backup og meta

အကောင်းဆုံးလေ့ကျင့်ခန်းဆိုတာဘာလဲ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကောင်းဆုံးလေ့ကျင့်ခန်းဆိုတာဘာလဲ

    အကောင်းဆုံးလေ့ကျင့်ခန်း ဆိုတာ

    ကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာက ဒီခေတ်မှာ တော်တော်မလုပ်ကြတော့ပါဘူး။ အနောက်နိုင်ငံတွေမှာဆိုရင် ၇၀ ရာခိုင်နှုန်းဟာ ရှိသင့်တာထက် ပိုဝနေကြပြီး ၃၀ ရာခိုင်နှုန်းဟာဆိုရင် အဝလွန်နေကြပါတယ်။ အရှေ့နိုင်ငံတွေမှာဆိုလည်း ဒီလိုပုံစံမျိုး ဖြစ်လာကြတာကို တွေ့ရမှာပါ။

    အားကစားရုံတွေဆီ သွားလေ့ကျင့်ဖို့ကလည်း အနည်းငယ်သော လူအရေအတွက်ကသာ လုပ်ချင်တာပါ။ အနောက်နိုင်ငံတွေမှာ ၁၂ ရာခိုင်နှုန်းကသာ ဒီလိုလုပ်လေ့ရှိပြီး ပုံမှန်သွားဖြစ်တဲ့သူဆို ၁၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ အစီရင်ခံစာတစ်စောင်အရဆို ကျန်းမာရေးကလပ်ကို အသစ်ဝင်လာကြသူတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ ပထမ ၆လအတွင်းမှာ ဆက်မလုပ်ဖြစ်ကြတော့ဘဲ ပုံမှန်ကလပ်မန်ဘာများရဲ့ ၉၀ ရာခိုင်နှုန်းဟာလည်း ပထမ ၃လအတွင်းမှာ ပုံမှန်မလာဖြစ်ကြတော့ပါဘူး။ သင့်အနေနဲ့လည်း လေ့ကျင့်ခန်းကို ဘယ်လောက်လုပ်ဖြစ်နေလဲ ဆန်းစစ်ကြည့်ပါ။

    စဉ်းစားကြည့်မိပါတယ်။ ဒီလိုအားကစားခန်းမတွေဆီ သွားတာထက်ပိုကောင်းတဲ့ အားကစားနည်းက ဘာလဲ။ အကောင်းဆုံးလေ့ကျင့်ခန်း လို့ သတ်မှတ်ခံထားရတာ ဘယ်လိုများလဲ။

    ဒီမေးခွန်းနဲ့ပတ်သက်လို့တော့ အဖြေအမျိုးမျိုးရှိနိုင်ပါတယ်။ ထိုင်ထလုပ်တာ၊ တောင်တက်တာ၊ အလေးမတာ စသဖြင့် ရှိပါမယ်။ အဲဒီနည်းတွေက သင့်ကို တက်ကြွစေသလား၊ ကြံ့ခိုင်စေသလား စဉ်းစားကြည့်ပါ။ တကယ်တော့ ကြံ့ခိုင်မှု၊ အားကစားတို့နဲ့ ပတ်သက်လာရင် ကျွန်တော်တို့ရဲ့ တွေးခေါ်မှုမှာ အခြေခံကျတဲ့ မှားယွင်းမှုတွေ ရှိပါတယ်။ အဲဒါကပဲ လူတွေအနေနဲ့ ကျန်းမာရေးစင်တာတွေ၊ အားကစားရုံတွေမှာ လေ့ကျင့်ခန်းမလုပ်ဖြစ်ကြတော့တဲ့ အကြောင်းရင်း ဖြစ်နေပါတယ်။ လူတွေရဲ့ ကြံ့ခိုင်မှုအပေါ် မြင်တဲ့အမြင်နဲ့ အားကစားရုံတွေက ပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့က ကိုက်ညီမှုမရှိကြပါဘူး။

    ဒီပြဿနာနဲ့ ပတ်သက်လို့တော့ အဖြေကရှင်းပါတယ်။ သင့်အတွက် အကောင်းဆုံးလေ့ကျင့်ခန်းဆိုတာ သင်တောက်လျှောက်နဲ့ ပုံမှန်လုပ်ဖြစ်နေမယ့် လေ့ကျင့်ခန်းမျိုးကို ဆိုလိုတာပါပဲ။ ကိုယ်ပုံမှန်မလုပ်နိုင်ဘူးဆိုရင် ဒီလေ့ကျင့်ခန်း ဘယ်လောက်အကျိုးရှိကြောင်း ပြောနေလို့ ဘာထူးမှာလဲ။ ဒါကြောင့် ဘယ်လိုလေ့ကျင့်ခန်းမျိုး သင်လုပ်ရတာ ပျော်သလဲဆိုတာကို ရှာဖွေနိုင်ဖို့ပဲ အရေးကြီးပါတယ်။ အဲဒီလို ကြိုက်နှစ်သက်မှုရှိဖို့ဟာ လေ့ကျင့်ခန်းပုံမှန် လုပ်နိုင်ဖို့၊ လေ့ကျင့်ခန်းကနေ ထိရောက်မှုရှိဖို့အတွက် အရေးကြီးအချက်ပါပဲ။

    ဒါပေမယ့်လည်း တခြားလေ့ကျင့်ခန်းတွေထက် ပိုကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခုတော့ ရှိပါတယ်။ အမျိုးမျိုးပြောနေတယ်တော့ မထင်ပါနဲ့။ အကောင်းဆုံးလေ့ကျင့်ခန်းဆိုတာ စုပေါင်းပြီး လှုပ်လှုပ်ရှားရှား လုပ်ကြတာမျိုးပါ။ ဒါက သင့်ကို ပျော်ရွှင်စေသလို၊ တက်တက်ကြွကြွလည်း ပါဝင်စေပါတယ်။ မနက်ပိုင်း ပန်းခြံရှေ့တွေ၊ မြေကွက်လပ်တွေ လူတွေစုပေါင်းလေ့ကျင့်ခန်းလုပ်နေကြတာကို ကြည့်ရင် သိနိုင်ပါတယ်။ လူကြီးဖြစ်လာတဲ့အမျှ အဲဒီလိုစုပေါင်းလုပ်ဆောင်တာတွေကို မေ့သွားတတ်ကြတယ်။

    စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ စတူးအာ့ဘရောင်းကတော့ အဲဒီလိုလုပ်ဆောင်မှုတွေဟာ ဦးနှောက်ကို ဖွံ့ဖြိုးစေတဲ့ ဇီဝဖြစ်စဉ်တစ်ခုလို့ ဆိုထားပါတယ်။ အလုပ်သင့်ဆုံးပုံစံလို့လည်း တိုက်တွန်းထားတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေ လျော့ကျမယ်။ ဘဝအရည်အသွေး တက်လာမယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ရင်းနှီးလာမယ်။ အမြဲတမ်းပျော်ရွှင်နေရမှာ ဖြစ်သလို နေရတာလည်း အဓိပ္ပါယ်ရှိလာပါလိမ့်မယ်။ ဒါကြောင့်မို့လည်း ခုဆိုရင် လှုပ်ရှားမှုနည်းတာကြောင့် ဖြစ်တဲ့ကျန်းမာရေးပြဿနာတွေကို ကိုင်တွယ်တဲ့နေရာမှာ ဒီလိုစုပေါင်းလေ့ကျင့်ခန်းလုပ်ဖို့ကို နိုင်ငံတွေမှာ တိုက်တွန်းဆော်သြလာကြတာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့နေရာတွေလည်း ဖန်တီးပေးလာကြပါတယ်။ အဓိကကတော့ လူတွေကို လေ့ကျင့်ခန်းလုပ်စေချင်ရင် ပျော်အောင်၊ လွယ်အောင်၊ လွယ်လင့်တကူလည်း လုပ်လို့ရအောင် စီစဉ်ပေးဖို့ပါပဲလို့ ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာ ဒေါက်တာဒေးဗစ်လဒ်ဝစ်ဂ်ကလည်းေ ပြားထားပါတယ်။ အကောင်းဆုံးလေ့ကျင့်ခန်းဟာ သင်ပုံမှန်လုပ်ဖြစ်နေမယ့် လေ့ကျင့်ခန်းမျိုးဖြစ်တာကြောင့် ဒီပုံစံက အသင့်တော်ဆုံးပါပဲ။

    ဘယ်လိုလေ့ကျင့်ခန်းမျိုးကို လုပ်သည်ဖြစ်စေ မိတ်ဆွေရှိမယ်၊ ကစားဖော်ရှိမယ်ဆိုရင် သင့်အနေနဲ့ သက်သောင့်သက်သာရှိမယ်၊ လုပ်ဖို့ပိုပြီးတွန်းအားဖြစ်မယ်၊ မလုပ်ခင်၊ လုပ်နေစဉ်၊ လုပ်နေတုန်းမှာပါ သင့်ဘေးက အဖော်နဲ့စကားပြောနေလို့ရတယ်၊ မိတ်ဖွဲ့လို့ရတယ်၊ ကိုယ်စီအတွေ့အကြုံတွေ ဖလှယ်နေလို့ရပါတယ်။ ဒါကြောင့် အားကစားလုပ်တဲ့နေရာမှာ အဲဒီလိုမိတ်ဆွေအပေါင်းအသင်းရှိဖို့ကလည်း သိပ်အရေးပါပါတယ်။ ကြံ့ခိုင်ဖို့အတွက် အားကစားလုပ်နေတယ်ဆိုတဲ့နေရာမှာ သင့်တွေးခေါ်ပုံတွေကို ပြောင်းဖို့လိုပါတယ်။ ဒါဟာ အားကစားလုပ်ရုံသက်သက် မဟုတ်ဘဲ သင့်ပျော်ရွှင်မှု၊ ပေါင်းသင်းဆက်ဆံရေး၊ ဒါတွေကိုလည်း အထောက်အကူပြုပါတယ်။ သင်ပျော်တဲ့ လေ့ကျင့်ခန်း၊ အများနဲ့လုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးကတော့ သင့်ကို အမြဲတမ်း တက်ကြွနေစေပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement