backup og meta

ဝင်းမွတ်အိစက်နေတဲ့ အသားအရေလေး ပိုင်ဆိုင်ချင်လား


Ye Myo Myat မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝင်းမွတ်အိစက်နေတဲ့ အသားအရေလေး ပိုင်ဆိုင်ချင်လား

    မလှချင်တဲ့လူဆိုတာ လောကမှာမရှိသလောက် ရှားတယ်နော်။ အထူးသဖြင့် တစ်ယောက်နဲ့တစ်ယောက် အပြိုင်လှဖို့ ကြိုးစားနေကြတဲ့ ခုလို ၂၁ ရာစုမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ အရေပြားအလှအပနဲ့ အသားအရေထိန်းသိမ်းဖို့ကို ဂရုစိုက်လာကြတယ်နော်။ ဒီတော့ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကိုယ့်အသားအရေကို ဝင်းမွတ်ပြီး ကိုင်လိုက်တာနဲ့ အိစက်ညက်ညောတာမျိုး လိုချင်တယ်ဆိုရင်တော့ ခုပြောပြမယ့်နည်းလမ်းတွေအတိုင်း သေချာလိုက်နာဖို့တော့ လိုမယ်နော်။

    ၁။ စားမယ့်အစားအစာကို ဂရုစိုက်ပေးပါ။

    ကိုယ်က အသားအရေတော့ကောင်းချင်တယ်၊ စားချင်တာတွေပဲ လျှောက်စားနေလို့တော့ မဖြစ်ဘူးနော်။ လှချင်ရက် စက်စက်ယို ဆိုသလိုပဲ ကိုယ်က လှချင်ရင်တော့ အလှပျက်စေမယ့် အစားအစာမျိုးတွေတော့ ရှောင်ဖို့ လိုတာပေါ့။ ဘာတွေကို အဓိကစားပေးမလဲဆိုရင် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို အဓိကစားပေးရမယ်။ အစေ့အဆန်၊ ပဲအမျိုးမျိုးကိုလည်း မမေ့သင့်ဘူးနော်။ ဘာတွေရှောင်မလဲဆိုရင် အဆီများတဲ့ အစားအစာ၊ အကြော်အလှော်၊ အသင့်စား အစားအစားတွေ၊ တာရှည်ခံအစားအစာတွေ၊ အစပ်တွေကို လျှော့စားရပါမယ်။

    ၂။ ကိုယ်ခန္ဓာမှာ ရေဓာတ်ပြည့်ဝနေပါစေ။

    ကျန်းမာစိုပြေတဲ့ အရေပြားအတွက် ရေဓာတ်က ခန္ဓာကိုယ်အတွင်းကနေ အာဟာရဓာတ်ဖြည့်တင်းပေးပါတယ်။ ဒါကြောင့် တစ်နေ့တာအတွက် ရေကို ၃လီတာမှ ၄လီတာအထိ သောက်ပေးပါ။ ရေအပြင် ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည်၊ အသီးအနှံတွေနဲ့ စိမ်ထားတဲ့ Detox water တွေ၊ သဘာဝသစ်သီးကို ကြိတ်ထားတဲ့ဖျော်ရည်တွေ၊ အုန်းရေကို သောက်ပေးလို့လည်းရပါတယ်။ ဒီလိုမျိုး နေ့တိုင်း ရေကို လိုအပ်တဲ့ပမာဏ ပြည့်မီအောင် သောက်ပေးမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ ကိုယ့်အသားအရေလေး တောက်ပလာတဲ့ ရလဒ်ကိုတွေ့ရမှာပါ။ ကော်ဖီ၊ ဂက်စ်ပါတဲ့ အအေးတွေ၊ အရက်သေစာတွေကိုတော့ တတ်နိုင်သလောက် ရှောင်ပေးပါ။

    ၃။ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဝယ်ရမှာ မနှမြောပါနဲ့။

    အသားအရေထိန်းသိမ်းတဲ့ နေရာမှာ တကယ့်ကျွမ်းကျင်ပညာရှင်တွေလို ဈေးအရမ်းကြီးတာ၊ နာမည်ကြီးတံဆိပ်တွေ ဝယ်မှရယ်တော့ မဟုတ်ပါဘူး။ ကိုယ့်အသားအရေနဲ့လည်း ကိုက်ညီမယ်၊ ကိုယ်သေချာသုံးကြည့်ပြီး ထူးခြားတဲ့ အာနိသင်ပြတယ်ဆိုရင် အဆင်ပြေပါတယ်။ မျက်နှာသစ်တဲ့အခါ သုံးဖို့ သိပ်မပြင်းတဲ့ မျက်နှာသစ်ဆပ်ပြာ၊ ခြောက်အောင်သုတ်ပြီးသွားတဲ့အခါ လိမ်းဖို့ အစိုဓာတ်ထိန်းခရင်မ်၊ ကိုယ်ခန္ဓာအတွက် Body Lotion ဒီလိုပုံမှန်သုံးဖို့ လိုအပ်တဲ့အရာတွေကို အဓိကဝယ်ပေးပါ။ နေ့တိုင်းမှန်မှန်သုံးဖို့လည်း မမေ့ပါနဲ့။

    ၄။ ရာသီအကူးအပြောင်းကို မမေ့လိုက်ပါနဲ့။

    ဘယ်အသားအရေမျိုးမဆို ပြဿနာအဖြစ်ရဆုံး ရာသီဆိုတာ ရှိတယ်နော်။ ဥပမာ မျက်နှာအဆီပြန်တဲ့သူဆိုရင် နွေရာသီပူတဲ့အချိန်မျိုးမှာ မျက်နှာအဆီတဝင်းဝင်း ဖုန်သဲ တရှပ်ရှပ်နဲ့ ဝက်ခြံတွေက ဆက်တိုက်ထွက်တာမျိုး၊ အသားခြောက်တဲ့သူတွေကျပြန်တော့လည်း အေးတဲ့အချိန်ဆိုရင် အသားတွေက မွဲခြောက်ခြောက်နဲ့ အသားဖတ်တွေ ကွာပြီး လန်နေရတာနဲ့ တော်တော်လေးကို စိတ်ညစ်စရာကောင်းတယ်နော်။ အဲ့ဒါကြောင့် ကိုယ်က ဘယ်လိုအသားအရေပိုင်ရှင်မျိုးလဲ၊ ကိုယ့်အတွက် ဘယ်လိုအချိန်တွေမှာ အသားအရေထိန်းသိမ်းမှု ပိုလုပ်သင့်လဲဆိုတာ သေချာသိထားဖို့ အရေးကြီးပါတယ်။

    ၅။ အမြဲတမ်း မျက်နှာသစ်ပြီးမှ အိပ်ပါ။

    တစ်နေ့ မျက်နှာကို နှစ်ကြိမ်သစ်ဖို့ လိုအပ်တယ်ဆိုတာ လူတိုင်းသိမှာပါ။ ဒါပေမယ့်လည်း လူ့သဘာဝ တစ်ခါတလေ အလုပ်အရမ်းများပြီး အိမ်ပြန်လာတာလည်းနောက်ကျသွားတယ်၊ ပြီးတာနဲ့ အဝတ်အစားလဲပြီး ဘာမှသန့်ရှင်းရေးမလုပ်ဘဲ တန်းအိပ်လိုက်တဲ့အကျင့်ပေါ့။ အဲ့အကျင့်က အသားအရေကို တော်တော်လေး ပျက်စီးစေပြီး မြန်မြန်အိုမင်းရင့်ရော်စေတယ်ဆိုတာ သိထားသင့်တယ်နော်။

    ၆။ တစ်ပတ်တစ်ကြိမ်လောက် အရေပြားကို ကြေးချွတ်ပေးပါ။

    ကြေးတွန်းတယ် (Exfoliation) လုပ်တယ်ဆိုတာ ခုခေတ်မှာတော့ တော်တော်လေး ခေတ်စားလာပါပြီ။ အရေပြားပေါ်က ဆဲလ်အသေတွေ စုပြုံလာရင် အသားအရေက ပျက်စီးပြီး မွဲခြောက်သွားတတ်တာမို့ ဒီလိုဆဲလ်အသေတွေကို ဖြည်းဖြည်းချင်းခွာချပေးဖို့ Scrub နဲ့ ဖြည်းဖြည်းချင်းတိုက်ပေးရတာပါ။ ဒါကို နေ့တိုင်း လုပ်ပေးဖို့ မလိုပါဘူး။ တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် ၂ကြိမ်လောက် လုပ်ပေးရင် အဆင်ပြေပါတယ်။

    ၇။ Mask ကပ်ပါ။

    Mask မှာက အရေပြားအတွင်းထဲထိ အာဟာရဓာတ်၊ အစိုဓာတ်၊ ရေဓာတ်တွေ အားလုံး စိမ့်ဝင်သွားစေပြီး အသားကိုလည်း အေးမြစေလို့ ရာသီမရွေး၊ ကိုယ်နဲ့လိုက်ဖက်တဲ့ mask မျိုးရွေးဝယ်ပြီး ကပ်သင့်တယ်နော်။ ဒီလို Mask ကပ်တာကို သောကြာနေ့ည၊ စနေညလိုမျိုး ပိတ်ရက် ညအိပ်ခါနီးအချိန် ကပ်ပေးတာ ပိုကောင်းပါတယ်။ ရုံးပြန်တက်တဲ့အချိန်ကျ ကိုယ့်အသားလေးက သူများတွေထက် ပိုပြီး ဝင်းပစိုပြေနေမှာပေါ့။

    အသားအရေထိန်းသိမ်းဖို့ကို နေ့ရွှေ့ညရွှေ့တွေ လုပ်မနေနဲ့တော့နော်။ ခုပြောပြပေးခဲ့တဲ့ နည်းလမ်းတွေအတိုင်း သေချာလေး လုပ်ပေးသွားမယ်ဆိုရင် အချိန်တိုအတွင်း သိသာထင်ရှားစွာ ပြောင်းလဲလာတဲ့ အသားအရေလေးကို ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement