backup og meta

စိတ်ကြွစိတ်ကျဝေဒနာခံစားနေရသူများရဲ့ အနားမှာ ဘယ်လိုနေမလဲ


Dr. Thant Zin မှ ရေးသားသည်။ · 28/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကြွစိတ်ကျဝေဒနာခံစားနေရသူများရဲ့ အနားမှာ ဘယ်လိုနေမလဲ

    စိတ်ကြွစိတ်ကျဝေဒနာခံစားနေရသူများရဲ့ အနားမှာ နေရတာဟာ စိန်ခေါ်မှုတရပ်ပါပဲ။ စိတ်အတက်အကျမြန်တဲ့သူတွေနဲ့ နေရတာ ခက်ခဲမှုရှိပါတယ်။ သူတို့ဘဝကို နားလည်ပေးနိုင်မှ အဆင်ပြေပါလိမ့်မယ်။ သူတို့ရဲ့လက္ခဏာတွေနဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်းတွေကို သတိပြုမိဖို့ လိုပါတယ်။ သူတို့ရဲ့ဝေဒနာဟာ သင့်အပေါ်မှာလည်း ထိခိုက်မလာစေဘဲ သူတို့ကို ကူညီပေးနိုင်ဖို့၊ အတူရှိနိုင်ပေးဖို့ လိုအပ်ပါတယ်။

    ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ကြွစိတ်ကျဝေဒနာခံစားရသူတွေနဲ့ အတူနေတဲ့အခါ ဘယ်လိုအချက်တွေကို လုပ်ဆောင်သင့်သလဲဆိုတာပါပဲ။

    ၁။ လေ့လာပြီး ချဉ်းကပ်ပါ

    စိတ်ကြွစိတ်ကျဝေဒနာမှာ အလွန်အမင်း အထီးကျန်တဲ့ အခြေအနေကို ဦးတည်တတ်ပါတယ်။ သူတို့ဘာတွေကြုံနေရတယ်ဆိုတာကို ဘယ်သူကမှ နားလည်ဂရုစိုက်ခြင်းမရှိဘူးလို့ ထင်မြင်ကြပါတယ်။ အထူးသဖြင့် စိတ်ကျတဲ့အခြေအနေမှာ ဖြစ်ပါတယ်။ ဒီလို စိတ်အခြေအနေတွေကို သိမြင်အောင်လေ့လာဖို့ လိုပါတယ်။ ဒါမှသာ သူတို့ဘာတွေ ရင်ဆိုင်နေရသလဲ နားလည်နိုင်ပါ့မယ်။ သူတို့ဖက်ကလည်း သူတို့ကို နားလည်ပေးနိုင်တဲ့သူ ရှိနေတယ်လို့ ခံစားနိုင်မှာ ဖြစ်ပါတယ်။

    ၂။ လက္ခဏာတွေကို မှတ်သားထားပါ။

    သူတို့ရဲ့ အတက်အကျကို သိအောင်လုပ်ပါ။ စိတ်ကြွစိတ်ကျဝေဒနာသည်တချို့ရဲ့ အတက်အကျဆက်တိုက်ဖြစ်ခြင်းဟာ အတော်ကြာမှ တကြိမ်လောက် ဖြစ်တတ်ကြပါတယ်။ တချို့ကတော့ မကြာခဏ ပြောင်းလဲလွယ်ပါတယ်။ သူတို့ရဲ့ ပြောင်းလဲမှုပုံစံကို မှတ်သားထားရင် သူတို့ရဲ့ဖြစ်နိုင်ခြေ အနေအထားကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။

    ၃။ အာရုံစိုက် နားထောင်ပါ

    စိတ်ကြွစိတ်ကျဝေဒနာသည်တွေပြောတဲ့ စကားတွေကို အာရုံစိုက်နားထောင်ပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် သူတို့တွေ စိတ်ကျနေချိန်မှာ သူတို့ဘာကြောင့် အရမ်းဝမ်းနည်းနေရသလဲဆိုတာကို သင်နားလည်ဖို့ ခက်ပါလိမ့်မယ်။ အကောင်းဆုံးကတော့ သူတို့ပြောတာတွေကို နားထောင်ပေးဖို့ပါပဲ။ သူတို့ရဲ့ ခံစားချက်တွေကို စိတ်ပါလက်ပါ နားထောင်ပေးခြင်းဟာ သူတို့ကို ပိုပြီး နေလို့ထိုင်လို့ ကောင်းစေပါတယ်။

    ၄။ စိတ်ကြွတဲ့ အခြေအနေကို ဂရုပြုစောင့်ကြည့်ပါ

    စိတ်ကျတဲ့အနေအထားမှာ တယောက်နဲ့တယောက် ဆင်တူကြပေမယ့် စိတ်ကြွတဲ့အနေအထားမှာတော့ ကွာခြားပါတယ်။ စိတ်ကြွချိန်မှာလည်း ပြောဆိုဆက်ဆံဖို့ အင်မတန်ခက်ခဲပါတယ်။ ကွန်ပျူတာရှေ့မှာ တချိန်လုံး အလုပ်ထိုင်လုပ်နေတာ၊ အတွေးအခေါ်တွေကို တချိန်လုံး ထုတ်ဖော်နေတာ စတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ သူတို့ကို အကဲဖြတ်ခြင်း၊ ဝေဖန်ခြင်း မပြုပါနဲ့။ သူတို့ကို ပြန်ငြိမ်သွားအောင်ဆိုရင် သူတို့ရဲ့ အမူအကျင့်တွေကို သိပ်ပြီး အာရုံမစိုက်ပါနဲ့။ သူတို့ပြုလုပ်နေတဲ့ လုပ်ရပ်တွေကနေ အာရုံလွဲသွားအောင်သာ ကူညီပေးပါ။

    ၅။ ဘာကူညီရမလဲဖွင့်မေးပါ

    စိတ်ကြွစိတ်ကျဝေဒနာရှင်တွေမှာ သူတို့ရဲ့ကိစ္စ အ၀၀အတွက် အခက်အခဲရှိပါတယ်။ ကလေးတွေကို မကြည့်နိုင်တာ၊ လုပ်ငန်းခွင်ကို အာရုံမစိုက်နိုင်တာ စတာမျိုးတွေ ဖြစ်ပါတယ်။ သင်ကူညီနိုင်တဲ့ အတိုင်းအတာဆိုရင် ကူညီရမလားဆိုတာ ဖွင့်မေးပါ။ တတ်နိုင်တာမျိုးကို လုပ်ပေးပါ။

    ၆။ ဖိအားမပေးပါနဲ့

    စိတ်ကြွစိတ်ကျဝေဒနာသည်တွေနဲ့ ဆက်ဆံရာမှာ သူတို့ကို ဖိအားမပေးပါနဲ့။ ဒီပြဿနာဟာ သင်လိုသလို ဖွင့်နိုင်ပိတ်နိုင်တဲ့ ခလုတ်တခုမဟုတ်ပါဘူး။

    ၇။ ဆေးသောက်ဖို့ တိုက်တွန်းပါ

    စိတ်ကြွစိတ်ကျခြင်းဟာ ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်တာမို့ တခါတရံမှာ ဆေးသောက်ဖို့ မလိုအပ်သလို ထင်မိကြပါတယ်။ ခဏတာသက်သာနေပြိးမှာ စိတ်ကြွလာခြင်း၊ စိတ်ကျသွားခြင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆေးမှန်မှန်သောက်ဖို့ တိုက်တွန်းရပါမယ်။

    ၈။ သင့်ရဲ့ခံစားချက်တွေကိုလည်း ပြောပြပါ။

    သူတို့ပြောတာတွေကိုပဲ နားထောင်ရုံသာမကဘဲ သင့်ခံစားချက်တွေကိုလည်း သူတို့ကို ပြောပြဖို့လိုပါတယ်။ စိတ်ကြွစိတ်ကျခြင်းဟာ သူတို့အပေါ်မှာပဲ ထိခိုက်တာမဟုတ်ဘဲ သူတို့အနားမှာရှိတဲ့ သင့်အပေါ်မှာလည်း ရိုက်ခတ်မှုရှိကြောင်း ပြောပြပါ။

    ၉။ သင့်အတွက်လည်း အကူအညီရယူပါ

    စိတ်ကြွစိတ်ကျနေသူများနဲ့ နေထိုင်ဆက်ဆံရတာ ခက်ခဲပါတယ်။ ရေရှည်မှာ သင့်ကိုလည်း ထိခိုက်လာနိုင်ပါတယ်။ သင့်ပြဿနာတွေအတွက် တခြားတယောက်ယောက်ဆီကလည်း အကူအညီယူပါ။ သင့်အခက်အခဲတွေကို ဖွင့်ဟပါ။

    ၁၀။ ခဏအနားယူပါ

    သင့်အနေနဲ့လည်း သူတပါးကို ကူညီပေးနေပေမယ့် အတိုင်းအတာတခုရှိတာ သတိပြုရပါမယ်။ သင်ကိုယ်တိုင် ပင်ပန်းလာချိန်မှာ သူတို့နားကနေ ခဏခွာပြီး စိတ်ပြေလက်ပျောက်အနားယူသင့်ပါတယ်။ ကိုယ်ပိုင်အချိန် ရှိသင့်ပါတယ်။ ဒါမှသာ သူတို့ကို ရေရှည်အကူအညီပေးဖို့ အားပြည့်ပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 28/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement