backup og meta

ကွမ်းစွဲ တာကို ဘယ်လိုဖြတ်ကြမလဲ

ကွမ်းယာက ဆေးလိပ်တို့၊ အရက်တို့လိုပဲ စွဲတတ်ပါတယ်။ ဒါပေမယ့် ကွမ်းယာကို ဆေးလိပ်တို့၊ အရက်တို့လောက်တော့ ဂရုတစိုက်နဲ့ ဖြတ်တာရှားပါတယ်။ ကွမ်းစွဲ တာက ရေရှည်မှာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးကတော့ ခံတွင်းကင်ဆာအထိ ဖြစ်လာတာပဲ ဖြစ်ပါတယ်။

ကွမ်းစွဲ တာကို ဘယ်လိုဖြတ်ကြမလဲ

ဘာကြောင့် ကွမ်းစွဲ ရတာလဲ။

ကွမ်းစွဲတယ်ဆိုတာ အဓိကကတော့ ကွမ်းသီးကြောင့်ပါ။ ကွမ်းသီးက စိတ်တက်ကြွစေတဲ့ ပစ္စည်းတွေထဲမှာ နံပါတ်၄ချိတ်ပါတယ်။ သူရှေ့က ၃ခုက အရက်၊ နီကိုတင်းနဲ့ ကဖင်းပါ။ ကွမ်းစားလိုက်ရင် စိတ်ထဲမှာ လန်းပြီး ငြိမ်လာတယ်လို့ ခံစားရပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်တလျှောက် နွေးထွေးသွားပြီး ချွေးထွက်လာတာ၊ ရင်တုန်လာတာ၊ ခေါင်းကြည်ပြီး ပေါ့လာတာ၊ အဆာခံနိုင်တာ စတာတွေလည်း ခံစားရပါတယ်။

ဒါ့ပြင် စွဲလည်း စွဲတတ်ပါတယ်။ စားတာကြာလာတဲ့အခါ ခေါင်းကြည်ပြီး လန်းဖို့ အရင်ကထက် ပိုပြီး စားလာရပါတယ်။ အမျိုးသား၊ အမျိုးသမီးမရွေး ကွမ်းစားကြတဲ့ အာရှနိုင်ငံတွေမှာ ဆိုရင် ကွမ်းစွဲတဲ့သူက အရက်စွဲတဲ့သူထက် ပိုများပါတယ်။

ကွမ်းစွဲတာကို ရုတ်တရက် ဖြတ်လိုက်ရင်

ကွမ်းက တားမြစ်ထားတဲ့ ပစ္စည်း မဟုတ်ပါဘူး။ ဆိုလိုတာက အရက်တို့၊ ဆေးလိပ်တို့လောက် ပြင်းပြင်းထန်ထန် တားမြစ်ထားတာမျိုး မရှိပါဘူး။ အဘိုးအဘွားတွေ ရှိတဲ့အိမ်တွေဆို ကွမ်းအစ်လေးတွေတောင် ဆောင်ထားတတ်ပါသေးတယ်။ ဒါ့ပြင် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး စတဲ့ အပင်ကရတဲ့ သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတာဖြစ်လို့ အန္တရာယ်ကင်းတယ်လို့ ထင်ကြတာလည်း ပါပါတယ်။

ကွမ်းက စွဲတဲ့အပြင် ရုတ်တရက် ဖြတ်လိုက်တဲ့အခါ ယင်းထသလိုပါ ခံစားရပါတယ်။ အနည်းငယ်ပဲ စားတဲ့သူ၊ ရံဖန်ရံခါပဲ စားတဲ့သူတောင် ကြုံရတတ်ပါတယ်။ အာရုံစူးစိုက်လို့ မရတာ၊ နေလို့ ထိုင်လို့ မကောင်းတာ၊ စိတ်အတက်အကျဖြစ်တာ၊ စိတ်မကြည်တာ၊ နုံးတာ၊ အိပ်မပျော်တာတွေ ခံစားရပါတယ်။ ဒီလိုဖြစ်ရတာက ကွမ်းသီးပါတဲ့ ဓာတ်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲက အာရုံကြောဓာတုပစ္စည်းတွေ အပေါ် လွှမ်းမိုးမှု ကြီးလို့ပဲ ဖြစ်ပါတယ်။

ကွမ်းစွဲ တာကို ဘယ်လိုဖြတ်ကြမလဲ

ဒါဆို ကွမ်းစွဲ တာကို ဘယ်လိုဖြတ်ကြမလဲ။

ကွမ်းစွဲ တာကို ဖြတ်ဖို့ ဆေးဝါးအကူအညီလည်း ယူလို့ရသလို နေထိုင်မှု ပုံစံကိုလည်း ပြောင်းသင့်ပါတယ်။

  • ဆေးဝါးအကူအညီ

ဆေးဝါးအကူအညီမှာ ဆိုရင် ကွမ်းဖြတ်ဆေးရယ်ဆိုပြီး သီးသန့် မရှိပါဘူး။ ဘာကြောင့် ကွမ်းစွဲ တယ်ဆိုတာ တိတိကျကျ မပြောနိုင်တဲ့အတွက် ဘယ်လိုဖြတ်ရမလဲဆိုတာ သေချာ မပြောနိုင်သေးတာပဲ ဖြစ်ပါတယ်။

University of Florida in the United Statesက ဆေးဝါးပညာရှင် Roger Lee Papkeရဲ့ အဆိုအရ ကွမ်းသီးမှာ ပါတဲ့ စွဲလမ်းစေတတ်တဲ့ ဓာတ်ပစ္စည်းတွေက နီကိုတင်းလိုပဲ ဦးနှောက်ရဲ့ တူညီတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။ ဆိုလိုတာက ကွမ်းစွဲတာကို နီကိုတင်းဖြတ်တဲ့ ဆေးဝါးတွေ သုံးနိုင်တယ်ဆိုတာပါပဲ။

ထပ်ပြီး လေ့လာမှုတွေ လုပ်ရဦးမယ်ဆိုပေမယ့် လက်ရှိမှာတော့ ဒီနည်းကို ဖြစ်နိုင်ခြေ အများဆုံးပါပဲ။

  • နေထိုင်မှု ပုံစံ

အရင်ဆုံး ရုတ်တရက် မဖြတ်ဖို့ လိုပါတယ်။ ရုတ်တရက် ဖြတ်လိုက်ရင် ယင်းထသလို ခံစားရနိုင်လို့ပါ။ ကြာကြာနဲ့ များများစားခဲ့သူဆိုရင် ပိုဆိုးပါတယ်။ ဒါကြောင့် အရင်ဆုံး စားတဲ့ အကြိမ်ရေကို လျှော့ချပါ။ နေ့စဉ်စားတဲ့ ကွမ်းယာအရေအတွက်ကိုလည်း လျှော့ဖို့ လိုပါတယ်။

အိပ်ငိုက်ရင်၊ စိတ်မလန်းရင် ကွမ်းယာစားမယ့်အစား တခြားနည်းလမ်းနဲ့ အစားထိုးပါ။

နောက်ထပ်အရေးကြီးတာက ကွမ်းဖြတ်ဖို့ ဆေးလိပ်မသောက်ပါနဲ့။ ကွမ်းဖြတ်လို့ စိတ်မကြည်တဲ့အခါ ဆေးလိပ်သောက်လိုက်ရင် စိတ်ကြည်ပြီး နေလို့ ထိုင်လို့ ကောင်းတယ်လို့ ပြောကြပါတယ်။ ဒါက နီကိုတင်းကြောင့်ပါ။ ကွမ်းရော ဆေးလိပ်ရောက စွဲတတ်တဲ့ အရာတွေဖြစ်တာကြောင့် အခန့်မသင့်ရင် ကွမ်းမပြတ်ဘဲ ဆေးလိပ်ပါ အပိုဆောင်း စွဲသွားပါလိမ့်မယ်။

ဒါက ပိုဆိုးပါတယ်။ ၂ခုပေါင်းရင် ခံတွင်းကင်ဆာဖြစ်နိုင်ခြေက အဆမတန် မြင့်လာပါလိမ့်မယ်။

ကွမ်းက အရင်တည်းက စားလာကြတာဖြစ်တဲ့အတွက် အန္တရာယ်ရှိတယ်ဆိုတာ မသိထားကြပါဘူး။ တကယ်တော့ ကွမ်းကလည်း ဆေးလိပ်၊ အရက်နီးတူ စွဲတတ်ပါတယ်။ ကင်ဆာဖြစ်စေနိုင်ပါတယ်။ အမျိုးသားရော အမျိုးသမီးတွေပါ စားနေကြတာဖြစ်တဲ့အတွက် ခံတွင်းကင်ဆာလူနာတွေ များလာတာကို သတိပြုစေချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.hindawi.com/journals/jad/2021/9967097/

https://adf.org.au/drug-facts/betel-nut/

https://www.scidev.net/global/news/treatment-betel-nut-addicts-drugs/

http://www.sop.org.tw/sop_journal/Upload_files/25_1/010.pdf

ယခုပုံစံ

04/08/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကွမ်းစားခြင်းကြောင့် ဘာတွေထိခိုက်နိုင်သလဲ

ကွမ်းသီး နဲ့ ကျန်းမာရေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ