home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ရေကျသွားလို့ အိမ်ပြန်တော့မယ်ဆိုရင် သတိထားရမယ့်အချက်များ

ရေကျသွားလို့ အိမ်ပြန်တော့မယ်ဆိုရင် သတိထားရမယ့်အချက်များ

ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ သစ်တောတွေပြုန်းတီးလာမှုနဲ့ သဘာဝပတ်ဝန်းကျင်တွေ ညစ်ညမ်းလာမှုကြောင့် ရာသီဥတုေဖာက်ပြန်ပြောင်းလဲမှုတွေကို လူသားတွေအလူးအလဲခံစားနေကြရပါတယ်။ အပူလှိုင်းဖြတ်တာ၊ မိုးကြီးရေလျှံတာ၊ မြေပြိုတာနဲ့ အမျိုးမျိုးသော ရာသီဥတုပြောင်းလဲမှုတွေကိုတွေ့ကြုံခံစားနေကြရပါတယ်။ ဒီလိုမျိုး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့ ပြဿနာတွေထဲမှာ အဆိုးရွားဆုံးက မိုးကြီးရေလျှံတာလို့ဆိုရမလားပဲ။ အခုလတ်တလောမြန်မာနိုင်ငံအနှံ့အပြားမှာလည်းရေကြီးမှုတွေကြုံတွေ့နေရသလို အိမ်နီးချင်းလာအို၊ ထိုင်းနိုင်ငံတွေမှာလည်းရေကြီးမှုတွေဖြစ်ပေါ်နေပါတယ်။

ရေကြီးက အဆမတန်ကြီးတဲ့အခါ အသက်အန္တရာယ်ဆုံးရှုံးတာမျိုးတွေအထိတွေကြုံရနိုင်ပါတယ်။ရေကြီးတာကပဲ အန္တရာယ်ရှိနေတာရောဂါတွေကိုဖြစ်စေနေတာမဟုတ်ပါဘူး။ရေကျသွားတဲ့အခါမှာလည်း အန္တရာယ်ဖြစ်စေနိုင်တဲ့အနေအထားတွေ ရင်ဆိုင်ရနိုင်သလိုရောဂါတွေကိုခံစားရနိုင်ပါသေးတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကနေတဆင့်ရေကျသွားတဲ့အခါ အန္တရာယ်ကင်းစေဖို့ ဘာတွေကို သတိထားရမလဲဆိုတာကိုပြောပြပေးမယ်နော်။

ရေကျသွားလို့ အိမ်ကိုပြန်တော့မယ်ဆိုရင်

အိမ်ရဲ့ခိုင်ခန့်မှုအခြေအနေကို အရင်စစ်ဆေးပါ –ရေကျသွားလို့နေအိမ်တွေကိုပြန်ပြီဆိုရင် အရင်ဆုံးကတော့နေအိမ်တစ်ခုလုံးမှာ ရှုပ်ပွနေသမျှကိုရှင်းလင်းဖို့ပါ။ ဒါမှပဲရောဂါပိုးတွေအန္တရာယ်ကနေကာကွယ်နိုင်မှာကိုး။ ဒါပေမယ့် အိမ်ကို သန့်ရှင်းရေးမလုပ်ခင်အရင်ဆုံးလုပ်ရမယ့်အချက်တွေရှိပါသေးတယ်။ ဒါကတော့နေအိမ်ရဲ့ ခိုင်ခန့်မှုအခြေအနေပါ။နေအိမ်ကရေဝင်ထားတာလေတိုက်ခံထားရတာတွေကြောင့် ခိုင်ခန့်မှုအားနည်းနေနိုင်ပါတယ်။ ကြမ်းပြင်မှာ အပေါက်တွေဖြစ်နေလား၊ ကြမ်းကျွံနေလား၊ မှန်ကွဲစတွေရှိနေလားဆိုတာကို စစ်ဆေးပါ။

လျှပ်စစ်စီးဝင်နေနိုင်တဲ့အရာတွေကို သတိထားပါ –နေအိမ်တစ်အိမ်မှာ လျှပ်စစ်မီးကို အသုံးပြုရတဲ့ပစ္စည်းတွေကတော်တော်လေးတော့များပါတယ်။ ဒါကြောင့် အိမ်ရောက်တဲ့အခါ လျှပ်စစ်မီးနဲ့အသုံးပြုရတဲ့အရာတွေကို အမှုမဲ့အမှတ်မဲ့ကိုင်တွယ်ထိတွေ့တာ၊ မီးခလုတ်တွေကိုဖွင့်ကြည့်တာ၊ ဓါတ်ကြိုးတွေကို ကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ပါနဲ့။ မတော်တဆ ဓါတ်လိုက်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။ တတ်ကျွမ်းနားလည်သူတွေနဲ့စစ်ဆေးပြီးမှ လျှပ်စစ်ပစ္စည်းတွေကို ကိုင်တွယ်ပါ။

မြွေလိုမျိုး အဆိပ်ရှိတဲ့အကောင်တွေကို သတိထားပါ –ရေကြီးတဲ့အခါရေနဲ့အတူမြွေတွေ၊ အခြားအဆိပ်ရှိတဲ့ အကောင်တွေကနေအိမ်ရဲ့နေရာတွေမှာ ခိုအောင်းနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်နေအိမ်ကို သန့်ရှင်းရေးလုပ်တဲ့အခါရော်ဘာလည်ရှည်ဖိနပ်စီးတာ၊ရော်ဘာလက်အိတ်စွပ်တာလိုမျိုး အကာအကွယ်တွေကို ဝတ်ဆင်ပြီးမှ သန့်ရှင်းရေးလုပ်ပါ။ အဆိပ်ရှိတဲ့အကောင်တွေကို သတိထားဖို့ မမေ့ပါနဲ့။ ဂတ်စ်မီးဖိုတွေကိုလည်း မဖွင့်ဖို့သတိရပါ။

ရေတွေကိုပြန်မသုံးပါနဲ့ -ရေကြီးစဉ်ကရေဝင်ထားတာမျိုးဖြစ်နေတဲ့ရေအရင်းအမြစ်တွေကိုပြန်မသုံးပါနဲ့။ ကုန်စင်အောင်သွန်ပစ်ပြီး အသစ်လဲပေးပါ။သောက်ရေနဲ့ချက်ပြုတ်ဖို့ကတော့ရေသန့်ကိုပဲအသုံးပြုပါ။

ထိခိုက်ဒဏ်ရာတွေကိုသေချာကာကွယ်ပေးပါ -ရေကြီးစဉ်ကပြောင်းရင်းရွှေ့ရင်းနဲ့ မတော်တဆထိခိုက်မိထားတာရှိနိုင်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာတွေကို မသန့်ရှင်းတဲ့ရေတွေကနေတဆင့် ဘက်တီးရီးယားတွေဝင်ပြီး အနာရင်းတာတွေမဖြစ်စေဖို့အတွက် အနာကို ပလာစတာကပ်တာ၊ ပတ်တီးစည်းတာမျိုးတွေလုပ်ဆောင်ပေးပါ။

ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်ဝအောင်နေပါ -ရေကိုဆာမှသောက်တာမျိုးမလုပ်ပါနဲ့။ ကိုယ်တိုင်ရော မိသားစုဝင်တွေကိုပါရေဓါတ်ပြည့်ဝအောင်ထားပြီး ဝမ်းရောဂါနဲ့ အခြားအဖျားရောဂါတွေမဖြစ်အောင်ကာကွယ်ပါ။သောက်သုံးတဲ့ရေက သန့်စင်ဖို့တော့လိုပါမယ်။

သန့်ရှင်းမှုမလုပ်ပြီးခင်မှာ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို အဆင်ပြေမယ့်တစ်နေရာမှာထားပါ – သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေက ကိုယ်ခံအားနည်းသူတွေဖြစ်တာကြောင့် နေအိမ်သန့်ရှင်းလို့မပြီးခင်မှာ မခေါ်ထားတာကအကောင်းဆုံးပါ။ရေကြီးစဉ်ကတင်ကျန်ခဲ့တဲ့ အမှိုက်နဲ့နုန်းတွေထဲမှာရောဂါပိုးတွေရှိနေနိုင်တာကြောင့်ပါ။ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်းဘေးကင်းမယ့်တစ်နေရာမှာထားပြီး အိမ်ကို သန့်ရှင်းပြီးမှခေါ်ပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ – သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ လက်ဆေးဖို့မမေ့ပါနဲ့။ အစားအစာတွေကို မပြင်ဆင်ခင်၊ အစားအစာတွေကို မစားခင်မှာလည်းခြေလက်တွေကို သန့်စင်ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို မပြတ်ဂရုစိုက်ပေးပါ။ ဒါမှ မလိုလားအပ်တဲ့ရောဂါတွေအန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။

တစ်အိမ်လုံးကို ပိုးသတ်သန့်စင်ပါ -ရေကြီးတဲ့အခါရေထဲမှာ အညစ်အကြေးတွေ၊ အမှိုက်သရိုက်တွေနဲ့ရောဂါပိုးတွေပါနိုင်တာကြောင့် တစ်အိမ်လုံးကို သန့်စင်ပြီးသွားပြီဆိုရင် ပရိဘောဂတွေ၊ အိုးခွက်ပန်းကန်တွေနဲ့ အသုံးအဆောင်တွေကိုပါမကျန် ပိုးသတ်သန့်စင်ဖို့မမေ့ပါနဲ့။ အဝတ်အစားတွေကိုလည်း ဆပ်ပြာမှုန့်နဲ့ရေနွေးအသုံးပြုပြီးလျှော်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

After a floodhttps://www.getprepared.gc.ca/cnt/hzd/flds-ftr-en.aspx Accessed Date 2 August 2018

Quick Tips for Cleaning Up After a Floodhttps://extension2.missouri.edu/emw1023 Accessed Date 2 August 2018

Recovering after the flood – clean-up for householdershttp://healthywa.wa.gov.au/Articles/N_R/Recovering-after-the-flood-clean-up-information-for-householders Accessed Date 2 August 2018

The Hidden Health Hazards After Flooding https://articles.mercola.com/sites/articles/archive/2017/09/13/health-hazards-after-flooding.aspx Accessed Date 2 August 2018

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ တစ်ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။