– အကောင်တစ်ကောင်ကောင်ကို ထိတွေ့ကိုင်တွယ်ပြီးချိန်၊ အစာကျွေးပြီးချိန်နဲ့ မွေးထားတဲ့တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့အညစ်အကြေးကို ရှင်းလင်းပြီးချိန်
– တိရစ္ဆာန်အစာတွေကိုင်တွယ်ပြီးချိန်
– အမှိုက်သရိုက်တွေ ထိတွေ့ကိုင်တွယ်ပြီးချိန် တွေမှာဆို လက်ကိုဆပ်ပြာနဲ့သေချာဆေးကြောသင့်ပါတယ်။
လက်ကို နည်းလမ်းမှန်မှန် ဘယ်လိုဆေးမလဲ
လက်ဆေးတာများဘာခက်လဲလို့ ထင်ကြမှာပေါ့။ ခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်ပေမဲ့ လူတော်တော်များများကတော့ လက်ကိုစနစ်တကျမဆေးကြောဖြစ်ကြပါဘူး။ လက်ဆေးတယ်ဆိုတာ လက်ကိုရေစွတ်ပြီး ဆပ်ပြာနဲ့ ပွတ်လိုက်ရုံမဟုတ်ပါဘူး။ အောက်ပါအဆင့်တွေအတိုင်း လက်ကိုစနစ်တကျဆေးကြောရပါမယ်
၁. ရေပိုက်ခေါင်းက ထွက်လာတဲ့စီးဆင်းနေတဲ့ရေနဲ့ လက်ကိုစိုစွတ်အောင်လုပ်လိုက်ပါ၊ ပြီးရင်ရေပိုက်ခေါင်းကိုပိတ်လိုက်ပြီး လက်ကိုဆပ်ပြာတိုက်ပါ
၂. လက်ဆေးတဲ့အခါမှာဆပ်ပြာနဲ့လက်ကိုသေချာနှံ့စပ်အောင်ပွတ်တိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ လက်ရဲ့ အနောက်ဖက်၊ လက်ချောင်းကြား၊ လက်သည်းတွေကြားကိုပါ ဆပ်ပြာတိုက်ပါ
၃. အနည်းဆုံး စက္ကန့် ၂၀ ကြာအောင်ဆပ်ပြာတိုက်ပါ၊ စက္ကန့် ၂၀ ကိုအချိန်မှတ်ရခက်နေရင် “Happy Birthday” သံစဉ်လေး ၂ ကြိမ်လောက်ညည်းလိုက်ပါ၊ အနေတော်ပါပဲ
၄. ပြီးရင် ရေပိုက်ခေါင်းကိုပြန်ဖွင့်ပြီး လက်ကိုဆပ်ပြာစင်သွားအောင်သေချာပြန်ဆေးပါ
၅. ဆေးပြီးရင် လက်ကို တဘက်သန့်သန့် ဒါမှမဟုတ် တစ်ရှူးနဲ့သုတ်ပါ၊ လေမှုတ်စက်နဲ့ အခြောက်ခံလို့လည်းရပါတယ်
တကယ်လို့ လက်ဆေးဖို့အတွက် ရေနဲ့ဆပ်ပြာမရှိရင်လည်း လက်သန့်စင်ဆေးရည် (hand sanitizer) သုံးပြီးလက်ဆေးလို့ရပါတယ်။ အယ်လ်ကိုဟောထည့်သွင်းထုတ်လုပ်ထားတဲ့ လက်သန့်စင်ဆေးရည်တွေကို ရေနဲ့ဆပ်ပြာမရှိရင်အစားထိုးသုံးစွဲနိုင်ပြီး အယ်လ်ကိုဟောအနည်းဆုံး ၆၀% ပါဝင်တဲ့ဆေးရည်ဖြစ်ရပါမယ်။ လက်သန့်စင်ဆေးရည်တွေက လက်ကပိုးမွှားတွေကိုလျှော့ချပေးနိုင်ပေမဲ့ ပိုးမွှားတွေအကုန်လုံးကိုတော့ ဖယ်ရှားမပေးနိုင်ပါဘူး။ နောက်ပြီး လက်ကအရမ်းညစ်ပတ်နေရင်၊ ဒါမှမဟုတ် လက်မှာဓာတုပစ္စည်းတွေပေနေရင်လည်း ဖယ်ရှားပေးနိုင်မှာမဟုတ်ပါဘူး။
တကယ်တော့ လူလူချင်းကူးစက်ပျံ့နှံ့တဲ့ရောဂါအတော်များများကို ကာကွယ်ဖို့အတွက်အရေးကြီးဆုံးက လက်ကိုမကြာခဏသေချာဆေးကြောပေးဖို့ပါပဲ။ သေသေချာချာဆေးကြောထားတဲ့လက်တွေက ပိုးမွှားတွေတစ်နေရာကနေတစ်နေရာမပျံ့နှံ့အောင် တားဆီးပေးနိုင်ပါတယ်။ လူတစ်ယောက်ခြင်းသာ အပေါ်မှာ ပြောခဲ့တဲ့အဆင့် ၅ ဆင့်အတိုင်းလက်ကိုသေချာဆေးကြောမယ်ဆို လူလူခြင်း ရောဂါပိုးပျံ့နှံ့တာကိုတားဆီးနိုင်မှာဖြစ်သလို အစုအဖွဲ့တစ်ခုစီကနေ ရပ်ကွက်၊ မြို့နယ်တွေအလိုက်ကို ရောဂါမပျံ့နှံ့အောင် တားဆီးပြီးသားဖြစ်သွားမှာပါ။
ရေးသားသူ – Dr.Htoo Tint
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။