home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ချွေးထွက်များမှ ကျန်းမာရေးကောင်းမယ်

ချွေးထွက်များမှ ကျန်းမာရေးကောင်းမယ်

ချွေးထွက်တယ်ဆိုတာက ပုံမှန်အားဖြင့်ဆိုရင် သိပ်ပြီး စိတ်ညစ်စရာကောင်းတဲ့ ကိစ္စတစ်ခုလို့ ဆိုရမလားပဲ။ ပူပြင်းခြောက်သွေ့တဲ့ အချိန်တွေမှာ ချွေးထွက်တတ်သလို၊ လှုပ်လှုပ်ရှားရှား ကိုယ်ကာယလှုပ်ရှားမှုတွေ လုပ်ပြီးချိန်တွေမှာ၊ ပင်ပန်းတဲ့ အခြေအနေတွေမှာလည်း ချွေးတရွှဲရွှဲဖြစ်နေတတ်ပါတယ်။

လူတစ်ချို့က ချွေးအရမ်းထွက်တာကို စိုးရိမ်တတ်ကြပါတယ်။ တစ်ချို့ကလည်း မနှစ်သက်တတ်ကြပါဘူး။ ကဲ ချွေးထွက်တာ ကောင်းလား မကောင်းလား ဆန်းစစ်ကြည့်ရအောင်။

ချွေးဆိုတာ ဘာလဲ

တကယ်တမ်းအားဖြင့် ချွေးဆိုတာဟာ ရေနဲ့ အသွင်သဏ္ဍာန်ချင်းဆင်တူတဲ့ ခန္တာကိုယ်ရဲ့ စွန့်ပစ်အရည်တစ်မျိုးဖြစ်ပါတယ်။ ရေဓာတ်အများစုပါဝင်ပြီး ခန္တာကိုယ်ထဲက ဓာတ်ဗေဒစွန့်ပစ်ပစ္စည်းတွေနဲ့၊ အမိုးနီးယား၊ ယူရီးယား၊ ဆားနဲ့ သကြားဓာတ်တွေပါဝင်နေပါတယ်။

လေ့ကျင့်ခန်းလုပ်လို့ ထွက်တဲ့ချွေးမှာပဲဖြစ်ဖြစ်၊ ဖျားလို့ နာလို့ ထွက်တဲ့ ချွေးမှာပဲဖြစ်ဖြစ်၊ စိတ်ပင်ပန်းလို့ ထွက်တဲ့ ဇောချွေးမှာပဲဖြစ်ဖြစ် ပါဝင်ပစ္စည်းက အတူတူပါပဲ။

ခုလို ချွေးထွက်ရစေတဲ့ အကြောင်းအရင်းကတော့ အရမ်းကို ရိုးရှင်းပါတယ်။ ခန္တာကိုယ်ကို အလိုအလျောက် အအေးပေးတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ ကိုယ်တွင်း အပူချိန် မြင့်တက်လာချိန်မှာ ချွေးထွက်ခြင်းနည်းလမ်းနဲ့ အပူချိန်ကို ပြန်လည်လျှော့ချတာကို ချွေးထွက်တယ်လို့ ခေါ်ဆိုပါတယ်။

တစ်ခါတစ်ရံမှာ ကိုယ့်ခန္တာကိုယ်က ထွက်ရှိတဲ့ ချွေးတွေဟာ အနံ့အသက် ဆိုးရွားနေတတ်ပြီး တစ်ခါတစ်ရံမှာတော့ သိပ်မဆိုးရွားတတ်ပါဘူး။ ဒီအခြေအနေကတော့ ချွေးထဲမှာ ပါရှိသွားတဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်ပါတယ်။

ချွေးတရွှဲရွှဲဖြစ်နေလို့ ဘာအကျိုးရှိမှာလဲ

ချွေးထွက်တာက မကောင်းဘူးလား။ တကယ်တော့ မဟုတ်ပါဘူး။ ချွေးထွက်တယ်ဆိုတာက အကြမ်းဖျဉ်းအားဖြင့် ကောင်းမွန်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

ခန္တာကိုယ်ထဲကနေ ချွေးတွေ ထွက်သွားတဲ့အခါမျိုးမှာ ပထမအဆင့်အနေနဲ့ အောက်ပါအကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။

  • လေ့ကျင့်ခန်းပြုလုပ်တာလို ခွန်နဲ့အားနဲ့ ပြုလုပ်လိုက်တဲ့ အရာတွေကြောင့် စိတ်ကျေနပ်မှု – တရုတ်နိုင်ငံကို အခြေပြုပြီး လေ့လာထားတဲ့ သုတေသနစစ်တမ်းတစ်ရပ်မှာဆိုရင် လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး ချွေးများများထွက်စေတာဟာ ကိုယ်တွင်းမှာရှိတဲ့ မူးယစ်ဆေးဝါးရဲ့ အဆိပ်အတောက်ကို ဖယ်ရှားရာမှာလည်း အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။
  • ကိုယ်တွင်းက အဆိပ်အတောက် သတ္တုဓာတ်တွေကို ဖယ်ရှားနိုင်မှု – ကိုယ်တွင်းက မလိုလားအပ်တဲ့ သတ္တုဓာတ်တွေကို ဖယ်ရှားရာမှာ ချွေးများများထွက်စေတဲ့ နည်းလမ်းက အကောင်းဆုံးလို့လည်းဆိုပါတယ်။ သတ္တုဓာတ်တွေဟာ ချွေးနဲ့ ဆီးတို့ကနေတဆင့် စွန့်ထုတ်လို့ရပေမယ့် အများစုက ချွေးကနေတဆင့် ဖယ်ရှားရတာပါ။
  • အကျိုးမပြုတဲ့ ဓာတုဗေဒဓာတ်ပေါင်းတွေကို စွန့်ထုတ်နိုင်မှု – ပလတ်စတစ်မှာ အဓိကပါဝင်လေ့ရှိတဲ့ BPA (bisphenol A) ၊ လူလုပ် အော်ဂဲနစ်ဓာတ်တုဗေဒတစ်မျိုးဖြစ်တဲ့ PCB (polychlorinated biphenyls) နဲ့ perfluorohexane sulfonate (PFHxS) ၊ perfluorooctanoic acid (PFOA) ၊ perfluorooctane sulfonate (PFOS) စတာတွေကို ချွေးနဲ့တဆင့် ခန္တာကိုယ်ကနေ စွန့်ထုတ်နိုင်ပါတယ်။
  • ဘက်တီးရီးယားတွေကို သန့်စင်နိုင်မှု – ၂၀၁၅ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ သုတေသနအရဆိုရင် ချွေးထွက်ရာမှာပါဝင်တဲ့ glycoproteins ဟာ ခန္တာကိုယ်ပေါ်က ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီးတော့ အရေပြားပေါ်မှာ ကူးစက်ပိုးတွေ မတွယ်ငြိအောင် ဖယ်ရှားပေးတယ်လို့ သိထားရပါတယ်။
  • ကိုယ်အလေးချိန် လျော့ကျနိုင်မှု – ချွေးများများထွက်တာက ကိုယ်အလေးချိန် လျော့ကျမှုကို အထောက်အကူပြုပါတယ်။ ကိုယ်အလေးချိန် ထိမ်းသိမ်းဖို့၊ လျှော့ချဖို့အတွက် ချွေးထွက်ဖို့ လိုအပ်ပါတယ်။
  • နှလုံးကျန်းမာစေမှု – ဟုတ်ပါတယ်။ ချွေးကောင်းကောင်းထွက်ရင် နှလုံးလည်း အားကောင်းစေပါတယ်။ ချွေးထွက်တဲ့အတွက် ခန္တာကိုယ်အတွင်း အပူအအေး ညီမျှနေမှာဖြစ်တာမို့ နှလုံးရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်းကလည်း ကောင်းမွန်နေမှာဖြစ်ပါတယ်။
  • ကြွက်သား သန်စွမ်းစေမှု – ချွေးထွက်စေတဲ့ လုပ်ဆောင်ချက်ဟာ ကြွက်သားတွေ သန်မာစေဖို့နဲ့ ပြန်လည်တည်ဆောက်ဖို့ အတွက် အထောက်အကူပြုပါတယ်။ ဒါကြောင့်လည်း ကြွက်သားတွေ သန်မာစေဖို့နဲ့ ဖွံ့ဖြိုးစေဖို့အတွက် ချွေးထွက်တဲ့ လေ့ကျင့်ခန်းတွေ များများလုပ်ပေးဖို့ လိုအပ်ပါတယ်။
  • ကိုယ်ခံအားစနစ်ကို အားကောင်းစေမှု – လူ့ခန္တာကိုယ်တွင်းက အရည်တွေကလဲ ကိုယ်ခံအားစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒါကြောင့် ချွေးပုံမှန်ထွက်တာ၊ ပမာဏ မှန်မှန်ထွက်တာဟာ ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ချွေးထဲမှာပါဝင်တဲ့ ပရိုတိန်းဓာတ်တစ်မျိုးဖြစ်တဲ့ dermcidin ဟာ အရေပြားပေါ်က ပိုးမွှားတွေကို တိုက်ဖျက်ရှင်းလင်းပေးနိုင်ပါတယ်။

ဒါတွေတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့လူတွေမှာဆိုရင် နောက်ထပ် အကျိုးကျေးဇူးတွေ ထပ်ပြီး ရရှိနိုင်ပါသေးတယ်။ ဒါတွေကတော့

  • ခွန်အားကို တိုးမြှင့်ပေးနိုင်တာ၊
  • ခန္တာကိုယ်အလေးချိန်ကို ထိမ်းသိမ်းနိုင်တာ၊
  • အမျိုးမျိုးသော ရောဂါဘယတွေနဲ့ ကျန်းမာရေး အခြေအနေတွေကို ကာကွယ်ပေးနိုင်တာ၊
  • စိတ်ကို ကြည်လင်လန်းဆန်းစေတာ၊
  • ကောင်းကောင်း အိပ်ပျော်အောင် ကူညီပေးနိုင်တာတွေပါပဲ။

ချွေးထွက်တိုင်း ကောင်းတာလား

ဒီလိုလဲ မဟုတ်ပြန်ပါဘူး။ တစ်ချို့ အခြေအနေတွေမှာ ချွေးထွက်တာက ကောင်းမွန်တဲ့ ကိစ္စမဟုတ်ပါဘူး။

  • ချွေးအလွန်အကျွံထွက်ခြင်း – hyperhidrosis လို့ ခေါ်တဲ့ ချွေးအလွန်အကျွံထွက်တာဟာ ကောင်းမွန်တဲ့ လက္ခဏာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ခန္တာကိုယ်ကနေ လိုအပ်တာထက် ချွေးပိုထွက်နေပြီဆိုရင် သွေးတွင်းသကြားဓာတ်နည်းတာ၊ အာရုံကြောစနစ် ချို့ယွင်းတာနဲ့ သိုင်းရွိက်ပြဿနာတွေ ခံစားနေရတာဖြစ်နိုင်ပါတယ်။
  • ချွေးထွက်နည်းလွန်းခြင်း – ချွေးထွက် နည်းလွန်းတာကို anhidrosis လို့ခေါ်ပါတယ်။ နည်းလွန်းတာကလည်း မကောင်းပါဘူး။ လူ့ခန္တာကိုယ်ကို သဘာဝအတိုင်း အအေးဓာတ်ပေးဖို့ လုံလုံလောက်လောက် ချွေးထွက်ဖို့ လိုအပ်ပါတယ်။ ချွေးလုံလုံလောက်လာက် မထွက်ဘူးဆိုရင် နေလောင်တာ၊ ရေဓာတ်အလွန်အမင်း ဆုံးရှုံးတာ၊ နာ့ဗ်ကြောတွေ ချို့ယွင်းနေတာနဲ့ အရေပြားဆိုင်ရာ ဝေဒနာတစ်စုံတစ်ရာ ခံစားနေရတာဖြစ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။