လတ်တလောမှာ လူတွေရဲ့ စိတ်က ထိလွယ်ရှလွယ်အနေအထားကို ရောက်နေပါပြီ။ အိမ်ထဲမှာ နေနေရတာလဲကြာပြီ၊ ဒီကပ်ကြီး ဘယ်တော့ပြီးမှာလဲ မသေချာ၊ အလုပ်သွားတဲ့သူတွေကလည်း ဘယ်တော့များ အကူးခံရမလဲဆိုပြီး ထိတ်တလန့်လန့်နဲ့ စိုးရိမ်နေကြရပါတယ်။ ထုတ်သာ မပြောတာ တစ်ယောက်ဆီမှာ တစ်မျိုးစီ စိတ်ဖိစီးမှုတွေနဲ့ရယ်ပါ။
ဒီကြားထဲမှာ ဒီပူပင်သောကတွေကို ပိုဆိုးအောင် လုပ်နေတာက ဆိုရှယ်မီဒီယာပါပဲ။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် အဓိက သုံးကြတာတော့ ဖေ့ဘွတ်ပေါ့။ တစ်နေ့ တစ်နေ့ လုပ်စရာ ထူးထူးခြားခြားလည်း မရှိ၊ ပျင်းလည်း ပျင်းလာတဲ့အခါ ဒါကိုပဲ လက်က မချနိုင် သုံးမိလာပါတယ်။ ဒါရဲ့ နောက်ဆက်တွဲကတော့ . . .
ဆိုရှယ်မီဒီယာတွေ အသုံးလွန်တဲ့အခါ
-
ကိုယ့်ကိုယ်ကို နှိုင်းယှဉ်တတ်လာတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်များများက အဆင်ပြေတာပဲ တင်ပါတယ်။ လက်တွေ့မှာ အဆင်မပြေတာကို သိပ်မတင်ကြပါဘူး။ ဘယ်လိုဆိုင်ကြီးမှာတော့ ဒီနေ့ သွားစားခဲ့တယ်။ ဒီနေ့တော့ နောက်ဆုံးပေါ်ဖုန်းတစ်လုံးဝယ်လိုက်တယ် စသဖြင့်ပေါ့လေ။ ဒီတော့ ‘ဟာ သူများတွေက သိပ်အဆင်ပြေတာပဲ။ ငါတစ်ယောက်တည်း ဒီလို ပင်ပန်းရုန်းကန်နေရပါလား’ဆိုပြီး တွေးလာတတ်ပါတယ်။
တကယ်တော့ အချိန်တိုင်း အဆင်ပြေနေတဲ့သူဆိုတာ မရှိပါဘူး။ ဆိုရှယ်မီဒီယာမှာ ဘယ်သူကမှ ကိုယ်အကြွေးတွေ ဆပ်ရမယ်၊ ဒီလ အိမ်လခ မပေးနိုင်ဘူး၊ အလုပ်ဖြုတ်ခံရတယ် ဒီလို အကြောင်းအရာတွေကို မတင်ပါဘူး။ ဒါကြောင့် ဆိုရှယ်မီဒီယာကို ကြည့်ပြီး ကိုယ့်ကိုယ်ကို သူများနဲ့ နှိုင်းယှဉ်ရင်း စိတ်တွေ ပင်ပန်းလာပါတယ်။
-
ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ ထိပါးခံရတယ်။
အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ ပုံလှလှလေးတွေ အပျော်သဘောနဲ့ တင်လိုက်ပေမယ့် အခန့်မသင့်ရင် ဒါက sex groupတွေထဲရောက်သွားတတ်ပါတယ်။ ဒါပုံတင်တဲ့ အမျိုးသမီးတွေရဲ့ အပြစ်မဟုတ်ပါဘူး။ ဒါက သူတို့လွတ်လပ်ခွင့်ပါ။ ဆိုလိုတာက ဆိုရှယ်မီဒီယာက privacyကို ထိန်းသိမ်းတယ်ဆိုပေမယ့် ဒါကလည်း အတိုင်းအတာတစ်ခုထိပါပဲ။ ဒါရဲ့ အကျိုးအပြစ်တွေကို ကြိုတွေးထားဖို့လိုပါတယ်။
-
အပြိုင်အဆိုင်တွေ လုပ်လာတယ်။
ခုနက ပြောသလိုပေါ့။ အသိယောက်က နောက်ဆုံးပေါ်ဖုန်းတစ်လုံး ဝယ်လိုက်တယ်။ ဒါကို ကိုယ်ကကြည့်ပြီး သူက ဘာမို့လို့ ဝယ်နိုင်တာလဲ။ ငါလည်း ဝယ်နိုင်တာပေါ့ဆိုပြီး လိုက်ပြိုင်မိပါတယ်။ တကယ်က ကိုယ့်မှာ ဒီဖုန်းဝယ်တာထက် အရေးကြီးတဲ့ သုံးစရာတွေ အများကြီးရှိမှာပါ။ ဒါပေမယ့် သူများဝယ်တာမြင်တော့ ပြိုင်ဆိုင်လိုစိတ်သက်သက်နဲ့ လိုက်လုပ်မိတာပေါ့။
ဖုန်းလောက်ထိရှည်ရှည်ဝေးဝေး မပြောပါနဲ့။ အွန်လိုင်းမှာ ဆိုင်လေးတစ်ဆိုင်က စားကောင်းတယ်ဆိုပြီး တက်လာရင်တောင် သွားစားလိုက်ရမှ။ မစားလိုက်ရရင် ခေတ်နောက်ကျသလိုလို ခံစားရပါတယ်။ ဒါက ဆိုရှယ်မီဒီယာရဲ့ လှည့်ကွက်တစ်ခုပါပဲ။
-
စိတ်တွေ ဖိစီးလာတယ်။
ဆိုရှယ်မီဒီယာမှာ တစ်နေ့တစ်နေ့ တက်လာလိုက်တဲ့ သတင်းတွေကို ကြည့်ရင်း တော်ကြာ ဒေါသထွက်ရ၊ သနားရ၊ စိတ်ပျက်ရ၊ စိတ်ဓာတ်ကျရနဲ့ စိတ်ဖိစီးလာပါတယ်။ ဒါကြောင့် စိတ်က ထိလွယ်ရှလွယ်ဖြစ်ပြီး ပေါက်ကွဲထွက်လာပါတယ်။ တစ်ယောက်ယောက်က ပို့စ်တစ်ခုတင်လိုက်ရင် ဆိုလိုရင်းကို သေချာမဖတ်ဘဲ ကိုယ့်စိတ်နဲ့ မကိုက်တဲ့ အသုံးအနှုန်းတစ်ခုပါတာနဲ့ ဆဲတော့တာပါပဲ။ သူများပို့စ်အောက်မှာ ကိုယ်မကြိုက်တဲ့ ကောမန့်တစ်ခုတွေ့ရင်လည်း ဝင်ဆဲတော့တာပါပဲ။ နည်းနည်းမှ အတိမ်းအစောင်း မခံတော့ပါဘူး။ မကြိုက်တာနဲ့ ဆဲ။ ဘယ်လောက်တောင် ဖြစ်ကြလဲဆိုရင် ဟိုအဖွဲ့ ဒီအဖွဲ့တွေ ကွဲပြီး ရက်နဲ့ချီ ရန်ဖြစ်ကြတော့တာပါပဲ။ အရပ်အခေါ် keyboard fighterများပေါ့။
စဉ်းစားကြည့်မယ်ဆိုရင် အပြင်မှာ လူချင်းတွေ့ပြီး စကားပြောနေမယ်။ သူ့စကားထဲမှာ ကိုယ်မကြိုက်တာ တစ်ခုခုပါသွားရင် ချက်ချင်းထဆဲမလား။ မဆဲလောက်ဘူးနော်။ နားမထောင်ချင်ရင် အကျိုးသင့်အကြောင်းသင့်ပြောမယ်။ ဒီထက်ပိုဆိုးရင် ထထွက်သွားလိုက်မယ်ပေါ့။ ခုက ဆိုရှယ်မီဒီယာဆိုတဲ့ virtual worldထဲမှာ ဖြစ်နေတာ့ သူ့လည်း ကိုယ်မမြင်၊ keyboardကနေလည်း လှမ်းထိုးလို့ မရတော့ စိတ်ထဲမှာ နည်းနည်း စိတ်ချပြီး တစ်ခုခုဆိုတာနဲ့ အဆဲကနေ စတော့တာပါပဲ။
ဒါက အမုန်းစကားတွေပဲ ဖြစ်လာပါတယ်။ ဒီအမုန်းစကားတွေက ကောမန့်တွေပဲ။ ပြီးရင် ပြန်ဖျက်လိုက်လို့ရတယ်၊ မကျေနပ်ရင် ဘလော့လိုက်လို့ရတယ်ဆိုတဲ့ စိတ်နဲ့ ပြောနေကြတာပါ။ လေထဲက စကား လေထဲမှာ မပျောက်ဘဲ အပြောခံရသူက စိတ်ထဲမှာ စွဲလာတဲ့အခါ မလိုအပ်ဘဲ စိတ်တွေ ဖိစီးလာပါတယ်။ ကောမန့် ၁၀ခုမှာ ၉ခုက အကောင်းပြောပြီး ၁ခုလောက်က ဆဲထားရင်တောင် ဒီဆဲထားတာကိုပဲ စိတ်ထဲရောက်ပြီး ငါ့ကို ပြောရကောင်းလားဆိုပြီး စိတ်တွေ ဖိစီးလာပါတယ်။
-
သတင်းတွေကို အလွယ်တကူယုံလာကြတယ်
သတင်းတစ်ခုတင်လိုက်ရင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရှဲလိုက်ကြတယ်။ သတင်းမှန်လား၊ သတင်းမှားလား။ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ မစဉ်းစားတတ်တော့ပါဘူး။ ကိုယ့်ရဲ့ အကောင့်တွေ၊ ပေ့ချ်တွေ လိုက်ခ်များဖို့ပဲ အာရုံစိုက်လာကြတယ်။ ဒါကို သေချာ မစဉ်းစားဘဲ လိုက်ယုံမယ်၊ လိုက်လုပ်မယ်ဆိုရင် ကိုယ်ပဲ ဒုက္ခရောက်မှာပါ။ သတင်းမှားတွေ များလား မများလားဆိုရင် တော်ကြာတစ်ခုတင်လိုက်၊ ခဏနေရင် ဒီလိုမဟုတ်ပါဘူးဆိုပြီး ပြန်တင်လိုက်၊ တော်ကြာ အဖြစ်မှန်က ဒီလိုပါဆိုပြီး ပြန်တင်လိုက်နဲ့ လုံးလည်ချာလည်လိုက်နေတာပါပဲ။ ဒါကြောင့် ဒီလိုသတင်းတွေရန်က ရှောင်နိုင်ဖို့ ကိုယ့် စဉ်းစားဉာဏ်ကို သုံးရပါမယ်။
ဒီလို ဒီလို အချက်တွေကြောင့် ဆိုရှယ်မီဒီယာကနေ detox လုပ်မယ်ဆိုတာတွေ ဖြစ်လာတာပေါ့။
သိုင်းလောက အရှုပ်အရှင်းတွေထဲက ခဏအနားယူဖို့ဆိုရင်
- ရုံးပိတ်ရက် တစ်ရက်လောက်ကို ရွေးလိုက်ပါ။ ခုက အိမ်ကနေ အလုပ်လုပ်နေရတာဆိုတော့ ကိုယ်က မသုံးချင်ဘူးဆိုရင်တောင် အလုပ်တွေက မက်ဆင်ဂျာက ဝင်လိုက်၊ ဗိုင်ဘာက ဝင်လိုက်နဲ့ဆိုတော့လေ။
- စိတ်အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံး ဆိုရှယ်မီဒီယာကို အနားပေးလိုက်ပါ။ ဒီနေ့က စပြီး တစ်ရက်တိတိ လုံးဝဖွင့်မကြည့်ပါဘူးဆိုပြီးတော့ပေါ့။ နိုတီတွေပါ ပိတ်ထားလိုက်ပါ။
- တခြားသော ကိုယ့်အတွက် အသုံးဝင်မယ့် ဝက်ဘ်ဆိုက်လောက်ပဲ သုံးပါ။
- ပြင်ပလောကနဲ့ ပိုပြီးထိတွေ့ပါ။ စာတွေဖတ်မယ်။ ခြံထဲက အပင်တွေ သွားရှင်းမယ်။ မုန့်လုပ်စားမယ်။ အခန်းရှင်းမယ်။ Skin careမယ်။ အိမ်ကလူတွေနဲ့ စကားပြောမယ်။ သူငယ်ချင်းတွေနဲ့ ဖုန်းပြောမယ် စသဖြင့်ပေါ့။ ဆိုရှယ်မီဒီယာသုံးမယ့်အချိန်ကို ဒါတွေနဲ့ အစားထိုးလိုက်ပါ။
- သတင်းတွေကိုလည်း မသိချင်ယောင်ဆောင်နေလိုက်ပါ။ လတ်တလောတွေ့နေရတာက ကိုဗစ်ခေတ်ဆိုတော့ ဘယ်နှစ်ယောက်တော့ ကူးသွားပြန်ပြီ။ ဘယ်နှစ်ယောက်တော့ သေသွားပြန်ပြီ စသဖြင့် ဒီဂဏန်းတွေက ကိုယ့်ကို စိတ်ညစ်စေပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ကိုယ်ဘာမှ လုပ်မပေးနိုင်ပါဘူး။ ကိုယ်လုပ်နိုင်တဲ့ ကာကွယ်ရေးနည်းလမ်းတွေလုပ်ပြီး မကူးစက်အောင်နေတာက ကူညီတာပါပဲ။ ပြီးတော့ သတင်းတွေကလည်း တော်ကြာ ဟိုမှာ ရန်ဖြစ်လို့၊ ဒီမှာ အဆင်မပြေလို့ စတဲ့ မကောင်းတဲ့ သတင်းတွေပဲ များလာပါကြောင့် စိတ်ညစ်ရုံအပြင် ဘာမှမတတ်နိုင်ပါဘူး။ ဒါကြောင့် ဒီသတင်းတွေကို မကြည့်မိအောင် နေပါ။ တစ်ရက်လောက် မကြည့်လို့ ဘာမှ မဖြစ်သွားပါဘူး။
ဒီလိုမျိုး တစ်ပတ်မှာ တစ်ရက်လောက် virtual worldက ထွက်ပြီး detox လုပ်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်လေးကြည်လာမှာပါ။ အပြင်လောကမှာ ကိုယ့်အတွက် အကျိုးရှိတာကို ရွေးလုပ်ပါ။ သိုင်းလောကကနေ တစ်ပတ် တစ်ရက်လောက် အနားယူပါလို့ အကြံပေးလိုပါတယ်။
[embed-health-tool-bmi]