backup og meta

အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ

    ဒီတစ်ခေါက်တော့ အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ အကြောင်း ပြောပြပေးချင်ပါတယ်။

    ဒီတစ်ခေါက်တော့ အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ

    ဒီတစ်ခေါက်တော့ အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ အကြောင်းအတူတူ လေ့လာလိုက်ရအောင်နော်။

    အဆိပ်သင့်တယ်ဆိုတာဘာလဲ

    အဆိပ်သင့်ခြင်းဆိုတာက အဆိပ်များ ခန္ဓာကိုယ်အတွင်းသို့ လုံလောက်သော အရေအတွက်၊ ပမာဏ ဝင်ရောက်တာကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း၊ နာမကျန်းဖြစ်ခြင်းနဲ့ သေဆုံးသည်အထိ ဖြစ်စေနိုင်ခြင်းကို ခေါ်ပါတယ်။

    အမျိုးအစားများ

    • အိမ်တွင်း အဆိပ်သင့်ခြင်း။ (ဥပမာ – ချွတ်ဆေး၊ ဆိုးဆေး၊ အိမ်သုတ်ဆေး၊ ကော်၊ လောင်စာဆီ)
    • ဆေးဝါးကြောင့် အဆိပ်သင့်ခြင်း။ (ဆေးပိုသောက်၊ ဆေးသောက်မှား၊ မတည့်သောဆေး လိမ်းမိခြင်း)
    • စက်ရုံတွင်းအဆိပ်သင့်ခြင်း။ (ဓာတ်ငွေ့၊ စက်ရုံသုံး ဓါတုဗေဒဆေးရည်)
    • အရက်ကြောင့် အဆိပ်သင့်ခြင်း။
    • အပင်များကြောင့် အဆိပ်သင့်ခြင်း။ (မှို၊ သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ ပန်းဝတ်မှုန်၊ မျိုးပွားသစ်စေ့ခြောက်)
    • အစာအဆိပ်သင့်ခြင်း။ (မိမိနဲ့ မတည့်သောအစားအစာများကို စားမိခြင်း၊ ရက်လွန်စည်သွတ်ဘူး၊ အသားများကျက်အောင် မချက်ပြုတ်ခြင်း၊ ထုတ်ထားသော အစားအစာ၊ ဆိုးဆေးပါသော အစားအစာများ)

    ဒီထဲကမှ အဖြစ်များတဲ့ ပြင်းထန်တဲ့ အရက်အဆိပ်သင့်ခြင်းနဲ့ ဓာတ်မတည့်ခြင်းတို့အကြောင်းကို နည်းနည်းပြောပြပါမယ်။

    အရက်အဆိပ်သင့်ခြင်း

    အရက်က အာရုံကြောစနစ်ကို ထိခိုက်စေပြီး အသည်းခြောက်ခြင်းကို ဖြစ်ပေါ်စေတဲ့အပြင် ကြာရှည်စွဲမြဲစွာ သောက်ရင် ကာယ၊ စိတ်ဓာတ်စွမ်းဆောင်မှုများ ထိခိုက်ပျက်စီးစေနိုက်ပါတယ်။

    လက္ခဏာများ

    • အိပ်လိုက်၊ နိုးလိုက်ဖြစ်ခြင်း
    • မျက်နှာနီမြန်းနေခြင်း
    • ချွေးစေးပြန်ခြင်း
    • သွေးခုန်နှုန်းမြန်ခြင်း
    • အသက်ရှူပြင်းခြင်း
    • အချိန်ကြာမြင့်စွာ သတိလစ်နေနိုင်ခြင်း
    • ရာသီဥတုအေးချိန် အကာအကွယ်မဲ့တဲ့နေရာမှာ အရက်မူးလွန်ပြီး သတိလက်လွတ်အိပ်နေပါက ကိုယ်အပူချိန်ကျဆင်းပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။

    အရက်အလွန်အကျွံသောက်ပါက ဖြစ်နိုင်တဲ့ အန္တရာယ်များ

  • အန်ဖတ်ဆို့နင်ခြင်း၊
  • အစာဆို့နင်ခြင်း၊
  • အရက်ကြောင့် သွေးကြောကျယ်ပြီး ခန္ဓာကိုယ်အပူချိန်ကျဆင်းလာကာ သွေးဆုတ်၊ သွေးလန့် ဖြစ်နိုင်သည်။
  • သတိလစ်ချောလဲပြီး ဦးခေါင်းနဲ့ အခြားအင်္ဂါအစိတ်အပိုင်းများကို ထိခိုက်ဒဏ်ရာ ရနိုင်သည်။
  • ပြုစုခြင်း

    • လူနာကို နွေးထွေးစွာ ထားပါ။
    • သတိလစ်နေပါက ဘေးစောင်းအနေအထားနဲ့ ထားပါ။
    • အခြားဒဏ်ရာများ ရှိ/မရှိစစ်ဆေးပါ။ အထူးသဖြင့် ဦးခေါင်းတွင် ဒဏ်ရာရှိ/မရှိ စစ်ဆေးပါ။
    • သတိလစ်နေသော လူနာရဲ့ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းနဲ့ တုံ့ပြန်မှုတို့ကို စောင့်ကြည့်၍ မှတ်တမ်း တင်ထားပါ။
    • ဆေးရုံ၊ ဆေးပေးခန်းသို့ ပို့ပါ။

    ရုတ်တရက် ခန္ဓာကိုယ်အရေပြားယားယံခြင်းနဲ့ အဖုအပိမ့်ပေါက်ခြင်း

    • မတည့်သောထိုးဆေး၊
    • လိမ်းဆေး၊
    • သောက်ဆေး၊
    • ဆံပင်ဆိုးဆေး၊
    • အစားအစာ၊
    • ပန်းဝတ်မှုန်၊
    • ဖုန်၊
    • ဓာတုဗေဒအငွေ့ စသည်တို့ကြောင့်ဖြစ်သည်။

    လက္ခဏာများ

    • ရုတ်တရက်ယားယံလာခြင်း
    • အဖုအပိမ့်ထွက်ခြင်း
    • မျက်လုံးများနီရဲပြီး မျက်ရည်ယိုထွက်ခြင်း
    • နှာရည်ယိုခြင်း
    • အသက်ရှူကျပ်ခြင်း
    • ချောင်းဆိုးခြင်း
    • အော့အန်ခြင်းနဲ့ ဝမ်းသွားခြင်း
    • ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း

    ပြုစုခြင်း

    • လူနာကို အားပေးစကားပြောပါ။
    • လူနာကို ယခင်ဖြစ်ခဲ့ဖူးခြင်း ရှိ/မရှိ မေးမြန်းပါ။
    • လူနာကို ယခင်သောက်နေကျ ဆေးဝါးများသောက်နိုင်ရန် အကူအညီပေးရမည်။
    • ဆရာဝန်ထံရောက်တဲ့အခါ ရောဂါလက္ခဏာကို ပီပြင်စွာလေ့လာနိုင်ရန် မလိုအပ်သော ဆေးဝါးများ လိမ်းခြင်း မပြုလုပ်ရပါ။
    • ဆေးရုံသို့ အမြန်ပို့ပါ။

    ကာကွယ်နည်းများ

    အိမ်တွင်းမှာ ဖြစ်နိုင်တဲ့ အဆိပ်သင့်ခြင်းများ

    • ချွတ်ဆေး၊ အိမ်သုတ်ဆေး၊ လောင်စာဆီ၊ ကော်များကို စနစ်တကျသိမ်းဆည်း၍ သော့ခတ်ထားရမည်။
    • ဆေးလုံးဆေးရည် နာမည်တပ်ထားရမည်။ အန္တရာယ်ရှိပါက မှင်အနီနဲ့ ရေးသားထားရမည်။
    • ကလေးများ လက်လှမ်းမမှီသောနေရာတွင် ထားရမည်။

    ဆေးဝါးကြောင့် အဆိပ်သင့်ခြင်း

    • ဆေးများကို စနစ်တကျ အညွှန်းတပ်ပြီး ထားပါ။
    • သောက်ဆေးနဲ့ လိမ်းဆေး ခွဲခြားပြီး ထားပါ။
    • အမှောင်ထဲတွင် ဆေးမသောက်ရပါ။
    • ဆေးခန်းသွားတဲ့အခါ မတည့်တဲ့ဆေးရှိရင် ဆရာကို ကြိုပြောရပါမယ်။
    • ရက်လွန်ဆေးများ မသုံးစွဲသင့်ပါ။
    • ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ဆေးသုံးစွဲသင့်ပါသည်။
    • ကလေးများ လက်လှမ်းမမှီသောနေရာတွင် ထားပြီး သေချာပိတ်ထားရမည်။
    • မူရင်းဆေးဘူးထဲသို့ အခြားဆေးများ မထည့်ရပါ။

    စက်ရုံတွင်း အဆိပ်သင့်ခြင်း

  • ခဲဆိပ်မသင့်အောင် လက်အိတ်စွပ်ပြီး ကိုင်တွယ်ပါ။
  • မျက်နှာဖုံး တပ်ဆင်ထားပါ။
  • မျက်မှန် တပ်ထားရမည်။
  • အရက်ကြောင့် အဆိပ်သင့်ခြင်း

    • အရက်ကို အလွန်အကျွံမသောက်ပါနှင့်။

    အပင်များကြောင့် အဆိပ်သင့်ခြင်းမှ ကာကွယ်ခြင်း

    • အမျိုးအမည်မသိတဲ့ အပင်များကို မစားပါနဲ့။  (ဥပမာ-မှို)
    • တွင်းမှထွက်သော သစ်ဥ၊ သစ်ဖုများကို အမျိုးအမည်မသိဘဲ မစားရပါ။
    • ဟင်းသီးဟင်းရွက်အစိမ်းများကို သေချာစွာဆေးပြီးမှ စားသုံးပါ။

    အစာအဆိပ်သင့်ခြင်းမှ ကာကွယ်ခြင်း

    • မိမိနဲ့ မတည့်တဲ့အစားအစာများကို မစားမိစေရန် သတိပြုပါ။
    • စည်သွတ်ဘူးများကို ချက်ပြုတ်ပြီးမှ စားပါ။ ပုံသဏ္ဍာန်ပြောင်းလဲနေတဲ့ စည်သွပ်ဘူး၊ ဖောက်ကြည့်ရင် လေထွက်နေတဲ့ စည်သွပ်ဘူးများကို မစားဘဲ စွန့်ပစ်ပါ။
    • ရက်လွန်အစားအစာများ မစားရပါ။
    • အသားများကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားပါ။

    ရေးသားသူ-ဒေါက်တာမှူး

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement