backup og meta

အမြင့်ရောက်ရင် ဘာလို့ ခုန်ချချင်စိတ်ပေါ်တာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 11/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမြင့်ရောက်ရင် ဘာလို့ ခုန်ချချင်စိတ်ပေါ်တာလဲ

    တကယ်လို့ သင်ဟာ ခပ်မြင့်မြင့် နေရာတစ်နေရာကို ရောက်နေတယ်ဆိုပါဆို့။ အစွန်အဖျားနေရာကနေ အောက်ကို ငုံကြည့်ချိန်မှာ ခုန်ချချင်စိတ်ဖြစ်ဖူးပါသလား။ ကိုယ်ကိုယ်ကို သတ်သေချင်စိတ်အပါအဝင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာ မရှိပါဘဲနဲ့ တစ်စုံတစ်ယောက်ကပဲ တိုက်တွန်းနေတာလိုလို၊ ကိုယ်တိုင်ကပဲ စိတ်ဆန္ဒရှိနေတာလိုလို စိတ်ခံစားချက်မျိုး သင့်စိတ်ထဲခံစားနေရပြီး အောက်ကိုခုန်ချချင်လာတာမျိုးပေါ့။

    ဒါ ဘာဖြစ်တာလဲ။ သင့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေအားနည်းတာလား။ သင့်ရဲ့ အတွင်းစိတ်ထဲမှာ စိတ်ကျန်းမာရေး ချို့ယွင်းနေပြီလား။

    ဒီလို စိတ်ခံစားချက်မျိုးကို “the call of the void” လို့ ခေါ်ပါတယ်။ မူရင်းစကားလုံးက “l’appel du vide” ဆိုတဲ့ ပြင်သစ်စကားစုပါ။ မြန်မာလိုဆိုရင်တော့ စိတ်ရိုင်းဝင်တယ်လို့ ဆိုရမယ်ထင်ပါတယ်။ ဒီလို စိတ်အခြေအနေမျိုးက လူတိုင်းမှာ မဖြစ်တတ်ပေမယ့် လူတချို့မှာတော့ ဖြစ်နိုင်ပါတယ်။ ဖြစ်လည်းဖြစ်နေကြပါတယ်။ ဖလော်ရီဒါပြည်နယ်တက္ကသိုလ်ရဲ့ သုတေသနရလဒ်တွေအရ ၅၀% သောလူတွေဟာ ဒီလို စိတ်ခံစားချက်မျိုးနဲ့ ကြုံရလေ့ရှိတယ်လို့ ဆိုထားပါတယ်။

    ခုလို ခုန်ချဖို့ လှုံ့ဆော်မှုဟာ ဦးနှောက်ရဲ့ တုန့်ပြန်ပုံ ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းဖြစ်ပြီးတော့ ဦးနှောက်ဟာ အသက်ရှင်ရန်ခုန်ချဖို့လိုအပ်တယ်လို့ လွဲမှားစွာ သိနားလည်နေတာကြောင့်ဖြစ်ပါတယ်။

    သိပ္ပံပညာရှင်တွေကတော့ ဒီလိုလက္ခဏာမျိုးကို “High Place Phenomenon (HPP)” လို့ ခေါ်ဆိုကြပါတယ်။ ဦးနှောက်ရဲ့ နားလည်မှုလွဲမှားချက် အမျိုးအစားတစ်မျိုးလို့ သိနားလည်ထားရပါတယ်။

    လူတစ်ယောက်ဟာ မြင့်မားတဲ့နေရာတွေ၊ အဆောက်အအုံတွေ၊ တံတားတွေနဲ့ တောင်ကမ်းပါးစွန်းတွေကို ရောက်ချိန်မျိုးတွေမှာ ဦးနှောက်ဟာ သတိပေးချက် Signal တွေ ထုတ်ပေးလေ့ရှိပါတယ်။

    အန္တရာယ်ရှိနိုင်ကြောင်း၊ သတိထားဖို့ လိုအပ်ကြောင်း သတိပေးချက်ဖြစ်ပါတယ်။ ဒါဆိုရင် သင်ဟာနောက်ဆုတ်သွားမှာဖြစ်ပြီး ဘေးအန္တရာယ်ကို သတိပြုမိမှာဖြစ်ပါတယ်။

    ဒါပေမယ့် တချို့အခြေအနေတွေမှာ ဒီလိုရပ်နေတာဟာ အန္တရာယ်မရှိနိုင်ဘူးလို့ မသိစိတ်က တွေးမြင်လက်ခံနေတာမျိုးဖြစ်နေတတ်ပါတယ်။ ဒီအခြေအနေမှာ ခုလို ခုန်ချဖို့ တွန်းအာမျိုးပေါ်လာတတ်ပါတယ်။ ကိုယ်တိုင်က ခုန်ချဖို့ စိတ်ဆန္ဒမရှိသလို စိတ်လည်းမကူးထားပေမယ့် ခုန်ချအောင် တိုက်တွန်းမှု တစ်စုံတစ်ရာရနေသလို ခံစားနေရတာမျိုးဖြစ်ပါတယ်။

    ဒီလို ခံစားချက်မျိုးပေါ်လာတဲ့သူတိုင်းဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ စိတ်ဆန္ဒမရှိသူတွေဖြစ်ကြပြီး ရည်ရွယ်ချက်မရှိပဲ ရုတ်တရက်ပေါ်ပေါက်လာတဲ့ စိတ်ခံစားချက်မျိုးဖြစ်ပါတယ်။

    ဒီလို ဦးနှောက်ဖောက်ပြန်မှုဟာ ခုန်ချချင်စိတ် တစ်ခုတည်းသာမဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ သင်ကားမောင်းနေရင်း လမ်းမှာတွေ့တဲ့ တစ်စုံတစ်ရာတွေကို ဝင်တိုက်ပစ်လိုက်ချင်စိတ် ပေါ်လာတာမျိုး၊ ကလေးငယ်ကို ရေချိုးပေးနေရင်း ရေနှစ်ပစ်ချင်စိတ်ပေါ်လာတာမျိုး၊ မိတင်ခန်းထဲမှာထိုင်နေရင်း အထက်လူကြီးကို အော်ဟစ်ကြိမ်းမောင်းပစ်ချင်စိတ် ပေါ်လာတာမျိုးတွေနဲ့ အတူတူပဲဖြစ်ပါတယ်။ “intrusive thoughts” လို့လည်း ခေါ်ဆိုကြပါတယ်။

    ဒီလိုလက္ခဏာမျိုးတွေဟာ Obsessive-Compulsive Disorder (OCD) ရောဂါလို စိတ်နဲ့လူနဲ့မကပ်ပဲ ထင်ယောင်ထင်မှား အထပ်အထပ်အခါခါ လုပ်မိနေတာမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူအများစုကတော့ OCD ရောဂါ မရှိပါပဲနဲ့ စိတ်ရိုင်းတွေ တွေးတော့မိနေကြတာ ဖြစ်ပါတယ်။

    များသောအားဖြင့်တော့ ဒီလိုစိတ်ခံစားချက်မျိုးပေါ်လာရုံနဲ့ တကယ်ကျူးလွန်လိုက်မိတာမျိုး ဖြစ်နိုင်ချေနည်းပါးလှပါတယ်။ ဒါပေမယ့် မကြာခန ဒီလို စိတ်ခံစားချက်မျိုးတွေ ကြုံနေရတယ်ဆိုရင်တော့ဖြင့် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးတာမျိုးက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အကြောင်းကတော့ ခုလို စိတ်ခံစားချက်မျိုး မကြာခဏပေါ်လာနေတာဟာ Obsessive-Compulsive Disorder (OCD) ရောဂါ လက္ခဏာလည်းဖြစ်နိုင်တာမို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 11/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement