backup og meta

ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ

    ပန်းနာရင်ကြပ်ရောဂါ ဆိုတာ လေပြွန်တွေ ရောင်ရမ်းလာတာကြောင့် ကျဉ်းပြီး ရောဂါလက္ခဏာတွေ ခံစားရတာပါ။ ကျဉ်းတဲ့အပြင် အချွဲတွေပါ ထွက်လာပါသေးတယ်။ ပန်းနာရင်ကြပ် က အမျိုးအစား အများကြီး ရှိပေမယ့် လက္ခဏာတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ အကြောင်း လေ့လာလိုက်ရအောင်နော်။

    ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ

    ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ က ကွာခြားမှု ရှိပါတယ်။ လူနာအခြေအနေ၊ ရောဂါအခြေအနေကိုလိုက်ပြီး လက္ခဏာတွေက ပြင်းထန်ပုံကွာခြားပါတယ်။ တချို့ဆို ရင်ကြပ်ရှိလို့ ရှိမှန်းတောင် မသိပါဘူး။ ဒါကြောင့် ရောဂါပြင်းထန်ပုံအလိုက် ပန်းနာရင်ကြပ်ရဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်။

    အတွေ့ရများတဲ့ ပန်းနာရင်ကြပ်လက္ခဏာတွေ

    အတွေ့ရများတဲ့ ပန်းနာရင်ကြပ်လက္ခဏာတွေကတော့

    လူတိုင်း ဒီလက္ခဏာတွေ ဖြစ်မယ်လို့တော့ ယတိပြတ်မပြောနိုင်ပါဘူး။ လက္ခဏာအကုန်လုံးကိုလည်း ခံစားရချင်မှ ရမှာပါ။ တချို့က ချောင်းဆိုးရုံနဲ့ ပြီးသွားတယ်။ တချို့ကျတော့လည်း တရွှီရွှီနဲ့ ကြပ်နေတတ်ပါတယ်။ တစ်ယောက်တည်းမှာတောင်မှ ကြပ်တဲ့အချိန်တိုင်း ပုံစံတူမနေပါဘူး။ ဒီတစ်ခေါက်က သိပ်မဆိုးပေမယ့် နောက်အခေါက် ဆိုးချင် ဆိုးနိုင်ပါတယ်။

    ပန်းနာရင်ကြပ် မဖြစ်ခင် ကနဦးလက္ခဏာ

    ကနဦးလက္ခဏာတွေက နောက်ပိုင်းမှာ တကယ့် ပန်းနာရင်ကြပ်မထခင် ပြတတ်ပါတယ်။ ဒီလက္ခဏာတွေက သိပ်မပြင်းထန်ပါဘူး။ ဒါကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မထိခိုက်ပါဘူး။ ဒါပေမယ့် ဒီအဆင့်မှာ ကောင်းကောင်းထိန်းချုပ်နိုင်ရင် နောက်ထပ် ပြင်းထန်တဲ့ လက္ခဏာတွေ ဆက်ဖြစ်မလာပါဘူး။ ဒါကြောင့် ဒီလက္ခဏာတွေကို သိထားဖို့လိုပါတယ်။ လက္ခဏာတွေကတော့

    • ညဘက်ရောက်ရင် ချောင်းထထဆိုးတာ
    • မောလွယ်တာ
    • လှုပ်လှုပ်ရှားရှားလုပ်ရင် ပင်ပန်းလွယ်တာ၊ တရွှီရွှီနဲ့ အသက်ရှူတွေ မြန်လာတာ
    • ညအိပ်မပျော်တာ
    • တခြား ဓာတ်မတည့်တဲ့ လက္ခဏာလေးတွေ ရှိတတ်တာ (ဥပမာ နှာရည်ယိုတာ၊ နှာပိတ်တာ)

    ဒီလက္ခဏာတွေက သာမန်အအေးမိတာနဲ့ တူနေတာကြောင့် လွတ်သွားတတ်ပါတယ်။ ပန်းနာရင်ကြပ်အခံရှိသူတွေကတော့ ဒီလိုလက္ခဏာတွေ ပေါ်လာရင် သိပ်မကြာခင်မှာ တကယ်ရင်ကြပ်တဲ့အဆင့်ထိရောက်လာနိုင်တဲ့အတွက် ဆရာဝန်ညွှန်ကြားထားတဲ့ ရှူဆေးတွေကို စသုံးသင့်ပါတယ်။

    ပန်းနာရင်ကြပ် ထဖောက်တဲ့အခါ

    ဒါကတော့ ပန်းနာရင်ကြပ်သမားတိုင်း ကြောက်ကြတဲ့အခြေအနေပါ။ လက္ခဏာတွေက ပြင်းထန်သလို အသက်အန္တရာယ်လည်း ရှိပါတယ်။ လေပြွန်တွေ ရောင်ပြီး အချွဲတွေ ထွက်လာတဲ့အတွက်

    • အသက်ရှူတွေ ကြပ်လာမယ်
    • လေပြွန်တွေ ကျဉ်းတဲ့အတွက် အသက်ရှူလိုက်တိုင်း တရွှီရွှီဖြစ်နေမယ်
    • ချွဲကြပ်လာမယ်
    • မောလာမယ်
    • လုပ်နေကြအလုပ်တွေ မလုပ်နိုင်တော့ပါဘူး။

    ဒါ့ပြင်

    • ချောင်းတွေ ဆက်တိုက်ဆိုးမယ်
    • မောလွန်းလို့ စကားတောင် ဆုံးအောင် မပြောနိုင်ပါဘူး
    • ရင်ဘတ်တွေ အောင့်လာမယ်
    • အသက်ရှူတွေ မြန်လာမယ်
    • အားစိုက်ပြီး အသက်ရှူရမယ်
    • လူနာက ဂနာမငြိမ်တော့ဘူး
    • ချွေးစေးတွေ ထွက်ပြီး ဖြူဖျော့လာမယ်
    • ပြာနှမ်းလာပါမယ်

    ဒီလက္ခဏာတွေက ရောဂါဖောက်ပြီး အချိန်တိုလေးအတွင်းမှာပဲ ဖြစ်လာပြီး ပိုပိုဆိုးလာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အရေးပေါ်အနေနဲ့ ကြပ်လာရင် ရှူရမယ့် ဆေးတွေကို အမြန်ထုတ်ရှူရပါမယ်။ ရှူလို့မှ မသက်သာဘူးဆိုရင်တော့ ဆေးရုံသွားပြီး ကုသမှု ခံယူသင့်ပါတယ်။

    တွေ့ရခဲတဲ့ ပန်းနာရင်ကြပ် လက္ခဏာတွေ

    ခုဆက်ပြောမယ့် လက္ခဏာတွေကတော့ တွေ့နေမြင်နေကြ လက္ခဏာတွေ မဟုတ်ပါဘူး။ ဒါကြောင့် လေပြွန်ရောင်တာတို့၊ နှလုံးမကောင်းတာတို့နဲ့ မှားတတ်ပါတယ်။ ဘာလက္ခဏာတွေလည်း ဆိုတော့

    • အသက်ရှူမြန်တာ
    • နုံးတာ
    • နာတာရှည် ချောင်းဆိုးတာ
    • လှုပ်လှုပ်ရှားရှားနေတာနဲ့ မောတာ၊ ချောင်းဆိုးတာ စတာတွေပဲ ဖြစ်ပါတယ်။

    ကလေးတွေမှာ ပန်းနာရင်ကြပ် ဖြစ်တဲ့အခါ

    ကလေးတွေက အသက်၅နှစ်လောက်ဆို ပန်းနာရင်ကြပ် လက္ခဏာတွေ စပြလာပါပြီ။ ဒါပေမယ့် ကလေးတိုင်းက တရွှီရွှီမြည်ပြီး ကြပ်နေတာ မဟုတ်ပါဘူး။ နာတာရှည် ဖြစ်လိုက် ပျောက်လိုက်နဲ့ ချောင်းလေးပဲ ဆိုးနေကြတာပါ။ ဒါကြောင့်လည်း တော်ရုံဆို သိပ်သတိမထားမိပါဘူး။ လေပြွန်ရောင်တယ်လို့ပဲ ထင်ကြပါတယ်။

    ပန်းနာရင်ကြပ်ရဲ့ လက္ခဏာတွေကို ကြည့်မယ်ဆိုရင် ပြင်းထန်ပုံကိုလိုက်ပြီး အမျိုးမျိုးပြောင်းလဲတာကို တွေ့ရမှာပါ။ ရင်ကြပ်ရောဂါအခံရှိပြီးသားဆိုရင် ဒီလက္ခဏာတွေကို သတိထားသင့်ပါတယ်။ ပန်းနာရင်ကြပ်တိုင်းက တရွှီရွှီကြပ်ချင်မှ ကြပ်တာပါ။ ချောင်းဆိုးတာ သက်သက်ကလည်း ပန်းနာရင်ကြပ် ဖြစ်နိုင်ပါတယ်။

    ဒါကြောင့် ကိုယ့်မှာ ဒီလက္ခဏာတွေ ပေါ်လာပြီဆိုရင် (အထူးသဖြင့် ကိုယ်နဲ့ မတည့်တာ ထိတွေ့ပြီးတဲ့နောက်မှာ) ပန်းနာရင်ကြပ်များလားဆိုတာ သံသယဖြစ်ပါ။ ဆေးကုသမှု အချိန်မီ ခံယူပါလို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement