backup og meta

သွေးဆုံးခြင်းဖြစ်စဉ်ဟာ သဘာဝပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးဆုံးခြင်းဖြစ်စဉ်ဟာ သဘာဝပါ

    အမျိုးသမီးတစ်ယောက်ဟာ တစ်နှစ်လုံးလုံး ဆက်တိုက်သွေးမဆင်းတော့ဘူး။ ရာသီမလာနိုင်တော့ဘူးဆိုရင် သွေးဆုံးပြီလို့ သတ်မှတ်ကြပါတယ်။ ဒါဆိုရင် ကိုယ်ဝန်လည်းမရနိုင်တော့ပါဘူး။ အသက် (၄၅) နှစ်နဲ့ (၅၅)နှစ်ကြားမှာ သွေးဆုံးခြင်း ဖြစ်ပေါ်တတ်ပါတယ်။ တစ်ဦးနှင့်တစ်ဦးတော့ မတူပါဘူး။ အချို့လည်း ဒီအသက်ထက်ပိုကြီးမှ သွေးဆုံးတတ်ကြပါတယ်။

    သွေးဆုံးချိန်မှာ

  • ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း၊
  • ရင်တုန် မောပန်း၍ စားမဝင်အိပ်မပျော်ခြင်း၊
  • အိပ်ပျော်နေစဉ် ခဏခဏလန့်နိုးခြင်း၊
  • ချွေးစေးများ ထွက်လာခြင်း၊
  • ဝလာခြင်းတွေ ဖြစ်လာတတ်ပါတယ်။ အမျိုးသမီးတော်တော်များများအတွက်တော့ သွေးဆုံးခြင်းအတွက် ဆေးကုသဖို့ မလိုအပ်ပါဘူး။
  • သွေးဆုံးချိန်မှာ သွေးဆုံးကိုင်ဝေဒနာတွေ ခံစားရတတ်ပါတယ်။ [ ‘Perimenopause’ ဆိုတဲ့ သွေးဆုံးမှုအကြိုအချိန်မှာ ဟော်မုန်းတွေ စတင်ပြောင်းလဲတတ်ပါတယ်။] အမျိုးသမီးတွေဟာ အသက် ၄၅ နှစ်ကနေ ၅၀ အကြားမှာ သွေးဆုံးလေ့ရှိကြတယ်ဆိုပေမဲ့ ဒီအရွယ်မတိုင်ခင် သွေးဆုံးနိုင်သူတွေလည်း ရှိပါတယ်။ ဒါကို ‘ Early menopause’  ​စောစီးစွာ သွေးဆုံးခြင်းလို့  ခေါ်ပါတယ်။ အမျိုးသမီး ၅ ရာခိုင်နှုန်းလောက်မှာ ဖြစ်နိုင်ပါတယ်။ ဘယ်အချိန် သွေးဆုံးမလဲ ဆိုတာကတော့ မျိုးရိုး ဗီဇနဲ့ မျိုးဥ အိမ်ရဲ့ အနေအထားပေါ်မှာ မူတည်ပါတယ်။

    ‘Perimenopouse’ အချိန်မှာ ရာသီလာခြင်းတွေ မမှန်တော့ပါဘူး။ နောက်ကျရင်လည်း နောက်ကျမယ်။ တစ်ခါတစ်လေ ဓမ္မတာလာနေကြအချိန်မှာ မလာတော့ဘဲ တစ်လလောက်ကြားမှာ ပျောက်သွားမယ်။ ပမာဏဟာ ပုံမှန်မဟုတ်တော့ဘဲ များလွန်းခြင်းနဲ့ နည်းလွန်းခြင်းတွေ ဖြစ်နိုင်ပါတယ်။

    သွေးဆုံးကိုင်ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    အထက်ပါ ရာသီသွေးဆင်းခြင်း ပြောင်းလဲမှုတွေမှ အစပြုကာ

    • ဖိန်းတိန်းရှိန်းတိန်းဖြစ်ခြင်း၊
    • ညအချိန်ချွေးပြန်ခြင်း၊
    • မျက်နှာ နီမြန်းခြင်း၊
    • မိန်းမကိုယ်ခြောက်သွေ့ခြင်း၊
    • ကိုယ်အလေးချိန်တက်လာခြင်း၊
    • စိတ်ဓာတ်ကျခြင်း၊
    • စိတ်မတည်ငြိမ်ခြင်း၊
    • အာရုံးစူးစိုက်မှု နည်းပါးခြင်း၊
    • မေ့လွယ်ခြင်း၊
    • လိင်ကိစ္စတွေမှာ စိတ်မပါတော့ခြင်း၊
    • အသားအရေခြောက်သွေ့ခြင်း၊
    • မျက်လုံး၊နှုတ်ခမ်း ခြောက်သွေ့ခြင်း၊ မစိုပြေတော့ခြင်း၊
    • ဆီးခဏ ခဏသွားခြင်း၊
    • ရင်သားတင်းရင်းနာကျင်ခြင်း၊
    • ခေါင်းကိုက်ခြင်း
    • နှလုံးတုန်ခြင်း၊
    • နှလုံးခုန်မြန်ခြင်း၊
    • ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊
    • ကြွက်သားများ လျော့ရဲလာခြင်း၊
    • အဆစ်အမြစ်များ နာကျင် ကိုက်ခဲခြင်း၊
    • အရိုးပွလာခြင်း၊
    • ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊

    ပုံမှန်မဟုတ်တဲ့ နေရာတွေမှာ အမွေးများ ပေါက်လာခြင်း (မျက်နှာ၊ လည်ပင်း၊ ရင်ဘက်နဲ့ ကျောပြင်) စတဲ့ လက္ခဏာတွေကိုပါ ကြုံတွေ့လာရနိုင်ပါတယ်။

    သွေးဆုံးကိုင်လက္ခဏာတွေဟာ ကင်ဆာဖြစ်နေခြင်း၊ သားဥအိမ်ထုတ်ထားခြင်းနဲ့ ​ဆေးလိပ်သောက်ခြင်းစတဲ့ အရာတွေပေါ်မှာလည်း မူတည်နေပါသေးတယ်။

    သွေးဆုံးကိုင်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့

    • မိန်းမကိုယ် ခြောက်သွေ့ခြင်း၊
    • လိင်ဆက်ဆံရာမှာ နာကျင်လာခြင်း၊
    • ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေ နှေးကွေးလာခြင်း၊
    • အရိုးတွေရဲ့ သိပ်သည်းဆ နည်းလာတဲ့အတွက် အရိုးပွရောဂါဖြစ်ပွားခြင်း
    • စိတ်အစဉ်ပြောင်းလဲလွယ်ခြင်းပြဿနာများ၊
    • မျက်လုံးတိမ်ဖြစ်ခြင်း၊
    • သွားနှင့်ခံတွင်းရောဂါများ၊
    • ဆီးမထိန်းနိုင်တော့ခြင်း၊
    • နှလုံး သွေးကြောကျဉ်းရောဂါများ ခံစားနိုင်ရခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။

    အမျိုးသမီးတစ်ယောက်ဟာ ပုံမှန်ရာသီလာနေရာမှ ဘာကြောင့်သွေးဆုံးသွားရသလဲ။

    သွေးဆုံးခြင်းဟာ သဘာဝတရားကြီးပါ။ သားဥအိမ်ဟာ လူလိုပဲ အိုမင်းတတ်ပါတယ်။ အိုမင်းလာတဲ့အခါ ဟော်မုန်းတွေ ထုတ်လုပ်မှု နည်းပါးသွားပါတယ်။ ‘Oestrogen နဲ့ Progestrone’ လို့ခေါ်တဲ့ မဟော်မုန်း ထုတ်လုပ်မှုဟာ နည်းလာပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ လစဉ် ဓမ္မတာလာဖို့ သားဥအိမ်က မျိုးဥတစ်လုံး ကြွေကျပေးရပါတယ်။ ထိုမျိုးဥဟာ အမျိုးသားတစ်ယောက်ဆီက သုက်ပိုးနဲ့ထိတွေ့ရင်တော့ သန္ဓေအောင်ကာ ကလေးရသွားမှာပါ။ ထိတွေ့မှု မရှိရင်တော့ မမျိုးဥဟာ သားအိမ်တစ်လျှောက် နံရံတွေ၊ အချွဲတွေနဲ့ ရောနှောကာ မိန်းမကိုယ်ကနေ သွေးဆင်းစေမှာပါ။ မမျိုးဥကြွေကျစေဖို့ ကုန်ကြမ်းအနေနဲ့ မမျိုးဥ အိတ်လေးတွေလိုပါတယ်။ မမျိုးဥ အိတ်တွေဟာ အကန့်အသတ် အရေအတွက်နဲ့ ဖြစ်တာမို့ တစ်သက်လုံး မရှိနိုင်ပါဘူး။ ကုန်ချိန်ရောက်တဲ့အခါ သွေးဆုံးခြင်းဖြစ်ရတာပါပဲ။

    အချို့သော အခြေအနေတွေမှာတော့ အရွယ်မတိုင်ခင် သွေးဆုံးသွားတဲ့ အခြေအနေတွေ ရှိပါတယ်။ ဥပမာ

    • ကင်ဆာရောဂါ၊
    • သားဥပြွန်နှစ်ဖက်လုံး ဖြတ်တောက်ခြင်း၊
    • သားဥအိမ် ဖယ်ရှားခြင်း၊
    • သားဥအိမ်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ရပ်တန့်ခြင်း၊
    • ဟော်မုန်းကုသခြင်း၊ ဓာတ်ရောင်ခြည်ကုသခြင်းတွေ စတဲ့ အခြေအနေတွေမှာ သဘာဝအတိုင်းမဟုတ်ဘဲ စောစောစီးစီး သွေးဆုံးသွားတတ်ပါတယ်။

    မမျိုးပွား အင်္ဂါအဖွဲ့အစည်းမှာ ကင်ဆာဖြစ်လာရင် အထက်ပါဆောင်ရွက်ချက်တွေ ပြုလုပ်ရတတ်ပါတယ်။ တင်ပါးဆုံနားတဝိုက် ထိခိုက် ဒဏ်ရာပြင်းထန်စွာရတဲ့အခါမှာ သားဥအိမ်ပျက်စီးခြင်း၊ အရွယ်မတိုင်ခင် သွေးဆုံးခြင်း စတာတွေကို ခံစားရတတ်ပါတယ်။

    သွေးဆုံးခြင်းဖြစ်စဉ်ဟာ အမျိုးသမီးတိုင်းခံစားရမှာ မလွဲဧကန်ပါပဲ။ သွေးဆုံးခြင်းရဲ့ အကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ရပါတယ်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement