အသီးအရွက်တွေကိုရေသန့်သန့်လေးဆေးပြီး အစိမ်းလိုက် ဂျိုးဂျိုးဂျွက်ဂျွက်ဝါးစားရတာ မိုက်တယ်နော်။ ကိုယ်စားလို့အရသာရှိတိုင်း ကိုယ်ရဲ့ ကိုယ်ပွားဖြစ်တဲ့ ကလေးကိုကျွေးချင်မိတယ်ဟုတ်။ ကလေးက ငယ်သေးတော့ကျွေးလို့ရပါ့မလားလို့ စိတ်ပူနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေဖေဖေတို့အတွက်ပါ။
ကလေးက ၂ နှစ်လောက်ကျော်လာပြီဆိုရင် လူကြီးတွေစားသမျှကို စားဖို့ စိတ်ဝင်စားစပြုလာပြီလေ။ ကိုကိုမမတွေရှိတဲ့ ကလေးတွေဆို အကြီးတွေစားသမျှကိုလိုက်စားချင်ပြီလေ။ ဒီလိုအချိန်မျာ ကလေးကိုကျွေးမှာလား ၊ မကျွေးဘူးလား ဘယ်လိုဆုံးဖြတ်မလဲ။ကျွေးလို့ရတာဆိုရင်တော့ကျွေးလိုက်တာအကောင်းဆုံးပါ။ ကလေးအတွက် အရသာအသစ်အဆန်းကိုမြည်းစမ်းခွင့်ရစေမှာဖြစ်သလို ကလေးကို ကျန်းမာတဲ့ အစားအသောက်အလေ့အထပျိုးထောင်ခွင့်ရစေမှာပါ။ အသက် နှစ်နှစ်လောက်ရောက်လာပြီဆိုတော့ ကလေးက သွားတွေလည်း စုံလို့ စားချင်၊ဝါးချင်နေပြီလေ။
ကလေးတစ်ယောက်နေ့စဉ်စားသင့်တဲ့ ဟင်းသီးဟင်းရွက်ပမာဏ
ကလေးကို ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေကျွးတာတော့ ဟုတ်ပါပြီ။ ဘယ်လောက်အတိုင်းအချင့်နဲ့ကျွေးရမလဲလို့များသိချင်နေလား။ ကလေးရဲ့ အသက်အရွယ်အလိုက် စားသုံးရမယ့် ဟင်းသီးဟင်းရွက်နဲ့သစ်သီးပမာဏက ကွာခြားပါတယ်နော်။
ကလေးက ၂ နှစ် ကနေ ၃ နှစ် ဆိုရင်– ဟင်းသီးဟင်းရွက် လက်ဖက်ရည်ပန်းကန်ပြားနဲ့ တစ်ချပ်စာကနေ ၁ ချပ်ခွဲစာလောက်
ကလေးက ၄ နှစ်ကနေ ၈ နှစ်ဆိုရင် – ဟင်းသီးဟင်းရွက် လက်ဖက်ရည်ပန်းကန်ပြားနဲ့ ၁ တစ်ချပ်ခွဲစာကနေ ၂ ချပ်ခွဲစာလောက်
ကလေးက ၉ နှစ် ကနေ ၁၃ နှစ်ဆိုရင် -သမီးတို့အတွက်က ဟင်းသီးဟင်းရွက် လက်ဖက်ရည်ပန်းကန်ပြားနဲ့ ၂ ချပ်စာကနေ ၄ ချပ်စာလောက် ၊ သားတို့အတွက်ကဟင်းသီးဟင်းရွက် လက်ဖက်ရည်ပန်းကန်ပြားနဲ့ ၂ ချပ်ခွဲစာကနေ ၄ ချပ်စာလောက် ပုံမှန်စားသုံးပေးဖို့လိုပါမယ်။
ကလေးကို ဘယ်ဟင်းသီးဟင်းရွက်တွေ အစိမ်းကျွေးလို့ရလဲ
ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေရဲ့ အရောင်အသွေးစုံလင်မှုက ကလေးကို စားချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်မှာပါ။ ဒီကနေမှတဆင့် စားကြည့်လိုက်တဲ့အခါ ခံစားမိတဲ့အရသာက ကလေးကို စားချင်စိတ်ဖြစ်လာအောင် ဆက်လက်တာဝန်ယူမှာပါ။ ကလေးက သူ့ရှေ့မှာ စားပြတဲ့သူရှိလေလေ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကို စားချင်လာလေလေဖြစ်မှာပါ။ ကလေးတွေကိုကျွေးလို့ရမယ့် ဟင်းသီးဟင်းရွက်တွေက –
- မုန်လာဥနီ
- ခရမ်းချဉ်သီး
- တရုတ်နံနံ
- သခွားသီး
- ဆလတ်ရွက်လိုမျိုး ဟင်းသီးဟင်းရွက်တွေပါ။
သစ်သီးတွေအနေနဲ့ကတော့ –
- ငှက်ပျောသီး
- ထောပတ်သီး
- ပန်းသီး
- စပျစ်သီး
- သစ်တော်သီး
- စတော်ဘယ်ရီလိုမျိုး အသီးတွေကိုကျွေးလို့ရပါတယ်။
ကလေးကို ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကျွေးတဲ့အခါ ဒါတွေသတိထားပါ
ကလေးကို ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကျွေးတဲ့အခါ သတိထားသင့်တဲ့အချက်လေးတွေရှိနေပါတယ်။ ဒါတွေကတော့
- ကလေးကို သဘာဝမြေသြဇာသုံးပြီး စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေပဲကျွေးပေးပါ။
- ရေစင်အောင်ဆေးကြောပါ။
- အနာအဆာမပါဖို့ ဂရုစိုက်ပါ။
- လတ်ဆတ်မှုရှိအောင်ဂရုစိုက်ပါ။
- ကလေးစားနိုင်မယ့်အရွယ်လေးတွေလှီးဖြတ်ပေးပါ။
ဒီအချက်လေးတွေကို ဂရုစိုက်ပြင်ဆင်ပေးပြီး ကိုယ့်ရဲ့ ကိုယ်ပွားဖြစ်တဲ့ ကလေးကို ငယ်စဉ်ကတည်းက ဟင်းသီးဟင်းရွက်တွေစားသုံးတတ်သူလေးဖြစ်အောင် ပျိုးထောင်လိုက်ပါနော်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။