အပြင်ထွက်ပြီး လုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ ရေကူးတာ၊ ခြေလျင်တောင်တက်တာတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေပါ။ ဒီနည်းလမ်းတွေက ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် ဒီနည်းလမ်းတွေ လုပ်ဆောင်တဲ့အခါ တောတွင်းက အကောင်ပလောင်တွေကြောင့် အရေပြားမှာ အင်ပျဉ် ထွက်တာ၊ နေလောက်တာ၊ ပိုးကောင်တွေကိုက်တာ၊ ကပ်ပါးကောင်တွေ၊ ကျွတ်တွယ် တာမျိုး ရင်ဆိုင်ရနိုင်ပါတယ်။
ကျွတ်တွယ် တာ၊ မျှော့တွယ်တာ၊ ခြင်ကိုက်တာ၊ ပျားတုပ်တာလိုမျိုးပေါ့။ ဒီတစ်ခေါက်တော့ ကျန်းမာရေး လိုက်စားရင်း ကျွတ်တွယ်ခံရရင် ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။
ကျွတ်တွယ်တယ် ဆိုတာ
ကျွတ်ဆိုတာက သေချာ သတိထား မကြည့်မိရင် သာမန် မျက်စိထဲမှာ သိပ်ပြီး အရိပ်မထင်လောက်အောင်ကို သေးတဲ့ သတ္တဝါလေးပါ။ အရေပြားမှာ တွယ်ကပ်ရင်း သွေးတွေကို စုပ်ယူတာပါ။ ခပ်ပြားပြား သဏ္ဍာန်ရှိပြီး ရေချိုတွေ၊ မြက်ပင်တွေ၊ အမှိုက်တွေ များတဲ့နေရာတွေမှာ နေထိုင်ကြပါတယ်။
တွယ်ကပ်စမှာ သိနိုင်ဖို့ ခက်ပေမယ့် သွေးတွေကို စုပ်ယူပြီးချိန်မှာတော့ နာကျင်မှုနဲ့အတူ မြင်သာလောက်တဲ့ အရွယ်အစားကို ရောက်လာပါတော့တယ်။
ဒီလို အခြေအနေမှာ မြင်ရတာ အသည်းယားစရာ ကောင်းသလို အချိန်အတော်ကြာအောင် သွေးတွေကို စုပ်ယူထားတာဆိုရင် အရေပြားကလည်း အတော်ကို စပ်ဖျဉ်းဖျဉ်း ဖြစ်လာမှာပါ။ ဒီအခြေအနေမှာ လုပ်မိနိုင်တာက အမလေး ကျွတ်ကြီးဆိုပြီး အတင်းမရမက ကိုယ်တိုင် ဆွဲဖယ်ရင် ဖယ် မဟုတ်ရင် ဘေးက တစ်ယောက်ယောက်က ဆွဲဖယ်တာပါ။
ဒီလို ဆွဲဖယ်တဲ့အခါ နည်းလမ်း မမှန်ဘူး ဖြစ်မယ်ဆိုရင် အရေပြားမှာ ဒဏ်ရာ ကျန်ခဲ့နိုင်ပါတယ်။ ဒါကြောင့် ကျွတ်တွယ်ရင် နည်းလမ်း မှန်မှန်နဲ့ ဘယ်လို ဖယ်ရှားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ကျွတ်တွယ် ခဲ့ရင် ဘယ်လို ဖယ်ရှားမလဲ …….
ကျွတ်တွယ် ခဲ့ရင် အခုလိုလေး ဖယ်ရှားပေးပါ။
သေချာ စစ်ဆေးပါ
အရေပြားမှာ ကျွတ်တွယ်နေတာကို တွေ့ပြီဆိုရင် ကျွတ်က တစ်ကောင်တည်းလား။ သေချာရဲ့လားဆိုတာကို သေချာလေး စစ်ကြည့်စေချင်ပါတယ်။
ခေါင်းပိုင်းကို စရှာပါ
ကျွတ်ကို ဖယ်တော့မယ်ဆိုရင် တွယ်ကပ်နေတဲ့ ခေါင်းပိုင်းကနေ စဖယ်ဖို့ လိုပါမယ်။ ခေါင်းပိုင်းက အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေထက် ပိုသေးပါတယ်။ ပါးစပ်ရှိတဲ့ အပိုင်းကပဲ အသားမှာ ကပ်တွယ်နေတာပါ။
အရေပြားကို ဆွဲပါ
ကျွတ်တွယ်နေပြီဆိုရင် ကျွတ်တွယ်နေတဲ့ အရေပြားကို လက်နဲ့ တင်းသွားအောင် ဆွဲလိုက်ပါ။
ကျွတ်ရဲ့ ပါးစပ်အောက်ကို လက်သည်းခွံလေး ထိုးထည့်လိုက်ပါ
ကျွတ်ရဲ့ ဦးခေါင်းပိုင်း ပါးစပ်ရှိရာနေရာကို အရေပြားကနေ ကွာသွားအောင် ကျွတ်ရဲ့ ပါးစပ်အောက်ကို လက်သည်းခွံလေး ထိုးထည့်လိုက်ပါ။
ခွာထုတ်ပါ
ပြီးရင် လက်ချောင်းလေးတွေကို သုံးပြီး ကျွတ်ကို အရေပြားကနေ ဖယ်ထုတ်ပါ။ လက်ထည့်ရမှာ ကြောက်နေရင် ကတ်အမာတစ်ခုခုနဲ့ ခံပြီး ကလော်လို့ ရပါတယ်။
အနာကို သန့်စင်ပါ
ကျွတ်တွယ်တဲ့နေရာကို ရေများများနဲ့ ဆေးချပါ။ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့အတွက် ကာကွယ်ဖို့ပါ။
အနာကို ပတ်တီးနဲ့ အုပ်ထားပါ
ကျွတ်ကို ဖယ်လိုက်ချိန်မှာ သွေးအများကြီး ထွက်နေမယ်ဆိုရင် ဒဏ်ရာကို သန့်စင်ပြီး ပိုးသတ်ထားတဲ့ ပတ်တီးနဲ့ အုပ်ထားပါ။ သွေးမတိတ်မချင်း ပတ်တီးစကို သွေးစိုသွားတိုင်း လဲလှယ်ပေးပါ။
ကျွတ်ကို ကိုင်ရမှာကို ရွံနေတယ်၊ ကြောက်နေတယ်ဆိုရင်တော့ ဒီတိုင်း စောင့်ကြည့်လိုက်ပါ။ သွေးဝသွားရင် အလိုလို ကွာသွားပါလိမ့်မယ်။ ကျွတ် တစ်ကောင်၊ နှစ်ကောင်လောက် သွေးစုပ်တာက သင့်ကို သွေးထွက်မလွန်စေပါဘူး။
တကယ်လို့ ကျွတ်က နားထဲ၊ နှာခေါင်း၊ ပါးစပ်ထဲမှာ တွယ်နေတာမျိုးဖြစ်မယ်ဆိုရင် နားသန့်ဆေး၊ နှာခေါင်းသန့်ဆေး၊ ခံတွင်းသန့်ဆေးရည်တို့ကို အသုံးပြုပေးလို့ ရပါတယ်။ အရက် ဒါမှမဟုတ် hydrogen peroxide အရည်လည်း ရပါတယ်။ စက္ကန့် ၃၀ ကြာ ထားပေးပါ။ ပြီးရင် ကျွတ်က ထွက်ကျလာတာကို တွေ့ရပါမယ်။
ကျွတ်တွယ်တဲ့အခါ ဒီလို မဖယ်ရှားပါနဲ့။
ကျွတ်တွယ်တဲ့အခါ အခုပြောပြတဲ့ နည်းလမ်းတွေကို သုံးပြီး မဖယ်ရှားပါနဲ့။ ဒီလို ဖယ်ရှားတာက ကျွတ်ကို အနာထဲကို သွေးအန်စေပြီး ပိုးဝင်ကူးစက်ခံရနိုင်ခြေ များစေနိုင်တာကြောင့်ပါ။
- ဆားနဲ့ ပုံတာ
- မီးနဲ့မြှိုက်တာ
- ခေါင်းလျှော်ရည်နဲ့ ဖြန်းတာ
- ပိုးမွှားတွေကို နှိမ်နှင်းတဲ့ဆေးတွေ သုံးတာမျိုး မလုပ်ပါနဲ့။
ကဲ ….. ကျွတ်တွယ် တဲ့အခါ အမာရွတ်ထင်တာ၊ ပိုးဝင်တာမျိုးတွေ မဖြစ်စေဖို့ အခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သုံးပြီး ဖယ်လိုက်ပါ။
[embed-health-tool-bmi]