backup og meta

ဆေးလိပ်ဖြတ်ခြင်းကြောင့် လက်ငင်း ရနိုင်မယ့် အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်ဖြတ်ခြင်းကြောင့် လက်ငင်း ရနိုင်မယ့် အကျိုးကျေးဇူးများ

    ဆေးလိပ်ဖြတ်ခြင်းကြောင့် လက်ငင်း ရနိုင်မယ့် အကျိုးကျေးဇူးများ အကြောင်းကို ဗဟုသုတ အနေနဲ့ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

    ဆေးလိပ်ဖြတ်ခြင်းကြောင့် အချိန်ကြာလာတာနဲ့အမျှ သိသာလာမယ့် အကျိုးကျေးဇူးတွေ ရှိသလို၊ ချက်ချင်းတွေ့နိုင်တဲ့ ရလဒ်တွေလည်း ရှိပါတယ်။

    ဆေးလိပ်ဖြတ်ခြင်းကြောင့် လက်ငင်း ရနိုင်မယ့် အကျိုးကျေးဇူးများ

    ဒီအကျိုးကျေးဇူးတွေကတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ချက်ချင်းရနိုင်တာတွေ ဖြစ်ပါတယ်။

    • ခံတွင်းအနံ့ကောင်းလာခြင်း

    • သွားအရောင် ဖြူလာခြင်း

    • အဝတ်အစားနှင့် ဆံပင်တို့မှာ အနံ့ဆိုးတွေ မရှိတော့ခြင်း

    • လက်သည်းအရောင်များ ပျောက်သွားခြင်း

    • အစားပိုစားလို့ကောင်းလာခြင်း

    အနံ့ခံနိုင်စွမ်း ပုံမှန်ပြန်ဖြစ်လာခြင်း

    • လှေကားတက်ခြင်း၊ အိမ်အလုပ်လုပ်ခြင်းတို့မှာ မောပန်းမှုနည်းလာခြင်း

    • အပြင်ထွက်ဆေးလိပ်သောက်စရာ မလိုဘဲ ဆေးလိပ်ကင်းစင်တဲ့ အိမ်မျိုး ဖြစ်လာခြင်း

    ကုန်ကျစရိတ် နည်းလာခြင်း

    ဆေးလိပ်ဖြတ်ရတဲ့ အဓိကအကြောင်းရင်းက ကျန်းမာရေးကြောင့်ဆိုပေမယ့် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဆေးလိပ်က ဈေးကြီးပါတယ်။ ဆေးလိပ်နဲ့ ပတ်သက်တဲ့ ကိုယ့်အသုံးစရိတ်ကိုတွက်ရတာ မခက်ပါဘူး။ ကိုယ်တစ်နေ့တာ သောက်တဲ့ ဆေးလိပ်ဖိုးကို ၃၆၅ ရက်နဲ့ မြှောက်ကြည့်လိုက်ပါ။ အင်မတန်အံ့သြစရာ ကောင်းတဲ့ ပမာဏကို သင်တွေ့ပါလိမ့်မယ်။ ကိုယ်ဆေးလိပ်သောက်ခဲ့တဲ့ နှစ်အရေအတွက်နဲ့ ထပ်မြှောက်လိုက်ရင်တော့ သင် အလွန်အမင်းကို အံ့သြမှင်သက်သွားရပါလိမ့်မယ်။ အဲဒီတစ်နှစ်စာကုန်ကျစရိတ်ကို နောင်(၁၀)နှစ်စာအတွက် ၁၀ နဲ့ မြှောက်လိုက်ပါ။ ပြီးရင် အဲဒီပိုက်ဆံတွေနဲ့ တခြားဘာလုပ်လို့ ရနိုင်သလဲ စဉ်းစားကြည့်ပါ။ အဲဒီအပြင် ဆေးလိပ်သောက်လို့ ရောဂါဖြစ်လာရင် ကုန်မယ့်စရိတ်တွေလည်း သက်သာသွားမှာ ဖြစ်ပါတယ်။

    လူမှုရေးအရ လက်သင့်ခံမှု

    ဒီနေ့ခေတ်မှာ ဆေးလိပ် သောက်ခြင်းကို လူမှုရေးအရ လက်သင့်ခံမှု နည်းလာပါတယ်။ မိတ်ဆွေတွေ ဆုံးရှုံးရတာ၊ သင့်မိတ်ဆွေတွေက သင့်ကြောင့် အဆင်မပြေဖြစ်ရတာတွေ ရှိလာနိုင်ပါတယ်။ အလုပ်ခွင်အားလုံးနီးပါးမှာလည်း ဆေးလိပ်သောက်တာကို တားမြစ်ထားကြပြီး ဆေးလိပ်မသောက်တတ်သူကို အလုပ်ရှင်တွေက ပိုလိုချင်ကြပါတယ်။

    တွေ့ရှိချက်တွေအရ ဆေးလိပ်သောက်တတ်သူဟာ အလုပ်မှာ ကုန်ကျစရိတ်ကို ပိုစေတယ်လို့ ဆိုပါတယ်။ ဝန်ထမ်းတစ်ယောက် ဆေးလိပ်ဖြတ်လိုက်နိုင်ရင် အလုပ်ရှင်ဟာ တစ်နှစ်ကို ဒေါ်လာ ၅၈၀၀ လောက် အကုန်အကျသက်သာသွားပါမယ်။ ဆေးလိပ်သောက်တဲ့ ဝန်ထမ်းဟာ နာဖျားမှု ပိုဖြစ်များမယ်။

    အဲဒီအတွက် သူ့အစား ဝန်ထမ်းငှားရတာတွေ ရှိလာမယ်။ အလုပ်သမားအတွက် ထားရတဲ့ ကျန်းမာရေးအာမခံစရိတ် တက်လာမယ်။ ဆေးလိပ်မကြာခဏ သောက်နေရင် အလုပ်ခွင်မှာ ရှိနေချိန်နည်းမယ်။ ဆေးလိပ်နံ့တွေက အလုပ်ခွင်ရဲ့ အနံ့အသက်ကို ဆိုးစေပါမယ်။

    နောက်ပြီး မူလတန်းကျောင်း၊ တက္ကသိုလ်၊ ကောလိပ်နဲ့ လူအများရှိနေတဲ့ နေရာတွေမှာ ဆေးလိပ်သောက်ခွင့်ကို ပိတ်ထားကြပါတယ်။ အခန်းတွင်းမှာတင် မဟုတ်ဘဲ အခန်းပြင် ပရဝုဏ်တွေမှာပါ ဆေးလိပ်သောက်ခွင့် ပိတ်ဖို့လည်း ကြိုးစားနေကြပါပြီ။

    ဆေးလိပ်သောက်တတ်သူတွေကို အိမ်ခန်းငှားဖို့လည်း တွန့်ဆုတ်လာကြပါတယ်။ အိမ်ပြင်ဆင်စရိတ် ပိုကုန်နိုင်တာ၊ အပျက်အစီးများတာကြောင့်ပါ။

    သင့်မိတ်ဆွေသူငယ်ချင်းတွေကလည်း သူတို့အိမ်နဲ့ ကားထဲမှာ ဆေးလိပ်မသောက်ဖို့ တောင်းဆိုကြပါလိမ့်မယ်။ ရှိုးပွဲတွေ၊ ဘောလုံးပွဲတွေ၊ စားသောက်ဆိုင်တွေ၊ ဘားတွေမှာလည်း ဆေးလိပ်သောက်တာကို ပိတ်ပင်လာကြပြီ။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သင့်အတွက် ဆေးလိပ် သောက်စရာ နေရာရှာဖို့က ခက်ခဲလာတော့မှာ ဖြစ်ပါတယ်။

    အဲဒီအပြင် ဆေးလိပ် သောက်တတ်ရင် ချစ်ရေးချစ်ရာကိစ္စတွေ၊ အိမ်ထောင်ရေးကိစ္စတွေမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ ရှိလာနိုင်ပါတယ်။

    တခြားလူများ၏ ကျန်းမာရေးကို ထိခိုက်ခြင်း

    ဆေးလိပ်သောက်ခြင်းဟာ သင့်အတွက်တင်မကဘဲ သင့်ပတ်ဝန်းကျင်က လူတွေကိုပါ ကျန်းမာရေးထိခိုက်စေပါတယ်။ ဆေးလိပ်က ထွက်နေတဲ့အငွေ့နဲ့ သင်ရှိုက်ထုတ်လိုက်တဲ့ အငွေ့တွေကြောင့် ဖြစ်တာပါ။ တွေ့ရှိချက်တွေအရ အဲဒီအငွေ့တွေဟာ ဆေးလိပ်မသောက်သူတွေမှာ အဆုတ်ကင်ဆာနဲ့ သေဆုံးရမှုတွေကို ထောင်ပေါင်းများစွာ ဖြစ်စေပြီး လွန်ခဲ့တဲ့ နှစ်(၅၀)အတွင်း သေဆုံးမှုပေါင်း ၂.၅သန်း ရှိခဲ့ပါတယ်။

    မိခင်က ဆေးလိပ်သောက်ရင် ကလေးမှာ ပန်းနာရင်ကြပ် ဖြစ်နိုင်ခြေပိုများပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နေစဉ် ဆေးလိပ်သောက်ရင် ဖြစ်တတ်ပါတယ်။ ဒီအပြင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ပေါင်မပြည့်ဘဲ မွေးဖွားခြင်းတို့လည်း ဖြစ်တတ်ပါတယ်။

    ဆေးလိပ်သောက်တဲ့ အိမ်မှာ ကြီးပြင်းရတဲ့ ကလေးတွေဟာ နား၊ အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ ခံစားရနိုင်ခြေ ပိုများပါတယ်။

    ရုတ်တရက်သေဆုံးနိုင်သော ရောဂါလက္ခဏာစု၊ အဆုတ်ကြီးထွားမှုနှေးခြင်း၊ မျက်စိယားယံခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။

    စံနမူနာ ဖြစ်ပါစေ

    သင့်မှာ ကလေးရှိတယ်ဆိုရင် သင့်အနေနဲ့ သူတို့အတွက် စံနမူနာပြ နေထိုင်ဖို့ လိုပါမယ်။ မေးကြည့်လိုက်ရင် ဆေးလိပ်သောက်သူအများစုဟာ သူတို့ကလေးကိုတော့ ဆေးလိပ် မသောက်စေချင်ကြပါဘူး။ ဒါပေမယ့် ဆေးလိပ်သောက်တဲ့ မိဘရဲ့ ကလေးတွေက ဆေးလိပ်သောက်ဖို့ ရာခိုင်နှုန်းပိုများတာမို့ သင့်အနေနဲ့ ခုပဲ ဆေးလိပ်ဖြတ်ပြီး သင့်ကလေးရဲ့ စံနမူနာအနေနဲ့ ရပ်တည်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 30/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement