backup og meta

ကွမ်းယာ ကြောင့် ခံတွင်းကင်ဆာ ဖြစ်နိုင်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွမ်းယာ ကြောင့် ခံတွင်းကင်ဆာ ဖြစ်နိုင်သလား

    ၂၀၁၇ ဒေတာတွေအရ ကမ္ဘာပေါ်မှာ ကွမ်းယာစားတဲ့သူ သန်း၆၀၀ ရှိပါတယ်။ အာရှကတော့ အများဆုံးပေါ့။ ကွမ်းယာ စားတာက ခံတွင်း၊ လည်ချောင်းနဲ့ အစာရေမျိုပြွန်ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ ရှေးတုန်းတည်းက စားခဲ့တဲ့ ကွမ်းယာက ဘယ်လိုကြောင့်များ ကင်ဆာဖြစ်စေနိုင်ပါလိမ့်။

    ကွမ်းယာ သမိုင်းကြောင်း

    မြန်မာနိုင်ငံအနေနဲ့ ပြောရရင် ကွမ်းယာ က ယဉ်ကျေးမှု တစ်ခုလို ဖြစ်နေပါတယ်။ ရှေးက အလှူတွေ မင်္ဂဆောင်တွေဆို ကွမ်းကမ်းကြသလို အမှုအခင်းတွေ ဖြစ်ရင်လည်း လက်ဖတ်ထုပ်၊ ကွမ်းထုပ်နဲ့ ကျေအေးလေ့ရှိပါတယ်။ အဘိုးအဘွားရှိတဲ့ အိမ်တွေဆို ကွမ်းအစ်လေးနဲ့ ကွမ်းညှပ်လေးနဲ့ ဆောင်ထားတတ်ကြပါတယ်။

    ဒီလို နှစ်အတော်ကြာ ဘိုးစဉ်ဘောင်ဆက် စားခဲ့ကြတဲ့ ကွမ်းက ခံတွင်းကင်ဆာဖြစ်စေတယ်ဆိုတာ ဟုတ်ပါ့မလား။

    ကွမ်းယာ ဘာကြောင့် စားကြတာလဲ။

    ကွမ်းယာက စိတ်ကို တက်ကြွစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ကမ္ဘာပေါ်မှာ စိတ်တက်ကြွစေတဲ့ ပစ္စည်းတွေထဲမှာ ဆေးလိပ်၊ အရက်နဲ့ ကဖင်းပါတဲ့ သောက်စရာတွေ ပြီးရင် နံပါတ် ၄နေရာမှာ ရှိနေပါတယ်။ ဒါ့ပြင် စိတ်ကြည်စေပြီး အိပ်ငိုက်တာတွေ ပြေစေတဲ့အတွက်လည်း စားကြပါတယ်။ အဆာခံပြီး အစာကြေလွယ်စေတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။

    ဒါကကောင်းတဲ့အချက်တွေပါ။ မကောင်းတဲ့အချက်ကတော့ စွဲတတ်ပါတယ်။ ပိုဆိုးတာက ကင်ဆာဖြစ်စေတာပါပဲ။

    ကွမ်းယာမှာ ပါတဲ့ ဓာတုပစ္စည်းတွေ

    ကွမ်းယာ မှာ အခြေခံအားဖြင့်တော့ ကွမ်းရွက်ရယ်၊ ထုံးရယ်၊ ကွမ်းသီးရယ်ပါပါတယ်။ တခြားဆေးတွေကတော့ ကိုယ်နှစ်သက်သလို ထည့်ကြပါတယ်။

    WHOက ကွမ်းသီးကို ကင်ဆာဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။ နောက်ပိုင်း လေ့လာချက်တွေမှာလည်း ကွမ်းယာစားတာက ခံတွင်းကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်အလက်တွေ တွေ့လာရပါပြီ။ ကွမ်းသီးမှာ alkaloids (Arecoline, Arecaidine)နဲ့ polyphenolတွေ ပါဝင်ပြီး ဒါတွေက ကင်ဆာဖြစ်စေပါတယ်။

    ဒါ့ပြင် ကွမ်းရွက်စိုက်ပျိုးတဲ့နေရာမှာ ပိုးသတ်ဆေးတွေ တရားလွန်သုံးမယ်။ သေချာမသန့်စင်ဘဲနဲ့ စားမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ထုံးကလည်း ပေါက်စေတဲ့အတွက် ကွမ်းယာကြောင့် ခံတွင်းက ဆဲလ်တွေ အနာဖြစ်တဲ့အခါ ကောင်းကောင်းမကျက်ဘဲ ထပ်ခါထပ်ခါ ပြန်ဖြစ်ဖို့ လှုံ့ဆော်နေသလို ဖြစ်တတ်ပါတယ်။

    အရင်ကနဲ့ မတူတာကတော့ နှပ်ဆေးတွေ အများကြီး သုံးလာကြတာပါပဲ။ အမျိုးအစားအများကြီး ရှိနေတဲ့အပြင် ဓာတုပစ္စည်းတွေလည်း ပါဝင်မှု များတာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ပါနေမလားဆိုတာ မသိနိုင်ပါဘူး။

    ကွမ်းယာနဲ့ ခံတွင်းကင်ဆာ

    ကွမ်းယာကြောင့် ခံတွင်းမှာ lichenoid lesionsလို့ ခေါ်တဲ့ အမြှေးပါးပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့်တော့ ကွမ်းသွေးငုံတတ်တဲ့ ပါးစောင်မှာပါ။ ဒါကြောင့် ကင်ဆာဖြစ်ပြီဆို ပါးစောင်မှာ ဖြစ်ကြတာများပါတယ်။ နှစ်တွေအကြာကြီး ကွမ်းစားတဲ့သူတွေဆို oral submucous fibrosis (OSF) လို့ခေါ်တဲ့ အမြှေးပါးတွေ ပျက်စီးရုံသာမက အမာရွတ်ဖြစ်တဲ့အဆင့်အထိ ရောက်သွားပါတယ်။

    ဆေးလိပ်ပါသောက်မယ်ဆိုရင် leukoplakia လို့ ခေါ်တဲ့ ပါးစောင်မှာ အဖြူအဖတ်တွေပါ ထွက်လာပါတယ်။ OSFရော leukoplakiaရောက ကင်ဆာအကြိုအဆင့်တွေပါ။ ဒီကနေမှ တကယ့်ခံတွင်းကင်ဆာ ဖြစ်လာနိုင်ပါတယ်။ ကွမ်းယာ စားတဲ့သူတွေက ဆေးလိပ်နဲ့ အရက်လည်း သောက်မယ်ဆိုရင် ဖြစ်နိုင်ခြေက ပိုများလာမှာပါ။

    ဒါကြောင့်  ကွမ်းကိုလည်း အရက်တွေ၊ ဆေးလိပ်တွေလိုပဲ ဖြတ်ဖို့ လိုပါတယ်။ မဖြတ်နိုင်သေးရင်တောင် လျှော့စားဖို့ လိုပါတယ်။ စွဲတတ်တယ်ဆိုပေမယ့် ကြိုးစားပြီး ဖြတ်ဖို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement