ကိုယ်ဖြစ်နေတာက ဝမ်းနည်းတာလား၊ စိတ်ဓါတ်ကျတာလား

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဝမ်းနည်းခြင်းဆိုတာ လူသားတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့ရမယ့်၊ ခံစားရမယ့် ခံစားချက်တစ်မျိုးပါ။ စိတ်ဓါတ်ကျတယ်ဆိုတာတော့ ကျွန်တော်တို့ ယနေ့ခေတ် စိတ်ကျန်းမာရေးပြဿနာတွေထဲမှာ အဖြစ်အများဆုံး စိတ်ရောဂါတစ်မျိုးပါ။ ဒီအခြေအနေ နှစ်ခုဟာ ဆက်စပ်နေပေမယ့် လုံးဝတူနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ရော ဝမ်းနည်းတာနဲ့ စိတ်ဓါတ်ကျတာ သဲသဲကွဲကွဲ သိရဲ့လားဆိုတာ ဒီဆောင်းပါးက အဖြေရှာပေးမှာပါ။

ဝမ်းနည်းခြင်း (Sadness)

လူသားတိုင်းမှာ ခံစားရလေ့ရှိတဲ့ စိတ်အခြေအနေဖြစ်ပါတယ်။ ချစ်ရသူနဲ့ ဝေးကွာရတာ၊ အလုပ်အကိုင်၊ ငွေကြေး ဆုံးရှုံးမှု၊ မျှော်လင့်ထားတာတွေ ဖြစ်မလာတာ၊ ဝမ်းနည်းစရာ အရာရာတစ်ခုခုကို ကိုယ်တိုင်မြင်လိုက်ရတာ၊ တွေးတောမိသွားတာ၊ စိတ်ဖိစီးပြီး ပင်ပန်းနေတဲ့အချိန်၊ အထီးကျန်နေတဲ့အချိန်မှာ ဝမ်းနည်းတဲ့ စိတ်ခံစားချက်ကို ခံစားရပါတယ်။ ဘဝဆိုတာ အကောင်းပဲ အမြဲလာတာမဟုတ်တဲ့အတွက် ပျော်ရွှင်ရတဲ့ အချိန်တွေလည်း ရှိသလို၊ ဝမ်းနည်းရတဲ့ အခြေအနေတွေလည်း ရှိတတ်တာ သဘာဝပါပဲ။

ဝမ်းနည်းနေတဲ့အခါ ကိုယ်က ဒီလိုခံစားနေရပါလား၊ ဒါတွေကြောင့် ကိုယ့်ရဲ့ စိတ်က မပျော်ရွှင်နေရတာပါလားဆိုတာ အလွယ်တကူသိနိုင်ပါတယ်။ ကိုယ့်မှာဖြစ်နေတဲ့ စိတ်ခံစားချက်ကိုလည်း တခြားတစ်ယောက်ကို ရင်ဖွင့်ဖို့ လွယ်ကူသလို နေ့စဉ်ဘဝမှာလည်း ကြီးကြီးမားမား ထိခိုက်စေနိုင်တာမျိုး မဖြစ်စေပါဘူး။ ဝမ်းနည်းနေတဲ့ ခံစားချက်ကို ဖွင့်ဟလိုက်တဲ့အခါ၊ ငိုလိုက်တဲ့အခါ ဒါမှမဟုတ် ပျော်စရာအကြောင်းအရာတစ်ခုခုကို ခံစားမိတဲ့အခါ ဝမ်းနည်းခြင်းလျော့သွားပြီး စိတ်ခံစားချက်ဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်ပါတယ်။

တစ်ခါတလေမှာ ကိုယ်ကဘာမှမလုပ်ဘဲ ဒီအတိုင်းနေလိုက်ရင်တောင် ခံစားချက်က အချိန်မရွေး ပြောင်းလဲသွားနိုင်ပါတယ်။ ဝမ်းနည်းနေတဲ့ ခံစားချက်ကြီး ပျောက်သွားပြီးတဲ့တိုင်အောင် အချိန်မရွေးပြန်ပေါ်လာနိုင်ပါသေးတယ်။ ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာမရှိပေမဲ့ ဒီအတိုင်းကြီးပဲ အချိန်ကြာမြင့်စွာ ခံစားနေရမယ်ဆိုရင်တော့ တခြားစိတ်ကျန်းမာရေးပြဿနာတွေ (ဥပမာ – စိတ်ကျရောဂါ) ဖြစ်လာဖို့ကို လမ်းစဖွင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။

စိတ်ဓါတ်ကျခြင်း (Depression)

စိတ်ရောဂါတစ်ခုလို့ သတ်မှတ်လို့ မရသေးတဲ့ အခြေအနေမှာတောင်မှ စိတ်ဓါတ်ကျတာဟာ အင်မတန်အန္တရာယ်များတဲ့ စိတ်ခံစားချက်ပါ။ ဝမ်းနည်းတာနဲ့မတူဘဲ ကိုယ့်ရဲ့ အသိစိတ်ကိုချုပ်ကိုင်ပြီး လုံးဝ အမှောင်ဖုံးလွှမ်းလိုက်ပါတယ်။ အသိစိတ်လွတ်သွားတဲ့ လူတစ်ယောက်က သူ့ရဲ့ တွေးခေါ်ပုံ၊ အာရုံစူးစိုက်နိုင်မှု၊ အပြုအမူ၊ အကျင့်စရိုက်တွေ အားလုံးက ဗြောင်းဆန်သွားပါတယ်။ စိတ်ဓါတ်ကျေနတဲ့ သူတစ်ယောက်သည်

  • အမြဲတမ်းလိုလို စိတ်တည်ငြိမ်ခြင်း မရှိဘူး
  • လူကိုကြည့်လိုက်ရင် စိတ်လွတ်နေသလို ဖြစ်နေတတ်တယ်
  • တစ်ယောက်တည်း သီးသန့်နေတတ်ပြီး လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာမျိုး မရှိတော့ဘူး
  • ဘာကိုမှ လုပ်ချင်ကိုင်စိတ် မဖြစ်တော့ဘဲ လောကကြီးကို စိတ်ကုန်နေတဲ့ ပုံစံဖြစ်နေတယ်
  • ခံတွင်းပျက်သလို ဘာမှလည်း စားချင်စိတ် မရှိဘဲဖြစ်မယ်
  • အမှောင်ထဲမှာ နေရတာကို ကြိုက်လာတယ်
  • ညဘက်တွေမှာ အိပ်မပျော်ဘဲ အတွေးကမ္ဘာထဲ မြောနေမယ်
  • နေ့နဲ့ ည အိပ်ချိန်တွေ မှားယွင်းလာမယ်၊ ကောင်းစွာလည်း အိပ်ပျော်နိုင်ခြင်းမရှိပါဘူး
  • ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေ၊ အသုံးမကျဘူးလို့ ခံစားရတဲ့ စိတ်ေတွ ပိုများလာမယ်
  • ဘာကိုမှ အာရုံစိုက်လို့မရတော့ဘဲ အသိစိတ်တွေက ပျံ့လွင့်နေမှာပါ

ဒီလိုခံစားချက်တွေ ၅ခုထက်မနည်း ဖြစ်နေတယ်ဆိုရင်တော့ စိတ်ဓါတ်ကျနေတာဖြစ်ဖို့ ပိုသေချာသွားပါပြီ။ ဝမ်းနည်းခြင်းနဲ့ မတူဘဲ စိတ်ဓါတ်ကျခြင်းဟာ ကိုယ်တိုင်ဖြေဖျောက်ဖို့ အင်မတန်ခက်တဲ့ စိတ်ကျန်းမာရေးပြဿနာပါ။ ကိုယ့်ရဲ့ အတွေးကမ္ဘာထဲမှာ ပူလောင်စိတ်၊ အပြစ်တင်စိတ်၊ ဝမ်းနည်းစိတ်တွေနဲ့အတူ ပိတ်လှောင်လိုက်ပြီး ကိုယ့်စိတ်ကို ဖြည်းဖြည်းချင်း သတ်တဲ့ ခံစားချက်မျိုးပါပဲ။

ဒီတော့ အလွယ်ပြောရမယ်ဆိုရင် ဝမ်းနည်းမှုသည် သာမန်စိတ်ကျန်းမာနေတဲ့ သူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ အမြဲတွေ့ကြုံရတတ်တဲ့ ခံစားချက်ဖြစ်တယ်။ ကိုယ့်မှာဖြစ်နေတဲ့ ခံစားချက်ကိုလည်း အလွယ်တကူ ဖွင့်ဟပြောဆိုနိုင်ပြီး ကိုယ့်ဘာသာ ပျော်ရွှင်လာအောင်လည်း လုပ်နိုင်တယ်။ စိတ်ဓါတ်ကျခြင်းသည် နောက်ထပ်စိတ်ကျန်းမာရေးပြဿနာများ ဝင်လာရန် အစဖြစ်ပြီး အခြေအနေတော်တော်ဆိုးလာတဲ့အခါမှာ ဝမ်းနည်းခြင်းမှ စိတ်ဓါတ်ကျခြင်းကို ကူးပြောင်းပါတယ်။ ကိုယ့်မှာဘာဖြစ်နေသလဲဆိုတဲ့ အသိစိတ်တွေ ပျောက်ဆုံးသွားပြီး တစ်နေ့တစ်နေ့ စိတ်ကပိုဆိုးလာကာ ကိုယ့်ကိုယ်ကိုယ်ပါ အသက်အန္တရာယ်ပေးသည်အထိ၊ နေ့စဉ်အလုပ်တွေကို ထိခိုက်စေသည်အထိ ဖြစ်စေနိုင်ပါတယ်။

စိတ်ဓါတ်ကျတဲ့အခါ ဘာလုပ်မလဲ။

ဒါကြောင့် စိတ်ဓါတ်ကျနေတယ်လို့ သံသယဖြစ်လာပြီဆိုရင် မပေါ့ပါနဲ့။ မကုသဘဲ ပစ်ထားမှသာ အခြေအနေတွေ ပိုဆိုးလာကြတာပါ။ ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာအခက်အခဲတွေ၊ စိတ်ခံစားချက်တွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ စိတ်ဓါတ်ကျခြင်းကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ စိတ်ရောဂါကုထုံးပညာရှင်နဲ့လည်း တိုင်ပင်ဆွေးနွေးကြည့်လို့ရပါတယ်။

စိတ်ညစ်တာ၊ ဝမ်းနည်းတာ၊စိတ်ဓါတ်ကျတယ်ဆိုတာ ဖြစ်တတ်ပါတယ်။ တစ်ယောက်တည်း မြိုသိပ်ခံစားနေရတာထက် ကျန်တဲ့သူတွေကို ဖွင့်ဟတိုင်ပင်တာက ကိုယ့်မှာရှိနေတဲ့အခက်အခဲတွေကိုလည်း ဖြေရှင်းပြီးသားဖြစ်သလို ပူလောင်နေတဲ့ ကိုယ့်စိတ်ကိုလည်း အနည်းငယ်တော့ အေးချမ်းသွားစေနိုင်ပါတယ်။နေ့ရက်တိုင်းကို အကောင်းဆုံးဖြတ်ကျော်ပါ။ ကိုယ့်စိတ်ကိုအေးချမ်းစေမယ့် အရာတွေကိုပဲရွေးလုပ်ပါ။ ကိုယ့်ကိုနွေးထွေးမှုပေးနိုင်တဲ့သူတွေကိုပဲ အနားမှာထားပါ။ အားလပ်ချိန်တွေမှာ ဝါသနာပါတဲ့အရာလေးတွေကိုရွေးလုပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။ ဒါဆိုရင် စိတ်ရော ကိုယ်ပါ ကြံ့ခိုင်ပြီးတော်ရုံစိတ်ဖိစီးမှုနဲ့တော့ ကိုယ့်စိတ်က ယိုင်လဲနိုင်တော့မှာ မဟုတ်ပါဘူး။

အားလုံးပဲ သာယာပျော်ရွှင်ဖွယ်နေ့ရက်တွေကို စိတ်ကြည်နူးချမ်းမြေ့စွာနဲ့ ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းရင်း…

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇူလိုင် 22, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 19, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။