backup og meta

အင်းဆက်ပိုးမွှားတွေ အကိုက်ခံရရင် ဘာလုပ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အင်းဆက်ပိုးမွှားတွေ အကိုက်ခံရရင် ဘာလုပ်ကြမလဲ

    ပိုးကောင်ငယ်လေးတွေ ကိုက်တာ မခံဖူးတဲ့သူဆိုတာ တော်တော်ရှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေထိုင်ရာပတ်ဝန်းကျင်မှာက ဒီအကောင်လေးတွေနဲ့ ပျံ့နှံ့နေတာကိုး။ ပုံမှန်အားဖြင့် အင်းဆက်ပိုးမွှားတွေ ကိုက်တဲ့ ဒဏ်ရာဟာ သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။ ကလေးတွေ အကိုက်ခံရတဲ့အခါ ဒီပိုးကောင်လေးတွေအပေါ် ကြောက်လန့်တဲ့ စိတ်တွေ အနည်းနဲ့ အများတော့ ဝင်သွားတာမျိုးတွေ ရှိပါတယ်။

    ကိုယ့်ကို လာကိုက်သွားတာ ဘာအကောင်လဲ၊ ဘယ်လိုလက္ခဏာတွေ ပြလဲဆိုတာ သိပြီးသွားရင် ဒဏ်ရာကို ပိုးမဝင်စေဖို့နဲ့ အမြန်ဆုံးသက်သာစေဖို့ အလွယ်တကူလုပ်ပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

    ပိုးမွှားကိုက်ခံရတဲ့ အရေပြားမှာ ဘာလက္ခဏာတွေ တွေ့ရမလဲ။

    သာမန်ကိုက်ခံရတဲ့ ဒဏ်ရာမှာ အရေပြားနီရဲပြီး ရောင်နေတာ၊ ယားယံတာ၊ အသားထဲက စူးသလို ခံစားရတာလောက်ပဲ ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီလက္ခဏာတွေဟာ သိပ်ပြီး မပြင်းထန်တဲ့အပြင် ရက်အနည်းငယ်အတွင်းမှာ သူ့အလိုလို ပျောက်ကင်းသွားမှာပါ။ အကယ်လို့ လုံးဝပျောက်မသွားဘဲ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။

    ပိုးမွှားကိုက်ခံရပြီဆိုရင် အရင်ဆုံး ဘာလုပ်မလဲ။

    ၁။ အရင်ဆုံး အကိုက်ခံရတဲ့ နေရာနဲ့ ဝေးရာကို သွားပါ။ ကိုယ့်ကို ကိုက်လိုက်တဲ့ အကောင်လေးတွေ မရှိတဲ့နေရာရောက်ပြီဆိုမှ ဒဏ်ရာကို ဆေးကြောသန့်ရှင်းဖို့ စလုပ်သင့်ပါတယ်။

    ၂။ အရင်ဆုံး လက်ဆေးပါ။ ကိုယ်တိုင် အကိုက်ခံရတာဖြစ်စေ၊ တခြားသူ အကိုက်ခံရတာဖြစ်စေ အရင်ဆုံးလုပ်ပေးရမှာကတော့ လက်ဆေးဖို့ပါပဲ။ ဒါမှပဲ လက်သည်းတွေကြားထဲက ဘက်တီးရီးယားပိုးတွေ ဒဏ်ရာထဲ မဝင်သွားအောင် ကာကွယ်နိုင်မှာပါ။

    ၃။ အကိုက်ခံရသူဖြစ်စေ၊ ပြုစုမယ့်သူဖြစ်စေ လက်စွပ်၊ နာရီ အစရှိတဲ့ ပစ္စည်းတွေကို ချွတ်ထားပါ။

    ၄။ ဒဏ်ရာကို စစ်ဆေးကြည့်ပါ။ ပုံမှန်အင်းဆက်ပိုးမွှားလေးတွေ ကိုက်တဲ့အခါမှာ အရေပြားမှာ ကိုက်ထားတဲ့အရာလောက်ပဲ ထင်တတ်ပါတယ်။ ပျားကတော့ ချွင်းချက်ပါ။ သူ့ကိုယ်မှာ ရှိနေတဲ့ အဆိပ်ပါနေတဲ့ ဆူးနဲ့ အရေပြားကို လှမ်းပြီး ထိုးဆွတာ ဖြစ်တဲ့အတွက် ဒီဆူးတွေကို အမြန်ဆုံးဖယ်ရှားဖို့ လိုပါတယ်။

    ၅။ ဆူးကို ဖယ်ထုတ်တော့မယ်ဆိုရင် အရမ်းမညှစ်ပါနဲ့။ ကိုက်ခံရတဲ့နေရာတစ်ဝိုက်ကို လက်သည်းနဲ့ ဖွဖွလေးခြစ်လိုက်ပါ။

    ၆။ ပြီးသွားရင် အနာဖြစ်နေတဲ့ အရေပြားကို ရေသန့်နဲ့ အရင်ဆေးကြောပါ။ ပြီးသွားရင် ဆပ်ပြာနဲ့ ဖြည်းဖြည်းချင်းပွတ်တိုက်ပြီးမှ ရေနဲ့ ပြောင်စင်အောင် သန့်ရှင်းပေးပါ။ ဒါမှပဲ အရေပြားတစ်ဝိုက်က အညစ်အကြေးတွေ၊ ပိုးကောင်တွေဆီက အဆိပ်တွေ ဖယ်ပြီးသားဖြစ်မှာပါ။

    ၇။ ရေခြောက်အောင် သုတ်ပြီးရင် ဒဏ်ရာကို ၁၀မိနစ်ခန့် ရေခဲအုံပေးပါ။ ပြီးသွားရင် ခဏ ခွာပြီး နောက်ထပ် ၁၀ မိနစ်လောက်နေမှ ပြန်ပြီး ရေခဲအုံပါ။ ရေခဲအစား ရေခဲဝတ်ကပ်ပေးမယ်ဆိုလည်း အဆင်ပြေပါတယ်။

    ၈။ လက်မောင်း သို့မဟုတ် ခြေထောက်မှာ အကိုက်ခံရတာဆိုရင် အပေါ်ကို မြှောက်ထားပေးပါ။

    ၉။ ဆေးဆိုင်တွေမှာ နာကျင်မှု၊ ယားယံမှုဝေဒနာကို သက်သာစေမယ့် ဆေးတွေကို အလွယ်တကူ ဝယ်ပြီး လိမ်းပေးလို့ ရပါတယ်။

    ၁၀။ မသက်သာမချင်း ဒဏ်ရာဖြစ်နေတဲ့ နေရာကို သန့်ရှင်းအောင်ထားပေးဖို့လည်း အရေးကြီးတယ်နော်။

    ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့ပြသဖို့ လိုအပ်လာပြီလဲ။

    ဒီလက္ခဏာတွေဟာ သိပ်ပြီးစိုးရိမ်စရာမလိုတဲ့အပြင် ၁ရက်၊ ၂ရက်အတွင်း ပျောက်သွားမှာပါ။ တော်တော်လေးကြာလို့မှ လုံးဝမပျောက်သွားဘူးဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်တာ အကောင်းဆုံးပါပဲ။

    နောက်တစ်ချက်က အကိုက်ခံပြီးတဲ့အချိန်မှာ အသက်ရှူရခက်တာ၊ နှုတ်ခမ်း၊ မျက်အိတ်၊ လည်ပင်းက ရောင်ကိုင်းလာတာ၊ ခေါင်းထဲက မူးသလိုလို ဖြစ်ပြီး ဘာမှစဉ်းစားလို့၊ အာရုံစိုက်လို့ မရတော့တာ၊ နှလုံးခုန်နှုန်းမြန်လာတာ၊ ကြွက်တက်တာ၊ အော့အန်တာ၊ အင်ပျဉ်ထလာတာအပြင် တခြားအဆိပ်ပြင်းတဲ့ အကောင်တွေ ဖြစ်တဲ့ ပင့်ကူ၊ ကင်းမြီးကောက်တွေ ကိုက်ခံရတာ၊ အကိုက်ခံရတာက ကလေးဖြစ်ပြီး အသက်အရမ်းငယ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement