backup og meta

ခန္ဓာကိုယ်ပေါ်က မလိုလားတဲ့ အမွေးအမျှင်တွေကို ရှင်းလင်းနိုင်မယ့် နည်းလမ်း ၇ မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓာကိုယ်ပေါ်က မလိုလားတဲ့ အမွေးအမျှင်တွေကို ရှင်းလင်းနိုင်မယ့် နည်းလမ်း ၇ မျိုး

    ခန္ဓာကိုယ်ပေါ်မှာ အမွေးအမျှင်တွေ ရှိတာကို သဘောကျတဲ့သူတွေ ရှိသလို အမွေးတွေကို အမြစ်ဖြတ်ချင်နေတဲ့သူတွေလည်း မနည်းပါဘူး။ ဒါဆို အမွေးတွေကို အန္တရာယ်ကင်းကင်းနဲ့ ရှင်းလင်းနိုင်မယ့် နည်းလမ်းလေးတွေကို လေ့လာကြည့်ကြရအောင်။

    ၁။ ရိတ်ခြင်း

    ဒါကတော့ လုံးဝ မဆန်းတဲ့ ရိုးရာနည်းပါ။ ရိတ်တာက ကရိကထ မများသလို လွယ်လည်း လွယ်ကူတဲ့ နည်းလမ်းတစ်ခုပါပဲ။ သူက အမွေးရဲ့ အပေါ်ယံလွှာကို အရေပြားမျက်နှာပြင်ပေါ်ကနေ ဖယ်ရှားပေးလိုက်တာပါပဲ။

    ဒီတော့ ရိတ်မယ်ဆိုရင် အရေပြားကို ရေဓာတ်ဖြည့်ပါ။ Shaving Cream နဲ့ Hair Conditioner သုံးပါ။ ဘာမှ မရှိဘူးဆိုရင် ဆပ်ပြာသုံးပါ။ ဒါဆိုရင် ရှမိတာမျိုး မရှိဘဲ သပ်သပ်ရပ်ရပ် ရိတ်ပြီးသား ဖြစ်မှာပါနော်။ တစ်ခုရှိတာကတော့ လိင်အင်္ဂါနားတစ်ဝိုက်နေရာမှာ ရိတ်မယ်ဆိုရင် အမွေးတွေက ထွက်မလာဘဲ မြုံပြီး မွေးညင်းပေါက်ထဲမှာတင် လုံးနေတတ်ပါတယ်။

    ၂။ နုတ်ခြင်း

    အမွေးနုတ်တာက နာပါတယ်။ ဒါပေမဲ့ အမွေးနည်းနည်းလေးပဲ နုတ်ချင်တယ်ဆိုရင် ဒီနည်းလမ်းက အကောင်းဆုံးပါပဲ။ ဥပမာ မျက်ခုံးမွေး နုတ်တာ၊ ပုံဖော်တာမျိုးပေါ့။ အမွေးတွေ အများကြီး ပေါက်တဲ့နေရာတွေမှာတော့ မနုတ်သင့်ဘူးနော်။

    ၃။ Waxing

    လာပါပြီ။ အမျိုးသမီးထုကြီးကြား ခေတ်စားတဲ့ အမွေးနုတ်နည်းတစ်မျိုး။ အမျိုးသားတွေလည်း တွေ့ဖူးမှာပါ၊ ဗီဒီယိုတွေထဲ ဖယောင်းမည်းမည်းကြီးကို မျက်နှာနဲ့ နှာခေါင်းတွေမှာ ကပ်ပြီး ဆွဲခွာတာမျိုး။ (နာလို့ အော်ရတာတော့ ထည့်မပြောကြေး။) အမွေးတွေအများကြီးကို တစ်ခါတည်း နုတ်မယ်ဆိုရင် Waxing က အဆင်ပြေပါတယ်။

    ပူနွေးနေတဲ့ ဖယောင်းရည်ကို အမွေးနုတ်ချင်တဲ့ နေရာတစ်ဝိုက်မှာသုတ်ပြီး အမွေးပေါက်ရာ လမ်းကြောင်းနဲ့ ပြောင်းပြန် ဆတ်ခနဲ ခွာချလိုက်ရင် ဖယောင်းနဲ့ အဝတ်စလေးမှာ ကပ်သွားတဲ့ အမွေးတွေကို ကြည့်ပြီး စိတ်ချမ်းသာကြရတာပေါ့။

    သတိထားစရာက Hot Wax ( ဖယောင်းအပူ) ကို သုံးတဲ့အခါ သတိမထားမိရင် အပူလောင်တတ်ပါတယ်။ အနီဖု ထတတ်ပါတယ်။ ပိုးဝင်တတ်ပါတယ်။ နီရဲလာတာမျိုး ဖြစ်တတ်ပါတယ်။ နုတ်နည်းမမှန်ရင် အတွင်းထဲမှာ လုံးနေတတ်ပါတယ်။

    ၄။ Sugar Wax

    ဒါက အပေါ်က Wax နဲ့ သိပ်ထူးမခြားနားပါပဲ။ သကြားကို စေးနေအောင်ကြိုထားတာကို ဖယောင်းအဖြစ်နဲ့ သုံးတာမျိုးပေါ့။ အိမ်တွေမှာ လုပ်လို့ ရပါတယ်။ သဘာဝပစ္စည်းတွေပဲ သုံးတာမို့ ဓာတုပစ္စည်းတွေ မတင်ချင်ဘူးဆိုတဲ့သူတွေနဲ့တော့ ကွက်တိကျမှာပါ။ Sugar Wax မှာ Hard Wax နဲ့ Soft Wax (၂) မျိုးရှိပါတယ်။ Hard Wax က အပူပေးရပြီး Soft Wax ကတော့ ဒီတိုင်းသုံးလို့ ရပါတယ်။

    Wax အရည်ကို အမွေးပေါက်ရာ လမ်းကြောင်းအတိုင်း သုတ်၊ အပေါ်က အဝတ်စလေးနဲ့ခံပြီး အမွေးပေါက်ရာ လမ်းကြောင်းနဲ့ ပြောင်းပြန် ဆတ်ခနဲ ဆွဲခွာလိုက်ရင် ရပါပြီ။ နောက်ပြီး သူက သကြားကိုပဲ သုံးတာမို့ လုပ်ပြီးသွားရင် ရေနွေးနွေးလေးနဲ့ ပြန်ဆေးလိုက်ရုံနဲ့ ပြောင်ပါတယ်။ Wax တချို့ကတော့ နည်းနည်း ခွာရခက်တာမျိုး ရှိတာကိုး။

    ၅။ Depilatories

    ဒါကလေ ခုနောက်ပိုင်း အရမ်းခေတ်စားနေတဲ့ အမွေးကျွတ် ဖြန်းဆေးပါ။ အမွေးကျွတ်လို့သာ နာမည်တပ်ထားပေမဲ့ သူက အမွေးတွေကို အရည်ဖျော်ပစ်တာပါ။ သူ့မှာ ပါဝင်တဲ့ ပစ္စည်းတွေက ဓာတုပစ္စည်းတွေချည်းပဲဖြစ်ပြီး အရေပြားနဲ့ အမွေးဆဲလ်ကို အတူတွဲပေးထားတဲ့ chemical bonds တွေကို ဖြိုခွဲလိုက်ပြီး အမွေးတွေကို အရည်ဖျော်ပစ်တာမို့ ထိရောက်ပါတယ်။

    ဒါပေမဲ့ ဓာတုပစ္စည်းတွေမို့ အရေပြားဆဲလ်တွေကိုလည်း အရည်ဖျော်ပစ်နိုင်သလို အသားအရေကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ မရဘူး သုံးမှာပဲဆိုရင်တော့ အရေပြား နေရာသေးသေးလေးမှာ အရင်စမ်းကြည့်ပါ။ ပြီးတော့ ၄၈ နာရီအကြာထိ ဘာမှ မဖြစ်ဘူးဆိုမှ သုံးပါ။ ခဏခဏ သုံးဖို့တော့ အားမပေးပါဘူးနော်။

    ၆။ လျှပ်စစ်ဓာတ်ပေးခြင်း

    ဒါကတော့ ဒီမှာ သိပ်မတွေ့ရသေးပါဘူး။ သူက အထူးပြုလုပ်ထားတဲ့ အပ်တွေကို မွေးညင်းပေါက်ထဲထည့်ပြီး မွေးညင်းဆဲလ်အမြစ်တွေကို လျှပ်စစ်ဓာတ်နဲ့ လောင်ကျွမ်းစေတာပါ။ ဆိုတော့ နောက်ထပ်အမွေး ထပ်ထွက်မလာတော့ဘူးပေါ့။ ဒါပေမဲ့ အပြီးသတ် အမွေးလုံးဝ ထွက်မလာဖို့ဆိုရင် အချိန်အတော်ယူရပြီး အကြိမ်ရေတော်တော်များများလည်း လုပ်ရပါတယ်။

    ဒီ လျှပ်စစ်ဓာတ်ပေးခြင်းက အနာရွတ်ဖြစ်စေတာတွေ၊ အရေပြား အရောင်ကို ပြောင်းလဲသွားစေတာတွေ၊ လောင်ကျွမ်းစေတာတွေ၊ ပိုးဝင်နိုင်တာတွေ စတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေပါသေးတယ်။ ပြီးတော့ ချက်ချင်းလည်း အကျိုးသက်ရောက်မှု မရှိနေဘူးလေ။

    ၇။ လေဆာနဲ့ ဖယ်ရှားခြင်း

    ဒါကတော့ ဒီနောက်ပိုင်း တော်တော်များများ လုပ်လာကြတာကို တွေ့ရပါတယ်။ လေဆာနဲ့ အမွေးအမျှင်ဖယ်ရှားခြင်းဟာ လူတိုင်းနဲ့ မသင့်လျော်သလို အမွေးတွေ ဘယ်တော့မှ ပြန်မပေါက်တော့အောင်လည်း မစွမ်းဆောင်ပေးနိုင်ပါဘူး။ ဒီနည်းလမ်းဟာ မယ်လ်နင် ဒါမှမဟုတ် ရောင်ခြယ်ပစ္စည်းပါတဲ့ မည်းနေတဲ့ နေရာတွေကို လေဆာနဲ့ လောင်ကျွမ်းစေဖို့ ဒီဇိုင်းလုပ်ထားတာပါ။

    မယ်လ်နင်ပိုများလေလေ ပျက်စီးနှုန်း ပိုများလေလေပါပဲ။ ဒါကြောင့် လေဆာနဲ့ အမွေးအမျှင်ဖယ်ရှားမယ်ဆိုရင် အသားလတ်၊ အသားဖြူပြီး အမွေးမည်းတဲ့သူတွေအတွက် အသင့်လျော်ဆုံးပါပဲ။

    ဒါတွေကတော့ အမွေးချွတ်နည်းအစုံနဲ့ သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးလေးတွေပါ။ နောက်ထပ် Threading နဲ့ ခရင်မ်တွေသုံးပြီး အမွေးချွတ်နည်းတွေ ကျန်ပါသေးတယ်။ ဒါတွေအကြောင်း အသေးစိတ်ကို နောက်ထပ် ဆောင်းပါးလေးတွေနဲ့ ပြန်လာခဲ့မှာမို့ စောင့်မျှော်ပေးကြပါဦး။

    အန္တရာယ်ကင်းကင်းနဲ့ လှပနိုင်ကြပါစေ။

    ရေးသားသူ – Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement