backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သင်ထင်မထားတဲ့ ငှက်ပျောရွက် ရဲ့အကျိုးအာနိသင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင်ထင်မထားတဲ့ ငှက်ပျောရွက် ရဲ့အကျိုးအာနိသင်

ငှက်ပျောရွက် က စားစရာတစ်ခုမဟုတ်သလို ဆေးဖက်ဝင်မယ်လို့လည်း ဘယ်သူမှထင်ထားလောက်မှာမဟုတ်ပါဘူး။ ထုပ်ပိုးမှုအတွက် သုံးတာကလွဲလို့ ငှက်ပျောရွက်ကို စားဖို့ ဒါမှမဟုတ် ဆေးဖက်ဝင်တဲ့အရာတစ်ခုအနေနဲ့ အသုံးပြုလို့ရမယ်ရယ်လို့ ထင်မထားဘူးဟုတ်။ ဒီတော့ သင်ထင်မထားတဲ့ ငှက်ပျောရွက်က ဘယ်လိုအကျိုးကျေးဇူးတွေများရှိလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ငှက်ပျောရွက် ဆိုတာ

ငှက်ပျောရွက်ဆိုတာက ငှက်ပျောပင်ရဲ့ အရွက်ပါ။ နုစဉ်မှာ အစိမ်းရောင် နုနုလေး ဖြစ်ပြီး ရင့်ပြီဆိုရင်တော့ အစိမ်းရောင် ရင့်ရင့်ပါ။ အနံ့လေး မွေးပြီး ဟင်းထုပ်တွေ မုန့်ဖက်ထုပ်တွေ လုပ်ရာမှာ အသုံးပြုကြပါတယ်။ စားသုံးပေးလို့လည်း ရပါတယ်။

သင်ထင်မထားတဲ့ ငှက်ပျောရွက် ရဲ့အကျိုးအာနိသင်

ငှက်ပျောရွက် က အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။

ချောင်းဆိုးရင်ကျပ်

ငှက်ပျောရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရင်ကျပ်ချောင်းဆိုးသက်သာစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ လေ့လာမှုတွေအရ ငှက်ပျောရွက်ဟာ ကိုယ်ခံအားကိုတိုးစေနိုင်သလို၊ ချောင်းဆိုးသက်သာစေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။

အအေးမိဖျားနာတာကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိပါတယ်။ ချွဲတွေကိုပျော်စေနိုင်ပြီး လည်ချောင်း ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အရည်ညှစ်ပြီး ရေနဲ့ရောလို့ ၁၀ မိနစ်လောက်ကျိုးပေးပါ။ ပြီးရင် ပျားရည်လေးနဲ့ ရောပြီး သောက်ပေးလို့ရပါတယ်။

လေပြွန်ရောင်ရမ်းနာ

သင်မှာ နာတာရှည် ချောင်းဆိုးကြောင့် လေပြွန်ရောင်ရမ်းနာများ ရှိမယ်ဆိုရင် သဘာဝဆေး အနေနဲ့ ငှက်ပျောရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ကူးစက်ရောဂါပိုးတွေကြောင့် ဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်းကိုသာမကဘဲ ချွဲကျပ်ပြီး ဆိုးတဲ့ချောင်းကိုပါ သက်သာစေနိုင်ပါတယ်။ Polysaccharides ဒြပ်ပေါင်းပါဝင်နေတာကြောင့် ချွဲဖြစ်ပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ ချောင်းခြောက်ဆိုးတာကို သက်သာစေနိုင်ပါတယ်။

ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်စိမ်လို့ ပေါင်းခံရည်ယူပါ။ ပြီးရင် စိမ်ထားတဲ့အရည်ကိုသောက်ပေးပါ။ တစ်နေ့ကို ၃ ခွက်လောက်အထိ သောက်ပေးလို့ရပါတယ်။

အရေပြားယားယံတာကို သက်သာစေနိုင်တယ်

အရေပြားမှာ ရောင်ရမ်းတာ၊ ယားယံတာ နဲ့ နာကျင်တာတွေသက်သာစေဖို့အတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ငှက်ပျောရွက်မှာ အရေပြားကို ယားယံမှုသက်သာစေပြီး အသားအရေချောမွေ့လို့ ကျန်းမာတဲ့ အရေပြားတစ်ရှူးတွေကို ဖြစ်ပေါ်စေနိုင်တဲ့ allantoin ဒြပ်ပေါင်းကြွယ်ဝစွာပါဝင်နေပါတယ်။ နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်သလို ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ ငှက်ပျောရွက်ကိုစင်အောင်ဆေး အရည်ညှစ်ပြီး အရေပြားမှာ စွတ်ပေးရုံပါ။

အနာတွေကို သက်သာစေနိုင်ပါတယ်

ထိခိုက်ဒဏ်ရာတွေအတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ အနာကျက်စေနိုင်တဲ့ အာနိသင်ရှိနေပါတယ်။ Allantoin ပါဝင်တဲ့အတွက် အနာကျက်စေနိုင်ပြီး အသေးစားပြတ်ရှဒဏ်ရာ၊ အနာ၊ ပျားတုပ်တာ၊ ပိုးကောင်ကိုက်တာတွေကို သက်သာစေနိုင်ပါတယ်။

ငှက်ပျောရွက်ကြိတ်ရည်ကို ပျားရည်နဲ့ရောစပ်ပြီး အနာကိုလူးပေးလို့ရပါတယ်။ ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပေးပြီး အနာပေါ်မှာ ကပ်ပေးလို့လည်းရပါတယ်။

ခံတွင်းအနာကို သက်သာစေနိုင်တယ်

ခံတွင်းထဲကအနာတွေ သက်သာစေဖို့အတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ငှက်ပျောရွက်က ခံတွင်းအနာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အခြောက်ခံလို့ အမှုန့်ကြိတ်ပြီး ပျားရည်လေးနဲ့ရောလို့ အစားမစားခင်စားပေးပါ။

ဝမ်းချုပ်သက်သာစေနိုင်ပါတယ်

ငှက်ပျောရွက်က နာတာရှည်ဝမ်းချုပ်တာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဝမ်းပျော့ပျော့သွားစေနိုင်ပါတယ်။ ဝမ်းမှန်စေဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။ ငှက်ပျောရွက်ကို ပြုတ်ပြီး ပြုတ်ရည်ကိုသောက်ပေးပါ။ ငှက်ပျောရွက်၊ ရှောက်ရွက်ကိုအခြောက်ခံလို့ အမှုန့်ကြိတ်ပြီး ဆတူရောပါ၊ ရေဆူဆူထဲကို အမှုန့်တွေကိုထည့်ပြီး ၅ မိနစ်က နေ ၁၀ မိနစ်လောက်အထိထားပေးပါ။ ဒီအရည်ကိုသောက်သုံးတာက အစာအိမ်နာတာကိုပါ သက်သာစေနိုင်ပါတယ်။ အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပါတယ်

ငှက်ပျောရွက်က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ ငှက်ပျောရွက်ပြုတ်ရည်ကို တစ်နေ့နှစ်ကြိမ် ပုံမှန်သောက်သုံးပေးသူတွေက သွေးတွင်းကိုလက်စထရောကျဆင်းတာကို တွေ့ရှိခဲ့ရပါတယ်။ သွေးတွင်းကိုလက်စထရောများသူတွေအတွက် စားသုံးပေးသင့်တဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပေါ့။

ဆီးချိုသက်သာစေနိုင်တယ်

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ရေမှာပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သလို ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကိုလျော့ကျစေနိုင်ပါတယ်။ အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ငှက်ပျောရွက်ပြုတ်ရည်ကို တစ်နေ့နှစ်ကြိမ်သောက်သုံးပေးတာက သွေးတွင်းသကြားဓာတ်ကိုကျဆင်းစေနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

ဘာတွေ သတိထားရမလဲ

ဆေးဖက်ဝင်တာ မှန်ပေမယ့် အများကြီး အသုံးပြုတာ၊ အလွန်အကျွံ အသုံးပြုတာမျိုး မလုပ်မိဖို့ လိုပါမယ်။

ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ

ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်အတွက် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

သတင်းစကား

ငှက်ပျောရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် တိကျတဲ့ လေ့လာစမ်းသပ်ချက်တွေ လိုအပ်ပါသေးတယ်။ ဒါကြောင့် ရောဂါဝေဒနာခံစားရတဲ့အခါ ငှက်ပျောရွက်ကိုပဲ အားမကိုးဘဲ တိကျတဲ့ ကုသမှုတွေကိုလည်း ခံယူဖို့ လိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement