အဆုတ်ရောဂါ
ဆေးလိပ် သောက်သုံးခြင်းက လေပြွန်နဲ့ အဆုတ်ထဲမှာ ရှိတဲ့ လေအိတ်ငယ်လေးတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ရောဂါတွေ ဖြစ်စေပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် emphysema (အဆုတ် လေအိတ်ငယ်လေးများ ပျက်စီးခြင်း) နဲ့ နာတာရှည် လေပြွန်ရောင်ရမ်းခြင်း တို့ ပါဝင်တဲ့ COPD လိုမျိုး အဆုတ်ရောဂါတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ တကယ်လို့ ပန်းနာရင်ကျပ် ရောဂါအခံ ရှိပါက ဆေးရွက်ကြီးကနေ ထွက်ပေါ်လာတဲ့ ဆေးလိပ်ငွေ့ကြောင့် ရင်ကျပ်ရောဂါ ထနိုင်စေသလို အခြေအနေ ကိုလည်း ပိုမိုဆိုးရွားစေပါတယ်။ ဆေးလိပ်သောက်သုံးသူတွေ နဲ့ ထိတွေ့နေရသူတွေဟာ ဆေးလိပ် မသောက်သုံးသူတွေထက် COPD ကြောင့် သေဆုံးနိုင်ခြေ ၁၂ ဆကနေ ၁၃ ဆအထိ ပိုများပါတယ်။
ကင်ဆာရောဂါ
တစ်ဆင့်ခံ ဆေးလိပ်ငွေ့က လူသားတွေမှာ ကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်တစ်ချက်ကို အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့က ဆေးလိပ်မသောက်သူတွေမှာတောင် အဆုတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဆေးရွက်ကြီးကနေ ထွက်လာတဲ့ဆေးလိပ်ငွေ့နဲ့ ကာလရှည်ကြာ ထိတွေ့မိတဲ့ ဆေးလိပ် မသောက်သူတွေဟာ ဆေးလိပ်ငွေ့နဲ့ လုံး၀ ထိတွေ့မှုမရှိတဲ့ သူတွေထက် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း ပိုများပါတယ်။
ကလေး ကျန်းမာရေး
ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ဟာ ဆက်လက် ကြီးထွားဖွံ့ဖြိုးနေဆဲ ဖြစ်သလို ကလေးငယ်တွေ ရဲ့ အသက်ရှုနှုန်းဟာ အရွယ်ရောက်ပြီးသူတွေထက် ပိုမြန်တာကြောင့် တစ်ဆင့်ခံဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးကို ခံစားရနိုင်ခြေ ပိုများပါတယ်။
ကလေးအသက် ငယ်လေ တစ်ဆင့်ခံဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးကို ပိုခံစားရလေ ဖြစ်ပါတယ်။ ကလေးငယ်တွေဟာ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ရှားနိုင်စွမ်း နည်းပါတယ်။ ကလေးငယ်တွေမှာ တစ်ဆင့်ခံဆေးလိပ်ငွေ့ ထိတွေ့မှု အနေအထား အများစုက နေအိမ်မှာ လူကြီးတွေ ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်ပါတယ်။
လေ့လာမှုတွေ အရ ဆေးလိပ်သောက်သုံးသူ မိဘတွေရဲ့ ကလေးငယ်တွေဟာ –
- မကြာခဏ ဖျားနာလေ့ ရှိတယ်။
- အဆုတ်နဲ့ ပတ်သက်တဲ့ ကူးစက်ရောဂါတွေ (လေပြွန်ရောင်ရမ်းတာနဲ့ အဆုတ်ရောင်ရောဂါ လိုမျိုး) ပိုခံစားရလေ့ ရှိတယ်။
- ချောင်းဆိုး၊ အသက်ရှူမဝ၊ မောခြင်း နဲ့ အသက်ရှူသံ တရွှီရွှီ မြည်ခြင်း တို့ကို ပိုဖြစ်လေ့ ရှိတယ်။
- နားပိုးဝင်ခြင်း ပိုဖြစ်လေ့ရှိတယ်။
- တစ်ဆင့်ခံဆေးလိပ်ငွေ့က ပန်းနာရင်ကျပ်ရောဂါ ထစေနိုင်သလို၊ ရောဂါအခြေအနေကိုလည်း ပိုဆိုးစေပါတယ်။
- အရင်က ရောဂါမရှိတဲ့ ကလေးတွေမှာတောင် ပန်းနာရင်ကျပ်ရောဂါ ဖြစ်စေနိုင်ပါတယ်။
ဆေးလိပ်ဖြတ်ပါ။ ကိုယ့်အနီးဝန်းကျင်က ဆေးလိပ်သောက်သုံးသူတွေကို ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းပါ။ မဖြတ်နိုင်ရင် တခြားသူတွေနဲ့ ဝေးဝေး၊ ဖြစ်နိုင်ရင် အပြင်ဘက် လူမရှိတဲ့ နေရာကို ထွက်ပြီး ဆေးလိပ်သောက်သင့်ပါတယ်။
တကယ်လို့များ နေအိမ်မှာ ကလေးငယ်တွေ ရှိနေမယ်ဆိုရင် နေအိမ်ကို ဆေးလိပ် ကင်းစင်နေရာ အဖြစ် သတ်မှတ် ထားရှိဖို့က အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ ကလေးငယ်တွေကို ဆေးလိပ်ငွေ့နဲ့ ဝေးဝေးနေစေတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ၊ ပြင်းထန်တဲ့ ပန်းနာရင်ကျပ်ရောဂါ၊ ကင်ဆာ နဲ့ အခြား ပြင်းထန်တဲ့ ရောဂါလက္ခဏာများ ခံစားရနိုင်ခြေကို ကျဆင်းအောင် အထောက်အကူ ပေးနိုင်ပါတယ်။
မိဘတွေအနေနဲ့ ကလေးငယ်တွေကို တစ်ဆင့်ခံဆေးလိပ်ငွေ့ ကနေ အကာအကွယ် ပေးနိုင်ဖို့ အတွက် ဒါတွေ သတိထားပေးသင့်ပါတယ်။
- အိမ်ခန်းထဲ သို့မဟုတ် ရုံးခန်း ထဲမှာ ဆေးလိပ် မသောက်ပါနဲ့။ လူအများကြားမှာ ဆေးလိပ်မသောက်ပါနဲ့။
- ကားထဲမှာ ဆေးလိပ်မသောက်ပါနဲ့။
- ကလေးတွေ နားမှာ ဆေးလိပ်မသောက်ပါနဲ့။ တတ်နိုင်သလောက် လျှော့သောက်ပါ။
- လေဝင်လေထွက်ကောင်းပြီး လူရှင်းတဲ့ နေရာကို ရွေးပြီး သောက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။