backup og meta

စိတ်ကျရောဂါနှင့် လိင်မှုကိစ္စ


Ye Myo Myat မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျရောဂါနှင့် လိင်မှုကိစ္စ

    စိတ်ကျန်းမာရေးနဲ့ လိင်မှုဘဝ သာယာမှုဆိုတာ အမြဲဆက်စပ်နေတဲ့ အရာတွေပါ။ စိတ်သွားမှ ကိုယ်ပါမယ်။ ကိုယ့်ရဲ့ စိတ်က ကျန်းမာနေမှ ကိုယ်ခန္ဓာက ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ စိတ်ခွန်အားတွေ ဖြစ်စေမယ်။ ဘဝက ပျော်ရွှင်သာယာနေတဲ့အချိန်မှာ လိင်မှုဘဝ သာယာဖို့အတွက် ကြိုးပမ်းနိုင်တာပေါ့။

    စိတ်ကသာ ပြိုလဲပြီဆိုရင် အရာရာက ပြိုလဲရတော့တာပါပဲ။ အထူးသဖြင့် စိတ်ကျရောဂါတွေ၊ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အခါ ဘယ်လိုမှ လိင်စိတ်ဆန္ဒ ဖြစ်လာတော့မှာ မဟုတ်သလို ကိုယ့်ချစ်သူ၊ အိမ်ထောက်ဖက်ကိုလည်း စိတ်တိုင်းကျစေဖို့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ စိတ်ကျရောဂါကြောင့် ကိုယ့်ရဲ့ လိင်မှုဘဝကို ဘယ်လိုထိခိုက်စေနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    စိတ်ကျရောဂါဆိုတာ ဘယ်လိုမျိုးလဲ။

    စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပုံမှန်အခြေအနေမျိုးမှာ မရှိတဲ့ စိတ်ရောဂါ တစ်မျိုးပါ။ အမြဲတမ်း ဝမ်းနည်းပူဆွေးနေတဲ့ ခံစားချက်မျိုး၊ ကိုယ့်ဘဝနဲ့ ပတ်ဝန်းကျင်အပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ပဲ အတွေးထဲမှာပဲ လှောင်ပိတ်ပြီး ကိုယ့်စိတ်ကို ဒုက္ခပေးဖို့ ကြိုးစားတယ်။ ကြာလာတာနဲ့အမျှ ဘဝကြီးဟာ နေထိုင်ရတာ အဓိပ္ပာယ်မဲ့လာသလို ခံစားရပြီး ဘာကိုမှ မလုပ်ချင်၊ မကိုင်ချင်နဲ့ အိပ်ရာထဲ လဲသွားမယ်။ နောက်ဆုံး ကိုယ့်အသက်ကိုပါ ထိခိုက်စေနိုင်သည်အထိ သေကြောင်းကြံစည်မှုတွေ ဖြစ်လာနိုင်ပါတယ်။

    ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံ၊ အခက်အခဲတွေ၊ ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှု၊ ပတ်ဝန်းကျင်၊ မိသားစုတွေကြောင့် ကိုယ့်ရဲ့ အတွေးအခေါ်၊ သိစိတ်၊ မသိစိတ်၊ အပြုအမူပေါ်မှာ မကောင်းတဲ့ဘက်ကနေ သက်ရောက်မှု ဖြစ်စေတယ်။ ဒီလို မကောင်းတဲ့ အတွေးတွေ ခေါင်းထဲ ပြည့်နှက်ရာမှ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာမှာ ပြဿနာတွေ ပိုရှုပ်ထွေးလာစေနိုင်ပါတယ်။

    ဘယ်လိုလက္ခဏာတွေဟာ စိတ်ကျရောဂါ ရှိနေကြောင်း ဖော်ပြနေလဲ။

    • အမြဲတမ်းလိုလို ဝမ်းနည်းပူဆွေးခြင်း
    • စိတ်ထဲမှာ အရာရာ အမှောင်ကျသွားသလို၊ ဘာမှမရှိတော့သလို ခံစားရခြင်း
    • မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားသလို ခံစားရခြင်း
    • အသေးအမွှားကိစ္စတွေအတွက် ဝမ်းနည်း၊ စိတ်ဆိုး၊ မျက်ရည်ကျလွယ်ခြင်း
    • ကိုယ်ပုံမှန်လုပ်နေကျ အရာတွေပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ခြင်း
    • ညဘက်တွေ အိပ်မပျော်တော့တာ၊ ဒါမှမဟုတ် နေ့ရော ညပါ အိပ်နေတာ
    • မောပန်းပြီး အားမရှိသလို နုံးချိနေတာ
    • ဘယ်အရာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မဖြစ်တော့တာ
    • အစာစားချင်စိတ် မရှိတော့တာ၊ ခံတွင်းပျက်လာတာ၊ ဒါမှမဟုတ် အစားအရမ်းစားလာတာ
    • အချိန်ပြည့် စိုးရိမ်ပူပန်နေပြီး စိတ်မောရတာ
    • အတွေးတစ်ခုကို အချိန်အကြာကြီး စိတ်နှစ်ပြီး တွေးတတ်တာ
    • မိမိကိုယ်ကို အပြစ်တင်ခြင်း၊ မကောင်းမြင်ခြင်း
    • အားငယ်စိတ်၊ သိမ်ငယ်စိတ် ဖြစ်ခြင်း
    • အာရုံစူးစိုက်ဖို့၊ အတွေးတစ်ခုထဲကို စိတ်နှစ်ပြီး တွေးဖို့ ခက်ခဲတာ၊ ကိုယ် ဘာတွေးနေမှန်း မမှတ်မိတော့တာ
    • အကြောင်းရင်းမရှိပဲ ခါးနောက်ပိုင်း နာကျင်တာ
    • မကြာခဏ ခေါင်းမူးခေါင်းကိုက် ဖြစ်ခြင်း
    • မိမိကိုယ်ကို သေကြောင်းကြံစည်ရန် အတွေးတွေ မကြာခဏ ဝင်လာတာ
    • သေကြောင်းကြံစည်ဖို့ ကြိုးစားကြည့်တာ အစရှိတဲ့ လက္ခဏာတွေ ရှိနေပြီဆိုရင် စိတ်ကျရောဂါ ရှိနေနိုင်ပါတယ်။

    စိတ်ကျရောဂါကြောင့် လိင်မှုဘဝကို ဘယ်လိုထိခိုက်စေနိုင်လဲ။

    စိတ်ရဲ့ ကျန်းမာရေးဟာ လူသားတိုင်းရဲ့ နေ့စဉ်ဘဝအတွက် အလွန်အရေးကြီးပါတယ်။ ဒီတော့ အရာရာကို တောင့်ခံထားမယ့် စိတ်က လဲပြီဆိုရင် ကိုယ့်အတွက် ဘာကိုမှ လုပ်ချင်စိတ်၊ စိတ်ဝင်စားတဲ့ ခံစားချက်တွေ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ အထူးသဖြင့် စိတ်ကျရောဂါ ရှိနေတဲ့သူတွေမှာ ပုံမှန်လူတွေလို လိင်မှုကိစ္စ ပြီးမြောက်မှု ဆန္ဒအထွတ်အထိပ်ကို ရောက်သွားသည့်တိုင်အောင် သာယာမှု၊ ပျော်ရွှင်မှု၊ ပြီးပြည့်မှုကို မခံစားရတော့ပါဘူး။

    အမျိုးသမီးတွေမှာ ကလေးမွေးပြီးချိန်၊ သွေးဆုံးချိန်၊ အလုပ်နဲ့ မိသားစုတာဝန်မမျှတာကြောင့် စိတ်ကျရောဂါဖြစ်နိုင်ပြီး မိမိကိုယ်ကိုယ် တန်ဖိုးမထားတော့ခြင်း၊ ဘဝဟာ တန်ဖိုးမဲ့လာသလို ခံစားရခြင်းအပြင် လိင်မှုကိစ္စ ဆက်ဆံရဖို့ စိတ်ပါဝင်စားမှု နည်းလာတတ်ပါတယ်။ အမျိုးသားတွေမှာ အလုပ်ခွင်နဲ့ လူမှုရေးရာပြဿနာတွေကြောင့် စိတ်ဖိစီးမှုတွေ များလာတာ၊ မိမိကိုယ်ကိုယ် တန်ဖိုးထားစိတ် နည်းလာတာ၊ အတိတ်မှာ လုပ်ခဲ့မိတဲ့ အမှားတွေကြောင့် အပြစ်တင်စိတ်တွေဟာ စိတ်ကျရောဂါကို ဖြစ်စေနိုင်တဲ့ အဓိကတရားခံတွေပါပဲ။ အမျိုးသားတွေမှာ အဓိကဖြစ်ရတဲ့ ပြဿနာကတော့ လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

    စိတ်ကျရောဂါရှင်တွေမှာ အများဆုံး တွေ့ရတတ်တဲ့ နောက်ထပ် ပြဿနာကတော့ မိမိကိုယ်ကိုယ် တန်ဖိုးမထားတော့တာပါပဲ။ ကိုယ့်ကိုယ်ကိုယ်တောင် မချစ်မှတော့ တခြားသူတစ်ယောက်ကို စိတ်နှစ်ပြီး ချစ်ဖို့ဆိုတာ ပိုပြီးတောင် မလွယ်ကူပါဘူး။ ဒီလိုအခြေအနေမှာ လူတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာထက် စွဲလမ်းစိတ်တွေ ဖြစ်တည်လာပြီး တွယ်တာမှု၊ အားကိုးမှုတွေ ဖြစ်လာပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ဆန့်ကျင်ဘက် စွဲလမ်းစိတ်ကြောင့် နဂိုရှိနေတဲ့ စိတ်ကျန်းမာရေးဟာ ပိုဆိုးလာပြီး လူမှုရေး၊ အချစ်ရေးမှာလည်း ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ခံစားချက်တွေ ပြင်းထန်နေတာ၊ ထိခိုက်ခံစားဖို့ လွယ်ကူနေတဲ့အချိန်မှာ နောက်ဆုံး လိင်ဆက်ဆံခဲ့စဉ်က နာကျင်မှုတွေ၊ အဆင်မပြေမှုတွေကို ပြန်တွေးရင်း လိင်မှုကိစ္စကို ပြုလုပ်ဖို့ ရှောင်တတ်ကြပါတယ်။

    စိတ်က ညစ်နေပြီဆိုရင် အားမရှိသလို၊ ပင်ပန်းသလို ဖြစ်နေတတ်တာ သဘာဝပါပဲ။ စိတ်ကျရောဂါဝေဒနာ ခံစားနေရတဲ့သူတွေမှာ ညဘက်တွေ ကောင်းစွာ အိပ်စက်အနားယူခြင်း မပြုတာ သို့မဟုတ် အချိန်အကြာကြီး အိပ်စက်တဲ့ အပြုအမူတွေကြောင့် ပိုပြီး မောပန်းလွယ်တတ်ပါတယ်။ ဒီလိုမျိုး စိတ်ရော၊ လူပါ ပင်ပန်းနေပြီဆိုမှတော့ လိင်ဆက်ဆံဖို့အတွက် အားစိုက်ထုတ်ရမှာကို နှစ်သက်နိုင်တော့မှာ မဟုတ်ပါဘူး။

    ဒီပြဿနာကို ဘယ်လိုအဖြေရှာမလဲ။

    စိတ်ကျန်းမာရေးကြောင့် ဖြစ်တဲ့ ပြဿနာဖြစ်တဲ့အတွက် အဓိက စိတ်ကျရောဂါကို ပျောက်ကင်းအောင် ကုသဖို့ ကြိုးစားသင့်ပါတယ်။ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးတာဖြစ်စေ၊ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ဖြစ်စေ သေချာတိုင်ပင်ပြီး ပြဿနာရဲ့ အရင်းအမြစ်ကို အဖြေရှာနိုင်မယ်ဆိုရင် ကုသဖို့ လွယ်ကူပါတယ်။

    ကိုယ့်မှာ စိတ်ကျရောဂါ သို့မဟုတ် တခြားသော စိတ်ကျန်းမာရေးပြဿနာတွေ ရှိရင် ကိုယ့်ရဲ့ မိသားစု၊ အိမ်ထောင်ဖက်၊ ချစ်သူကို ပြောပြထားဖို့ လိုအပ်ပါတယ်။ ဒီလိုမှပဲ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ၊ ကိုယ့်ကျန်းမာရေး ပုံမှန်အတိုင်း ပြန်ဖြစ်လာဖို့ အားပေးကူညီမှုတွေ ပေးနိုင်မှာပါ။

    စိတ်ကျန်းမာရေးပြဿနာမို့ ရှက်တဲ့စိတ်နဲ့ မကုဘဲ ပစ်ထားလိုက်တာမျိုး မလုပ်ပါနဲ့။ အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ ကုသမယ်ဆိုရင် အမြန်ဆုံး ပျောက်ကင်းပြီး သာယာပျော်ရွှင်ဖွယ် မိသားစုဘဝလေး ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement