး ဖြစ်သွားပါတယ်။ ဒီအာရုံကြောကနေမှတဆင့် ဦးနှောက်အရှေ့ဘက်မှာရှိတဲ့ အနံ့ခံအာရုံဖု olfactory bulbဆီရောက်သွားပါတယ်။

အနံ့ခံအာရုံဖုက နှာခေါင်း တစ်ပေါက်စီအတွက် တစ်ခုစီ စုစုပေါင်း နှစ်ခုရှိပါတယ်။ အနံ့ခံအာရုံဖုရဲ့ တာဝန်ကတော့ သူ့ဆီရောက်လာတဲ့ အနံ့တွေကို အမျိုးအစားခွဲပေးပြီး ဦးနှောက်ရဲ့ တခြားနေရာတွေဆီကို ပို့ပေးပါတယ်။

လူတွေရဲ့ နှာခေါင်းမှာ အနံ့ခံ လက်ခံဆဲလ်ပေါင်း ၁၂သန်းရှိပြီး အနံ့ပေါင်း တစ်သောင်းလောက်ကို ခွဲခြားပေးနိုင်ပါတယ်။ ခွေးတွေမှာ ဆိုရင်တော့ မျိုးစိတ်ကို လိုက်ပြီး လက်ခံဆဲလ်ပေါင်း သန်း ၁၀၀ကနေ ၂၀၀လောက်ထိ ရှိနိုင်ပါတယ်။ နောက်တစ်ချက်က အနံ့ပြင်းလေလေ၊ အနံ့ကို ရှိုက်ရှူလေလေ အနံ့ခံအာရုံဖုဆီ များများရောက်လေလေ အနံ့ပိုရလေလေပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 03/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။