backup og meta

ဘေဘီလေးတွေ ခေါင်းချွေးထွက်တာ ဘာများဖြစ်လို့လဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေ ခေါင်းချွေးထွက်တာ ဘာများဖြစ်လို့လဲ

    ချွေးထွက်တယ်ဆိုတာ ခန္ဓါကိုယ် သို့မဟုတ် ပတ်ဝန်းကျင်မှာ အပူချိန်ပိုလာတဲ့အခါ ခန္ဓါကိုယ်အပူချိန်ကိုလျှော့ချထိန်းညှိပေးဖို့ချွေးဂလင်းတွေရဲ့လုပ်ဆောင်ချက်တစ်ခုပါ။ လူတိုင်းချွေးထွက်တတ်ပါတယ်။ ဒါပေမယ့် ကလေးငယ်လေးတွေမှာ အမြဲလိုလိုချွေးထွက်တတ်တော့မေမေတချို့က စိတ်ပူကြပါတယ်။ ဒီသေးသေးလေးက ဘာလို့ဒီလောက်ချွေးထွက်ရတာလဲပေါ့။ခေါင်းမှာလည်းချွေးသီးချွေးပေါက်တွေနဲ့ဆိုတော့ ဘာလို့ဒီလိုမျိုး အမြဲလိုလိုဖြစ်နေရလဲဆိုတာ သိချင်ကြတယ်မဟုတ်လား။

    ကလေးတွေမှာခေါင်းချွေးထွက်ရတဲ့အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ကလေးတွေမှာ ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ယှဉ်ရင် ဦးခေါင်းမှာချွေးဂလင်းလုပ်ဆောင်ချက်ပိုများတာကြောင့်ချွေးပိုထွက်တာဖြစ်နိုင်ပါတယ်။ လူကြီးတွေနဲ့ယှဉ်ရင် ကလေးရဲ့ခန္ဓါကိုယ်အပူချိန်ထိန်းညှိရေးစနစ်က ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်ဖို့နှေးတာကြောင့်လည်းဖြစ်နိုင်တယ်။ အထူးသဖြင့်ပြင်ပက အပူချိန်များနေတဲ့အချိန် ခန္ဓါကိုယ်ကနေ တုံ့ပြန်မှုအနေနဲ့ချွေးထွက်တာဖြစ်ပါတယ်။ ကလေးတွေက အပူဒဏ်ကို မခံနိုင်ကြပါဘူး။ ဒါ့ကြောင့် အဝတ်အစားရွေးချယ်တဲ့နေရာမှာလေဝင်လေထွက်ကောင်းပြီး အသားအေးတာလေးတွေကို ဦးစားပေးဖို့ပြောကြတာပါ။

    ဘာလို့ ခေါင်းချွေးပိုထွက်ကြတာလဲ

    ကလေးရဲ့ခေါင်းမှာ အတန်အသင့်ပမာဏလောက်ချွေးထွက်တာက သဘာဝပါပဲ။ ဒီအကြောင်းရင်းတွေကြောင့်ပေါ့။

    • အပေါ်မှာပြောခဲ့သလိုတခြားအစိတ်အပိုင်းတွေနဲ့ယှဉ်ရင် ကလေးရဲ့ဦးခေါင်းမှာချွေးဂလင်းလုပ်ဆောင်ချက်ပိုများတာကြောင့်ပါ။ ဒါ့ကြောင့် ကလေးမှာပူတယ်လို့ခံစားရရင်၊အထူးသဖြင့် နို့စို့ချိန်တွေမှာ ကျန်တဲ့နေရာတွေထက်ခေါင်းမှာပဲချွေးပိုထွက်လာတာဖြစ်ပါတယ်။
    • ကလေးဦးခေါင်းရဲ့အပူချိန်က ခန္ဓါကိုယ်ရဲ့ကျန်တဲ့အပိုင်းတွေထက် ပိုမြင့်နေလို့ပါ။

    ကျန်းမာရေးပြဿနာတစ်ခုခုများ ရှိနေတာလား

    သားဦးမွေးထားတဲ့ မိဘတွေဆို ပိုတောင်စိုးရိမ်တတ်ကြသေးတယ်။ ဘာရောဂါကြောင့်များဖြစ်နေတာများလဲဆိုပြီး အတွေးပေါင်းများစွာနဲ့ ရင်ပူရပါတယ်။ ပုံမှန်အားဖြင့်တော့ ကလေးတွေမှာဖြစ်တတ်တဲ့သဘာဝမို့ သိပ်စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ပုံမှန်မဟုတ်ဘဲ အလွန်အကျွံခေါင်းချွေးထွက်တာ သတိထားမိတယ်ဆိုရင်တော့ ဒီလိုဖြစ်စေတဲ့အကြောင်းရင်းခံတစ်ခုခုရှိနေနိုင်ပါတယ်။ဖြစ်နိုင်တာက –

    • မွေးရာပါနှလုံးရောဂါ-Pulmonary Atresia လို့ခေါ်တဲ့မွေးရာပါနှလုံးရောဂါရှိနေရင် နှလုံးကသွေးကို အဆုတ်ကိုရောက်အောင်မပို့လွှတ်နိုင်တဲ့အတွက် ကလေးမှာအောက်ဆီဂျင်အလုံအလောက်မရတော့ပါဘူး။ နှလုံးကနေအဆုတ်ကို သွေးပို့လွှတ်မှုထိန်းပေးတဲ့ အဆုတ်အဆို့ရှင်မှာ လုပ်ဆောင်ချက်ချို့ယွင်းပြီး မပွင့်တာကြောင့်ပါတဲ့။ နို့စို့နေချိန်ခေါင်းချွေးအရမ်းထွက်လွန်းရင် ဒီအကြောင်းရင်းကြောင့်ဖြစ်နိုင်ပါတယ်။
    • သိုင်းရွိုက်ရောဂါ –ချွေးထွက်များလွန်းခြင်းဟာ သိုင်းရွိုက်ဂလင်းရဲ့လုပ်ဆောင်ချက်လွန်ကဲခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။
    • အဖျားရှိနေတာ – ကလေးက ဖျားနေတယ်ဆိုရင် ကိုယ်ပူကျလိုက် တက်လိုက်ဖြစ်ချိန်မှာချွေးထွက်များတတ်ပါတယ်။
    • နှလုံးကြွက်သားအားနည်းခြင်း –နှလုံးကြွက်သားအားနည်းခြင်း၊ နှလုံးညှစ်အားကျခြင်းကြောင့်လည်းဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးရဲ့နှလုံးက ခန္ဓါကိုယ်အနှံ့ကိုသွေးမပို့လွှတ်နိုင်တော့ပါဘူး။ ဒါနဲ့ပဲချွေးထွက်လွန်ကဲလာနိုင်ပါတယ်။

    တကယ်လို့ကလေးက ကျန်းမာတယ်၊ အစားလည်းစားတယ်၊ကောင်းကောင်းကစားတယ်၊ ပုံမှန်နဲ့မတူဘဲ စိတ်မကြည် စိတ်ဆိုးငိုယိုလွယ်တာတွေမဖြစ်ဘူးဆိုရင်၊ ကိုယ်အလေးချိန်နဲ့ကြီးထွားဖွံ့ဖြိုးမှုက မှန်မှန်တိုးတက်လာတယ်ဆိုရင်ချွေးထွက်တာလည်း သိပ်စိတ်ပူစရာမလိုပါဘူး။ အပေါ်ကရောဂါအကြောင်းရင်းတွေဆိုတာက လက္ခဏာက ခေါင်းချွေးထွက်တာတစ်ခုတည်းမဟုတ်လို့ပါ။ ဒါတွေကြောင့်သာဆို တခြားလက္ခဏာတွေလည်းပါလာမှာပေါ့။ အဲဒီတော့ ကလေးရဲ့ကျန်းမာရေးအခြေအနေကကောင်းနေတယ်ဆိုခေါင်းချွေးထွက်တိုင်း စိတ်မပူကြပါနဲ့လို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement