backup og meta

လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ

လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ

အမျိုးသားတွေရဲ့ လိင်တံကနေ ဆီးနဲ့ သုက်ရည်ထွက်တာ ပုံမှန်ဖြစ်စဉ်ဆိုပေမယ့် တခြားသော အရည်တွေ ထွက်လာတာ၊ အရည်တွေရဲ့ အရောင်က ပုံမှန်မဟုတ်ဘူးဆိုရင်တော့ စိတ်ပူစရာ ကိစ္စ ဖြစ်လာပါပြီ။ ဒီနေ့ဆောင်းပါးမှာတော့ အမျိုးသားတွေ အမေးများတဲ့ လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ

လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ ဆိုတော့

ဆီးစွန့်ပြွန် ပိုးဝင်ခြင်း (Urethritis)

လိင်တံနဲ့ ဆီးအိမ်ကို ဆက်စပ်ထားတဲ့ ဆီးစွန့်ပြွန် နီရဲရောင်ရမ်းတာ၊ ပိုးဝင်တဲ့ ရောဂါ ဖြစ်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့

  • လိင်တံကနေ အဝါရောင် သို့မဟုတ် စိမ်းဖန့်ဖန့်အရောင် ပြည်အရည်တွေ ထွက်လာတာ
  • ဆီးသွားနေစဉ်မှာ ပူလောင်နေတဲ့ ခံစားချက်ကြီးဖြစ်နေတာ
  • ရုတ်တရက်ကြီး ဆီးသွားချင်စိတ် အလွန်အကျွံဖြစ်လာတာ
  • ဆီးမအောင့်နိုင်တော့တာအပြင် ဘယ်လိုလက္ခဏာမျိုးမှ မပြတာမျိုးလည်း ရှိနိုင်ပါတယ်။

ဆီးစွန့်ပြွန် ပိုးဝင်တယ်ဆိုတာ ရောဂါပိုးရှိသူနဲ့ အကာအကွယ် ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံမိရာမှ ဘက်တီးရီးယားပိုးဟာ ကိုယ့်လိင်တံထဲကနေတဆင့် ဆီးစွန့်ပြွန်ထဲကို ဝင်ရောက်တာဖြစ်ပါတယ်။ တခြား လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ ခလက်မီးဒီးယားရောဂါ (Chlamydia) ၊ လိင်အင်္ဂါရေယုန်ဗိုင်းရပ်စ်၊ ဂနို ဆီးပူညောင်းကျရောဂါတွေကြောင့်လည်း ဆီးစွန့်ပြွန် ပိုးဝင်နိုင်ပါတယ်။

လိင်တံထိပ်ဖူး ရောင်ရမ်းခြင်း (Balanitis)

လိင်တံထိပ်အရေပြား မဖြတ်ထားသူတွေမှာ အလွန်အဖြစ်များတဲ့ ပြဿနာဖြစ်ပြီး ထိပ်အရေပြားဖြတ်ထားသူ တချို့မှာလည်း ထိပ်ဖူးရောင်တာမျိုးတွေ ရှိနိုင်ပါတယ်။

  • လိင်တံထိပ် နီရဲပြီး အဖုအပိမ့်တွေ ထနေတာ
  • ဆီးသွားနေစဉ် နာကျင်တာ
  • ယားယံနေတာ
  • ထိပ်အရေပြား အောက်ကနေ သုက်ရည်မဟုတ်တဲ့ ပြည်အရည်တွေ ယိုစိမ့်နေတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

လိင်တံထိပ်အရေပြား ဖြတ်မထားတဲ့အခါ ရေချိုးတဲ့အခါတိုင်း ထိပ်အရေပြားအောက်မှာ ရှိနေတဲ့ အဖြူရောင်အကျိအချွဲတွေကို အမြဲသန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။ ဒီအကျိအချွဲတွေကို မသန့်ရှင်းဘဲ ပစ်ထားလိုက်တဲ့အခါ တဖြည်းဖြည်းနဲ့ မာလာမယ်။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေ စုဝေးပြီး လိင်တံထိပ် ပတ်လည်က ယားယံကာ ရောင်လာပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းမှုအပြင် ကိုယ်သုံးနေတဲ့ ဆပ်ပြာ၊ အလှကုန်ပစ္စည်း၊ ချောဆီ၊ ကွန်ဒုံးနဲ့ အရေပြား ဓာတ်မတည့်တဲ့အခါ ထိပ်ဖူးရောင်ရမ်းနိုင်သလို လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (UTIs)

အမျိုးသမီးမှာ ပိုပြီး အဖြစ်များတဲ့ ကျန်းမာရေးပြဿနာဆိုပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါမှာ

  • လိင်တံမှ အရည်ကြည် သို့မဟုတ် ပြည်ကဲ့သို့ အဖြူရောင်၊ ဝါဖျော့ဖျော့အရောင် ရှိတဲ့ အရည်တွေထွက်လာတာ
  • မကြာခဏ ဆီးသွားချင်လာတာ
  • ဆီးသွားနေစဉ်မှာ ပူစပ်ပူလောင်ဖြစ်သလို ခံစားရတာ
  • ဆီးအနံ့က စိတ်ကသိကအောက် ဖြစ်စရာကောင်းလောက်အောင် အနံ့ဆိုးလွန်းတာ
  • အဖျားတက်တာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။

လိင်မှတစ်ဆင့် ကူးစက်ရောဂါများ (STDs)

အကာအကွယ်မပါဘဲ ထိုးသွင်းဆက်ဆံမှုပြုတဲ့အခါ ကူးစက်နိုင်ပါတယ်။ ဒီလို လိင်မှတစ်ဆင့် ကူးစက်လာတဲ့ ရောဂါအများစုဟာ လိင်တံမှ ပုံမှန်မဟုတ်တဲ့ ပြည်ယိုစိမ့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ ဒီလိုရောဂါတွေ ကူးစက်ခံရတဲ့အခါမှာ သိသာထင်ရှားတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။

၁။ ခလက်မီးဒီးယားရောဂါဆိုရင်

  • ဆီးစွန့်ပြွန် ပိုးဝင်တာ
  • အရည်ကျဲကျဲ သို့မဟုတ် ပျစ်ချွဲချွဲ အရည်တွေက လိင်တံထိပ်ကနေ စီးကျလာတာ
  • ဝှေးစေ့က ရောင်ရမ်းပြီး နာကျင်နေတာ

၂။ ဂနို ဆီးပူညောင်းကျရောဂါဆိုရင်

  • လိင်တံထိပ်မှ အဖြူရောင်၊ အဝါရောင် သို့မဟုတ် စိမ်းဖန့်ဖန့် အရည်တွေ စိမ့်ထွက်လာတာ
  • ဆီးသွားနေစဉ် နာကျင်တာ
  • ဝှေးစေ့က သိသိသာသာရောင်နေတာအပြင် တခြားလက္ခဏာတွေ တစ်ခုမှ မပြဘဲ ရောဂါရှိလို့ ရှိမှန်းတောင် မသိတဲ့ အခြေအနေတွေပါ ရှိနိုင်ပါတယ်။

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသဖို့လိုအပ်လာပြီလဲ။

  • ဆီး၊ သုက်ရည်ကြည်၊ သုက်ရည် မဟုတ်ဘဲ တခြားပြည်ကဲ့သို့ အရည်တွေ
  • ဆီးသွားရတာ အခက်အခဲဖြစ်လာတာ
  • ဆီးသွားတိုင်း နာကျင်မှုဖြစ်လာတာကို ပုံမှန်မဟုတ်တဲ့ ကျန်းမာရေးအခြေအနေလို့ သတ်မှတ်လို့ရတဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။

ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ရောဂါအခံရှိ၊ မရှိ၊ လိင်မှုကိစ္စပိုင်းဆိုင်ရာ၊ ရောဂါလက္ခဏာတွေကို မေးမြန်းပြီး လိင်တံကို စစ်ဆေးကြည့်မှာ ဖြစ်ပါတယ်။ ထွက်လာတဲ့ ပြည်အရည်တွေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်ပြီးလည်း ရောဂါရှာဖွေနိုင်ပါတယ်။

ကိုယ့်ရဲ့ အခြေအနေပေါ်မူတည်ပြီး ပေးဖို့ လိုအပ်တဲ့ ဆေးဝါးတွေကို ဆရာဝန်ကိုယ်တိုင် သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ဆေးအညွှန်းအတိုင်း မပျက်မကွက်သောက်ဖို့နဲ့ ဆရာဝန်ရက်ချိန်းတဲ့အတိုင်း မှန်မှန်ပြသပေးမယ်ဆိုရင် လုံးဝပျောက်သွားနိုင်ပါတယ်။

ကာကွယ်တဲ့အနေနဲ့ လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးကို မဖြစ်မနေ သုံးပေးဖို့ လိုအပ်တယ်ဆိုတာကို အမြဲသတိရှိနေဖို့ လိုအပ်ပါတယ်နော်။ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါကြောင့်ဆိုရင်တော့ မိမိအဖော်ကိုပါ စစ်ဆေးကုသဖို့ လိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Abnormal Male Penile Discharge –https://www.healthline.com/health/male-discharge-normal (April 18, 2019)

What Is Penile Discharge –https://www.medicinenet.com/penile_discharge/symptoms.htm (April 18, 2019)

ယခုပုံစံ

01/09/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လူကြားထဲရောက်မှ ရုတ်တရက် လိင်တံထောင်မတ် လာတာကို ဘယ်လိုဖြေရှင်းမလဲ

လိင်တံအရေပြား ပေါ်မှာ ပေါက်တဲ့ ဝက်ခြံ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 01/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement