backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ရေဓာတ်ခမ်းခြောက်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရေဓာတ်ခမ်းခြောက်ခြင်း

သင်သောက်သုံးတဲ့ အရည်ပမာဏထက် ကိုယ်ခန္ဓာကနေ ဆုံးရှုံးတဲ့ ပမာဏက ပိုများနေရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပေါ်ပါတယ်။ အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

သုတေသနများအရ လူသားတို့အတွက် တနေ့တာ ရေလိုအပ်ချက်ဟာ အမျိုးသမီးများအတွက် ၉၂ အောင်စ (၁၁.၅ ခွက်) ဖြစ်ပြီး အမျိုးသားများအတွက် ၁၂၄ အောင်စ (၁၅.၅ ခွက်) ဖြစ်ပါတယ်။ ဒါက တဦးချင်းပေါ်လည်း မူတည်ပါတယ်။ ဥပမာ အားကစားသမားများနဲ့ သာမန်လူနဲ့ လိုအပ်ချက်မတူပါဘူး။ အပူပိုင်းဒေသကလူတွေအနေနဲ့လည်း အအေးပိုင်းထက် ရေကို ပိုမိုလိုအပ်ပါတယ်။

ကိုယ်ခန္ဓာထဲကနေ ရေအများအပြား ဆုံးရှုံးသွားပြီးတဲ့အခါ ဆဲလ်များ၊ တစ်သျှူးများဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်စွမ်း မရှိတော့ဘဲ နောက်ဆက်တွဲပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကို အချိန်မီ မဖြည့်တင်းနိုင်ရင် သွေးလန့်ခြင်းထိ ဖြစ်နိုင်ပါတယ်။

သိပ်ပြီးမပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက်ခြင်းကိုတော့ အိမ်မှာပဲ ကုသနိုင်ပါတယ်။ ဆိုးရွားပြင်းထန်ရင်တော့ ဆေးရုံဆေးခန်း ပြသသင့်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်နိုင်ခြေများသူများ

လူတချို့ဟာ သာမန်လူတွေထက် ရေဓာတ်ခမ်းခြောက်နိုင်ခြေ ပိုများပါတယ်။ သူတို့တွေကတော့

  • မြင့်မားတဲ့ အပူချိန်နဲ့ ထိတွေ့လုပ်ကိုင်နေရသူများ (ဥပမာ သံဂဟေဆော်သူများ၊ မြက်ခင်းအလှပြင်သူများ၊ ဆောက်လုပ်ရေးအလုပ်သမားများ၊ စက်ရုံလုပ်သားများ
  • သက်ကြီးရွယ်အိုများ
  • နာတာရှည်ရောဂါသည်များ
  • အားကစားသမားများ (အထူးသဖြင့် ပြေးခုန်ပစ်၊ စက်ဘီး၊ ဘောလုံး)
  • ကလေးငယ်များ
  • မြေမျက်နှာပြင် အမြင့်ပိုင်းနေထိုင်သူများ စသူတွေပဲ ဖြစ်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်း ဘယ်လိုဖြစ်ပေါ်သလဲ

သင့်ကိုယ်ခန္ဓာကနေ ချွေးထွက်ခြင်း၊ ဆီးသွားခြင်း စတာတွေကနေ ရေကို ပုံမှန် ဆုံးရှုံးနေပါတယ်။ ဆုံးရှုံးသွားတဲ့ရေကို အစားမထိုးနိုင်ရင် ရေဓာတ်ခမ်းခြောက်ခြင်း စတင်လာပြီ ဖြစ်ပါတယ်။ ရေကို ပုံမှန်ထက် ဆုံးရှုံးနေရပြီဆိုရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်စေတဲ့ အခြေအနေတွေကတော့

ချွေးထွက်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ သဘာဝအလျောက် အအေးခံတဲ့စနစ်ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအပူချိန်တက်လာရင် ချွေးဂလင်းများကျယ်လာပြီး အရေပြားကို စိုစွတ်စေကာ အေးသွားအောင် ပြုလုပ်ပါတယ်။ ချွေးထွက်တာနဲ့အမျှ ခန္ဓာကိုယ်အပူချိန်ကျသွားနိုင်ပါတယ်။ ဒါပေမယ့် ချွေးထွက်များလွန်းရင်လည်း ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်သွားနိုင်ပါတယ်။

နေထိုင်မကောင်းဖြစ်ပြီး ဆက်တိုက်ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေ ဖြစ်ပွားနေမယ်ဆိုရင် ရေဓာတ်ခမ်းခြောက်ခြင်း ကြုံနိုင်ပါတယ်။ အန်ခြင်း၊ ဝမ်းလျှောခြင်းတို့မှတဆင့် ရေဓာတ် အများအပြား ဆုံးရှုံးနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ အရေးပါတဲ့ ဓာတ်ဆားတွေကိုလည်း ဆုံးရှုံးနိုင်ပါတယ်။ အဆိုပါဓာတ်ဆားတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးလုပ်ငန်းစဉ်တွေကို ထိန်းချုပ်ဆောင်ရွက်ရာမှာ အဓိကကျပါတယ်။

ဖျားတဲ့အချိန်မှာ ကိုယ်ခန္ဓာအပူချိန်တက်ခြင်းကြောင့် အရေပြားမျက်နှာပြင်ပေါ်တွေကနေ ရေများဆုံးရှုံးပါတယ်။ အဖျားကြီးချိန်မှာ ရေဓာတ်ဆုံးရှုံးခြင်းကို အချိန်မီဖြည့်တင်း မပေးနိုင်ရင် ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်နိုင်ပါတယ်။

ဆီးသွားခြင်းဟာ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်ဓာတ်တွေကို စွန့်ထုတ်ပေးတဲ့ ပုံမှန်လုပ်ငန်းစဉ် ဖြစ်ပါတယ်။ တခါတရံမှာ ခန္ဓာကိုယ်တွင်းဓာတုပစ္စည်းများ မညီမျှခြင်း ဖြစ်ပေါ်ပြီး ဆီးသွားများလာတတ်ပါတယ်။ ဆီးသွားများခြင်းအတွက် အရည်ဓာတ် ပြန်လည်မဖြည့်တင်းပေးနိုင်ရင် ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်နိုင်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာများ

ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေဟာ သိပ်မပြင်းထန်တဲ့ အခြေအနေနဲ့ ပြင်းထန်တဲ့ အခြေအနေပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။

  • ပင်ပန်းနွမ်းနယ်ခြင်း
  • အာခေါင်ခြောက်ခြင်း
  • ရေငတ်ခြင်း
  • ဆီးနည်းသွားခြင်း
  • မျက်လုံးခြောက်ခြင်း
  • အရေပြားခြောက်သွေ့ခြင်း
  • ဝမ်းချုပ်ခြင်း
  • မူးဝေခြင်း
  • ခေါင်းကိုက်ခြင်း စတာတွေဟာ သိပ်မပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက်မှု လက္ခဏာတွေ ဖြစ်ပါတယ်။

ဆိုးရွားပြင်းထန်တဲ့ အခြေအနေမှာတော့ အထက်ပါလက္ခဏာတွေအပြင် အောက်ပါအချက်တွေပါ တွေ့နိုင်ပါတယ်။

  • အလွန်အမင်းရေငတ်ခြင်း
  • ချွေးမထွက်တော့ခြင်း
  • သွေးပေါင်ကျခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အသက်ရှူမြန်ခြင်း
  • အရေပြားတွန့်ခေါက်ခြင်း
  • မျက်ကွင်းချိုင့်ခြင်းဆီးမည်းခြင်း

အဆိုပါလက္ခဏာတွေရှိနေရင်တော့ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းတွေမှာ အရေးပေါ်ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းကို ဘယ်လိုကာကွယ်မလဲ

  • နေထိုင်မကောင်းဖြစ်ချိန်မှာ အရည်များများသောက်ပါ။ အထူးသဖြင့် အန်နေချိန်၊ ဝမ်းပျက်နေချိန်မှာ ဖြစ်ပါတယ်။ အရည်မဝင်နိုင်ရင် ဆေးဝါးကုသမှု ခံယူပါ။
  • လေ့ကျင့်ခန်းလုပ်ချိန်၊ အားကစားလုပ်ချိန်မှာ ရေကြိုသောက်ထားပါ။ လုပ်နေစဉ်လည်း သင့်တော်သလို သောက်သုံးပါ။
  • ပူအိုက်တဲ့အချိန်တွေမှာ ချောင်ချိအေးမြတဲ့ အဝတ်အတည်တွေကို ဝတ်ဆင်ပါ။ နေရောင်ခြည် ဒါမှမဟုတ် တိုက်ရိုက်အပူနဲ့ မထိတွေ့အောင်နေပါ။
  • သိပ်ပြီး လှုပ်လှုပ်ရှားရှား မနေဖြစ်ရင်တောင် သောက်သင့်တဲ့ အရည်ပမာဏကို သောက်သုံးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement