ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားအကောင်လေးတွေက ဆီးလမ်းကြောင်းထဲကို အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်သွားတဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါလက္ခဏာတွေ စတင်ပြပါတယ်။ ဘက်တီးရီးယား၊ မှိုရောဂါပိုး၊ အလွန်ရှားပါးတဲ့ အခြေအနေမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်အရ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေထက် တိုလွန်းတာကြောင့် ဆီးလမ်းကြောင့်ပိုးဝင်နိုင်ခြေ ၄ဆ ပိုများပါတယ်။ ဆီးလမ်းကြောင်းတွင်းသို့ ပိုးဝင်တဲ့အခါ ဒီရောဂါပိုးဟာ ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးစွန့်ပြွန်ထိပါ ကူးစက်ဝင်ရောက်ပြီး အတွင်းကနေ ပျက်စီးစေကာ လုပ်ဆောင်ချက်များကို ကျဆင်းစေပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။

တစ်ခါတလေမှာ ရောဂါလက္ခဏာ လုံးဝမပြတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အကယ်လို့ လက္ခဏာပြပြီဆိုရင်တော့

  • ဆီးသွားတဲ့အချိန် လိင်အင်္ဂါတွင်း ပူစပ်ပူလောင်ဖြစ်နေတာ
  • ဆီးတော့ ခဏခဏ သွားတယ်၊ ဆီးထွက်တာ နည်းနေတာ
  • ဆီးစွန့်ချင်စိတ် ထိန်းမရအောင် ဖြစ်နေတာ
  • ဆီးထဲမှာ သွေးပါတာ
  • ဆီးအရောင်က အဖြူရောင်နောက်ကျိကျိ အရောင်ဖြစ်နေတာ
  • ဆီးအရောင်က အညိုပုပ်ရောင်ဘက်ကို သမ်းနေတာ
  • ဆီးအနံ့ အရမ်းပြင်းလွန်းတာ
  • အမျိုးသမီးတွေမှာဆိုရင် တင်ပါးဆုံရိုး အောင့်ပြီး
  • အမျိုးသားတွေမှာ စအိုပတ်လည်က နာကျင်နေတာ စတဲ့ လက္ခဏာတွေကို အများဆုံး တွေ့ရပါတယ်။

သိပ်ကို ပြင်းထန်လွန်းတဲ့အခြေအနေ သို့မဟုတ် ဆီးလမ်းကြောင်းအတွင်းဘက်သို့ ကူးစက်ခံရတဲ့အခါ

  • ကျောနဲ့ ဘေးပတ်လည်မှာ နာကျင်ပြီး အောင့်နေသလို ခံစားရတာ
  • ချမ်းစိမ့်စိမ့်ဖြစ်တာ
  • အဖျားတက်တာ
  • မူးဝေအော့အန်ချင်တာ စတာတွေပါ တွေ့ရပါတယ်။

ပျောက်ကင်းအောင် ကုသဖို့ဆိုရင် ဘာတွေလုပ်သင့်လဲ။

၁။ အရင်ဆုံး အပေါ်မှာ ပြထားတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်ပါ။

၂။ ဆရာဝန်အနေနဲ့ လူနာရဲ့ ကျန်းမာရေးအခြေအနေ၊ လိင်မှုကိစ္စဆိုင်ရာ အကြောင်းအရာတွေကို မေးမြန်းပြီးတဲ့အခါ ဆီးစစ်ခိုင်းပါလိမ့်မယ်။

၃။ ရလာတဲ့ ဆီးနမူနာကို ဓါတ်ခွဲခန်းသို့ပို့ပြီး အခြေအနေကို လေ့လာစစ်ဆေးမှာ ဖြစ်ပါတယ်။

၄။ အဖြေရလာတဲ့အချိန်မှ ကိုယ့်ဆီးလမ်းကြောင်းမှာ ရှိနေတဲ့ ရောဂါပိုးကို အမြန်ဆုံးတိုက်ထုတ်ပေးနိုင်မယ့် ပဋိဇီဝဆေး (Antibiotics) တွေကို ပေးသွားမှာဖြစ်ပါတယ်။

၅။ ဆရာဝန်ရဲ့ ဆေးအညွှန်းအတိုင်းကို သေချာသောက်သွားမယ်ဆိုရင် အချိန်တိုအတွင်းမှာ အမြစ်ပြတ် ပျောက်ကင်းသက်သာသွားနိုင်ပါတယ်။

မပြလို့ရော ရမလား။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် စောစောသိပြီး ကုသမှုခံယူရင် ပျောက်ကင်းဖို့ အရမ်းလွယ်ပါတယ်။ ပိုးသတ်ဆေး၊ မှိုပိုးသတ်ဆေးတွေ မသောက်ဘဲနဲ့တော့ ရောဂါလုံးဝပျောက်မှာ မဟုတ်ပါဘူး။ အပေါ်မှာ ပြထားတဲ့ လက္ခဏာတွေသာမက မကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် ကျောက်ကပ်၊ ဆီးအိမ်ပိုးဝင်ပြီး ပျက်စီးကာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်သွားနိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲ။

၁။ တစ်နေ့ကို ရေ ၃လီတာထက် မနည်းသောက်ပေးပါ။

၂။ ဆီးသွားချင်ရင် အောင့်မထားပါနဲ့။ ဆီးကိုလည်း ပုံမှန်သွားပေးပါ။

၃။ အမျိုးသမီးတွေဆိုရင် မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့ဘက်ကနေ အနောက်ဘက်ကို လက်ဖြင့်ဆွဲပြီး သန့်ရှင်းရေးလုပ်ပေးပါ။

၄။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကိုသာ အသုံးပြုပါ။ ဆပ်ပြာနဲ့ တိုက်ချွတ်ဆေးတာမျိုး မလုပ်ပါနဲ့။

၅။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကို အသုံးပြုပါ။

၆။ လိင်ဆက်ဆံပြီး နာရီဝက်အတွင်း ဆီးတစ်ကြိမ် သွားပါ။

၇။ အထူးသဖြင့် စအိုဖြင့်လိင်ဆက်ဆံပြီးတဲ့အခါ ထိုးသွင်းသူ အမျိုးသားအနေနဲ့ ဆီးသွားဖို့လိုအပ်တဲ့အပြင် လိင်အင်္ဂါကိုပါ ဆပ်ပြာနဲ့ သေချာဆေးကြောဖို့လိုအပ်ပါတယ်။

၈။ ဆီးချိုရောဂါရှင်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အရင်က ဆီးလမ်းကြောင်း ပိုးဝင်ဖူးတဲ့သူတွေမှာဆိုရင် ထပ်ပြီး ဖြစ်နိုင်ခြေပိုးများတာကြောင့် သေချာဂရုစိုက်ပေးပါ။

၉။ ကိုယ်ခံအားစနစ်ကို ကောင်းနေဖို့ အိပ်ရေးဝအောင် အိပ်ပါ။ အစာအာဟာရပြည့်ဝစုံလင်စွာ စားပေးပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။+

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဩဂုတ် 27, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 27, 2019