backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သင်မသိသေးတဲ့ မျက်လုံးထဲက အစိတ်အပိုင်းလေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင်မသိသေးတဲ့ မျက်လုံးထဲက အစိတ်အပိုင်းလေးများ

မျက်လုံး တွေက အမြင်အာရုံကို ပေးတဲ့ အစိတ်အပိုင်းတွေပါ။ အလင်းရောင်ကို သိရှိခံစားပေးပြီး အာရုံကြောဆဲလ်လေးတွေကို electro-chemical impulses အနေနဲ့ သတင်း ပို့ပေးပါတယ်။ မျက်လုံးထဲမှာပါတဲ့ အရိုးစင်းဆုံး ဆဲလ်တွေဖြစ်တဲ့ အလင်းကို လျှပ်စစ်သံလိုက်လှိုင်းတွေအဖြစ် ပြောင်းလဲပေးတဲ့ ဆဲလ်လေးတွေက ပတ်ဝန်းကျင်က အလင်းတွေကို လှုပ်ရှားမှုနဲ့ ချိတ်ဆက်ပေးပါတယ်။

အဆင့်မြင့်တဲ့ သက်ရှိတွေမှာတော့ မျက်လုံးမှာ ပိုကောင်းတဲ့ အမြင်အာရုံစနစ် လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ပတ်ဝန်းကျင်က အလင်းတွေကို ရယူပြီး မျက်လုံးအရှေ့ပိုင်း မှန်ဘီလူးတွေကနေတဆင့် အလင်းကို ချိန်ညှိပေးပြီး ပုံရိပ်တွေကို ပြောင်းလဲပေးပါတယ်။ ပုံရိပ်တွေကို electrical signals တွေအဖြစ် ပြောင်းလဲပေးပြီး ဒီအချက်ပြမှုတွေကို  အာရုံကြောတွေကနေတဆင့် ဦးနှောက်ကို ပေးပို့ပေးပါတယ်။

သင်မသိသေးတဲ့ မျက်လုံးထဲက အစိတ်အပိုင်းလေးများ

မျက်လုံးထဲက အစိတ်အပိုင်းလေးများ အကြောင်း ကြည့်လိုက်ရအောင်နော်။

 အမြင်အာရုံနဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်းများ

မျက်ဖြူသားလွှာ (Conjuntiva)

မျက်ဖြူသားလွှာဆိုတာက မျက်လုံးရဲ့ အပြင်ဘက်လွှာမှာရှိတဲ့ အဖြူရောင် အစိတ်အပိုင်းပါ။ ဒီအစိတ်အပိုင်းက မာကျောပြီး တစ်ရှူးမျှင်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ အမြင်လွှာ( မျက်လုံးအရှေ့ဘက်ပိုင်းမှာရှိတဲ့ အ​ကြည်လွှာ အစိတ်အပိုင်း)နဲ့ ချိတ်ဆက်ထားသလို မျက်လုံးအနောက်ဘက် အမြင်အာရုံကြောတွေနဲ့ ချိတ်ဆက်ထားပါတယ်။

အမြင်လွှာ (Retina)

မျက်စိထဲဝင်လာတဲ့ အလင်းတန်းတွေကို ပုံရိပ်အဖြစ်ပြောင်းပြီး ဦးနှောက်ကိုပို့ပေးတဲ့ မျက်စိအနောက်ဖက်က အတွင်းပိုင်းအလွှာလေးကို မြင်လွှာ (retina) လို့ခေါ်ပါတယ်။ ကင်မရာရဲ့ ဖလင်လေးတွေလို ပုံရိပ်တွေကို မှတ်သားဖမ်းယူပေးပါတယ်။

ပုံရိပ်က မျက်လုံးမှန်ဘီလူးဆီကတဆင့် အမြင်လွှာပေါ်မှာ စုဆုံပါတယ်။ အမြင်လွှာက ရယူထားတဲ့ ပုံရိပ်ကို electric signals အဖြစ်ပြောင်းပြီး ဦးနှောက်ရဲ့ အမြင်အာရုံ ထိန်းညှိပေးတဲ့ အစိတ်အပိုင်းကနေတဆင့် ဦးနှောက်ဆီကို သတင်းပေးပို့ပါတယ်။ သွေးထောက်ပံ့မှု အမြောက်အမြားရရှိတာကြောင့် အမြင်လွှာက များသောအားဖြင့် အနီရောင်ဖြစ်ပါတယ်။

ophthalmoscope လို့ခေါ်တဲ့ မျက်စိစစ်ဆေးတဲ့ ကိရိယာကနေ သူငယ်အိမ်၊ မှန်ဘီလူးနဲ့ အမြင်လွှာကို တွေ့ရနိုင်ပါတယ်။ ဒီလို ကြည့်ရှုချိန်မှာ အမြင်လွှာက အရောင်ပြောင်းနေမယ်။ ပုံသဏ္ဍာန်တစ်ခုခုပြောင်းနေမယ်ဆိုရင် အမြင်လွှာမှာ ကျန်းမာရေးပြဿနာတစ်ခုခု ခံစားနေရတာပါ။

ကိုယ့်ရဲ့ အမြင်က အရိပ်တွေထင်နေတာ၊ အရာင်တွေ မပြတ်သားတာ၊ အလင်းတွေ စူးလွန်းတာ၊ အမြင်အာရုံပြတ်သားမှု မရှိတာမျိုးဆိုရင် အမြင်လွှာ စစ်ဆေးမှု ခံယူသင့်ပါတယ်။

Choroid (အမြင်လွှာနဲ့ မျက်ဖြူသားလွှာ တွယ်ဆက်တစ်ရှူးလွှာ)

Choroidဆိုတာ မျက်ဖြူသားလွှာနဲ့ မျက်လုံး အမြင်လွှာကို ချိတ်ဆက်ပေးထားတဲ့ တွယ်ဆက် တစ်ရှူးတစ်မျိုးပါ။ uvea အလွှာရဲ့ အစိတ်အပိုင်းတစ်ခုပါ။ မျက်လုံးအတွင်းဘက် အစိတ်အပိုင်းတွေကို အာဟာရ ထောက်ပံ့ပေးပါတယ်။

Choroid (အမြင်လွှာနဲ့ မျက်ဖြူသားလွှာ တွယ်ဆက်တစ်ရှူးလွှာ) ရောင်ရမ်းတာကို choroiditis လို့ခေါ်ပါတယ်။

မျက်မြှေးပါး

မျက်မြှေးပါးဆိုတာ မျက်ခွံအတွင်းပိုင်းနဲ့ မျက်လုံးအဖြူသားကို ဖုံးအုပ်ထားတဲ့ အမြှေးပါးပဲ ဖြစ်ပါတယ်။

မျက်ကြည်လွှာ

မျက်ကြည်လွှာဆိုတာ မျက်လုံးရဲ့ အပြင်ဘက်ဆုံးအလွှာ ဖြစ်ပါတယ်။ ကြည်လင်နေတဲ့ အခုံးလေးဖြစ်ပြီး မျက်လုံးရဲ့ အရှေ့ပိုင်းကို ဖုံးအုပ်ထားပါတယ်။ မျက်ကြည်လွှာဟာ ကြည်လင်နေလို့ ဘာမှမရှိဘူးလို့ ထင်ရပေမယ့် တကယ်တမ်းတော့ ဆဲလ်နဲ့ ပရိုတိန်းပေါင်း များစွားနဲ့ စုစည်းထားတဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။

တခြားတစ်ရှူးတွေနဲ့ မတူတာက မျက်ကြည်လွှာမှာ သွေးကြောမရှိပါဘူး။ ဒါကြောင့် အာဟာရမရသလို ရောဂါပိုးတွေ ဒဏ်ကလည်း မခုခံနိုင်ပါဘူး။ ဒီအစား သူလိုအပ်တဲ့ အာဟာရကို မျက်ရည်နဲ့ မျက်လုံးတွင်းအရည်ကနေ ရယူပါတယ်။

မျက်ကြည်လွှာက အလင်းပြန်နိုင်ဖို့အတွက် ကြည်လင်နေမှ ဖြစ်ပါမယ်။ သွေးကြောသေးသေးလေး ရှိနေရင်တောင်မှ ဒီလုပ်ငန်းစဉ်ကို ထိခိုက်နိုင်ပါတယ်။ ကြည်ကြည်လင်လင် မြင်ရဖို့အတွက် မျက်ကြည်လွှာရဲ့ အလွှာတိုင်းက မှုန်ဝါးခြင်း မရှိရပါဘူး။

မှန်ဘီလူး

မျက်လုံးရဲ့ မှန်ဘီလူးက သူငယ်အိမ်ရဲ့ အနောက်တည့်တည့်မှာ ရှိပါတယ်။ မှန်ဘီလူးက အလင်းကို စုပေးပြီး မြင်လွှာပေါ်ရောက်အောင် လုပ်ပေးပါတယ်။ အနီးအနားက ပစ္စည်းတွေ သေချာမြင်နိုင်ဖို့ လိုသလို ပုံပြောင်းပေးနိုင်ပါတယ်။ မှန်ဘီလူးက မျက်လုံးနံရံကနေ ဇိုနျူးလို့ခေါ်တဲ့ အမျှင်တန်းလေးတွေနဲ့ တွယ်ပြီး တွဲလောင်းကျနေပါတယ်။

 မျက်ဆံ

 မျက်ဆံဆိုတာ အရောင်ရှိပြီး မျက်ကြည်လွှာနဲ့ မှန်ဘီလူးနဲ့ကြားမှာ ရှိပါတယ်။ မျက်ဆံရဲ့ အလယ်မှာရှိပြီး ဝိုင်းနေတဲ့ သူငယ်အိမ်က အကျုံ့အဆန့်လုပ်ပြီး မျက်လုံးထဲဝင်လာတဲ့ အလင်းကို ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် မှောင်မှောင် လင်းလင်း ကောင်းကောင်းမြင်နေရပါတယ်။

မျက်တောင်

မျက်တောင်ဆိုတာ မျက်ခွံရဲ့ အနားသတ်မှာပေါက်တဲ့ အမွေးတွေပါ။ မျက်လုံးထဲကို ဖုန်တွေ၊ အမှုန်တွေ မဝင်အောင် ကာကွယ်ပေးထားပါတယ်။ ထိတွေ့မှုကိုလည်း ကောင်းကောင်းခံစားနိုင်တာကြောင့် ရှေ့ကနေ တစ်ခုခုဖြတ်သွားရင်၊ ပိုးကောင်လေးတွေ ဝင်လာခါနီးရင် အလိုလို မျက်လုံးပိတ်သွားပါတယ်။

စီလီယာရီ အမျှင်တန်း

စီလီယာရီတစ်ရှူးဆိုတာ မှန်ဘီလူးကို ဝိုင်းရံထားတဲ့ ကွင်းပုံစံ တစ်ရှူးဖြစ်ပါတယ်။ မှန်ဘီလူးရဲ့ အနောက်ဘက် မျက်နှာပြင်မှာတော့ ဆံချည်မျှင်သွေးကြောတွေ ရှိတဲ့ စီလီယာရီ အမျှင်တန်းလေးတွေ ရှိပါတယ်။ ဒီသွေးကြောလေးတွေကနေ မျက်လုံး အရှေ့ဘက်အခြမ်းကို အရည်လေးတွေ ထုတ်ပေးပါတယ်။ မျက်လုံးတွင်းရည်လို့ ခေါ်ပါတယ်။

စီလီယာရီ ကြွက်သား

စီလီယာရီတစ်ရှူးမှာရှိတဲ့ စီလီယာရီကြွက်သားက မှန်ဘီလူးရဲ့ ပုံစံကို ထိန်းညှိပေးပါတယ်။ တစ်ခုခုကို အာရုံစိုက်တဲ့အခါ မှန်ဘီလူးရဲ့ ပုံစံပြောင်းသွားတာ ဒီကြွက်သားကြောင့်ပါ။ ဒါကို မြင်ကွင်းထိန်းညှိခြင်းလို့ ခေါ်ပါတယ်။

ဇိုနျူလာ အမျှင်တန်း

Zonule of Zinn လို့ ခေါ်တဲ့ တစ်ရှူးမှာ နှစ်လွှာရှိပါတယ်။ ပါးတဲ့အလွှာက Hylaoidလို့ ခေါ်တဲ့ မျက်လုံးတွင်းက အချိုင့်ရှိတဲ့ လမ်းကြောင်းကို အနားသတ်ထားပြီး ထူတဲ့အလွှာကတော့ ဇိုနျူလာ အမျှင်တန်းတွေ စုထားတာပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုပေါင်းပြီး မှန်ဘီလူးကို တွဲလောင်းကျနေအောင် ချိတ်ဆွဲထားပါတယ်။ ဇိုနျူတွေက ၁-၂ မိုက်ခရိုမီတာ အချင်းရှိပါတယ်။

Hyaloid လမ်းကြောင်း

Hyaloid လမ်းကြောင်းက မျက်လုံးအာရုံကြောရဲ့ ဝင်ပေါက်ကနေ မှန်ဘီလူးရဲ့ အနောက်ဘက်မျက်နှာပြင်အထိ မျက်လုံးအရည်အိတ်တစ်လျှောက် ဖြတ်သန်းလာတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ဒီလမ်းကြောင်းမှာ ပြန်ရည်တွေ ပြည့်နေပြီး Hyaloid အမြှေးပါးနဲ့ အုပ်ထားပါတယ်။

မျက်လုံးအာရုံကြော

မျက်လုံးအာရုံကြောက မျက်လုံးနဲ့ ဦးနှောက်နဲ့ကို ဆက်သွယ်ပေးထားပါတယ်။ မျက်လုံးကနေ မြင်ရတဲ့ ပုံရိပ်တွေကို ဦးနှောက်ကို ပို့ပေးပြီး ပြန်လည်ပြင်ဆင်ခိုင်းပါတယ်။ မျက်လုံးအာရုံကြောက optic chiasm လို့ ခေါ်တဲ့ ကြက်ခြေခတ်နေရာလေးမှာ အဆုံးသတ်သွားပါတယ်။ အရွယ်ရောက်ပြီးသား သူတစ်ယောက်မှာ မျက်လုံးအာရုံကြောရဲ့ အချင်းက ခဲတံအရွယ်လောက် ရှိပါတယ်။ မျက်လုံးအာရုံကြောမှာ ဆဲလ်ပေါင်း တစ်သန်းကျော် ရှိပါတယ်။

 သွေးကြောများ

သွေးကြောတွေက သွေးလည်ပတ်မှုစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေ ပို့ပေးပါတယ်။ အဓိက သွေးကြော ၃ခုကတော့ သွေးလွှတ်ကြော၊ ဆံချည်မျှင် သွေးကြောနဲ့ သွေးပြန်ကြောတို့ပဲ ဖြစ်ပါတယ်။

မျက်လုံးထဲက ဂလင်းများ

မျက်ရည်အိတ်

မျက်ရည်အိတ်ဆိုတာ နှာခေါင်းနဲ့ မျက်ရည်ဂလင်းနဲ့ကို ဆက်ထားတဲ့ ပြွန်ရဲ့ ထိပ်က ဖောင်းနေတဲ့ အပိုင်းဖြစ်ပြီး မျက်တွင်းချိုင့်ရိုးနဲ့ နှာခေါင်းရိုးနဲ့ ကြားမှာ ရှိပါတယ်။ သူက မျက်ရည်တွေကို သယ်ပို့ပေးတဲ့ မျက်ရည်ပို့ပြွန်နဲ့ရော နှာခေါင်းထဲကို အရည်တွေ ပို့ပေးတဲ့ ပြွန်နဲ့ရော ချိတ်ဆက်ထားပါတယ်။

မျက်ရည်ပို့ပြွန်

မျက်ရည်ပို့ပြွန်ဆိုတာ မျက်ခွံမှာရှိတဲ့ ပြွန်လေးတွေ ဖြစ်ပြီး ထိပ်မှာ အပေါက်သေးသေးလေး ရှိပါတယ်။ ဒီအပေါက်လေးကို မျက်လုံးအတွင်းထောင့်မှာရှိတဲ့ တြိဂံပုံစံ lacus lacrimalis ရဲ့ အပြင်ထောင့်မှာ တွေ့ရပါတယ်။

မျက်ရည်ဂလင်း

မျက်ရည်ဂလင်းက မျက်လုံးကို စိုစွတ်နေစေဖို့ မျက်ရည်ထုတ်ပေးပါတယ်။ နားထင်စွန်းအောက်က မျက်ခွံရိုးအောက်မှာ ရှိပါတယ်။

မီဘိုးမီးယန်း အဆီဂလင်း

မီဘိုးမီးယန်း အဆီဂလင်းဆိုတာ မျက်ခွံထဲမှာ ဒေါက်လိုက်ရှိနေပြီး မျက်တောင်ကနေ အဆီထုတ်ပေးနေတဲ့ ဂလင်း ဖြစ်ပါတယ်။ မျက်တောင်ခတ်လိုက်တိုင်းမှာ ဒီဂလင်းကနေ မျက်ခွံအနောက်ဘက်ကို အဆီလေးတွေ ထုတ်ပေးပါတယ်။ ဒီအဆီတွေက မျက်ရည်တွေ မြန်မြန်အငွေ့ပျံတာကို ကာကွယ်ပေးပါတယ်။ ဒီအဆီဂလင်း မကောင်းတဲ့ လူနာတွေမှာ အဆီထုတ်တာ နည်းလွန်းတာ ဒါမှမဟုတ် များလွန်းတာကြောင့် အမြင်အာရုံထိခိုက်တတ်ပါတယ်။

မျက်လုံး ကြွက်သားများ

မျက်လုံးပတ်ပတ်လည် ကြွက်သား  အရေပြားအောက်မှာရှိပြီး မျက်လုံးပတ်ပတ်လည်ကို ဝိုင်းရံထားပါတယ်။ ဒီကြွက်သားတွေကို အသုံးပြုပြီး မျက်လုံးအဖွင့်အပိတ်လုပ်လို့ရသလို မျက်နှာထားကို ဖော်ပြလို့ရပါတယ်။

 မျက်ခွံပင့်ကြွက်သား – အပေါ်မျက်ခွံကို ဆွဲတင်ပေးပြီး မျက်လုံးကို ပွင့်စေပါတယ်။

မျက်လုံးအပေါ်ဘက် ဘေးစောင်းကြွက်သား – မျက်လုံးအပြင်ဘက်က ကြွက်သားဖြစ်ပြီး မျက်လုံးရိုး အနောက်ဘက်ကနေ ဝင်လာပါတယ်။ နှာခေါင်းနားက trochleaလို့ ခေါ်တဲ့ ချိတ်ကောက်ငယ်လေးကနေ ဝင်လာပြီး မျက်လုံးအပေါ်ဘက်ကို လှမ်းတွယ်ပါတယ်။ မျက်လုံးအောက်စိုက်ကြည့်လို့ရတာ ဒီကြွက်သားကြောင့်ပါ။

 မျက်လုံးအောက်ဘက် ဘေးစောင်းကြွက်သား – မျက်လုံးအပြင်ဘက်က ကြွက်သားဖြစ်ပြီး နှာခေါင်းနားက မျက်လုံးရိုးကနေ စထွက်လာပါတယ်။ မျက်လုံးရဲ့ အနောက်ဘက်ကနေ ထွက်လာပြီး အောက်ဘက်ကို လှမ်းတွယ်ပါတယ်။ မျက်လုံးလှန်ကြည့်လို့ရတာ ဒီကြွက်သားကြောင့်ပါ။

 မျက်လုံးဘေးဘက် (နားထင်ဘက်) ကြွက်သား – မျက်လုံးအပြင်ဘက်က ကြွက်သားဖြစ်ပြီး မျက်လုံးဘေးဘက် နားထင်နားကို လှမ်းတွယ်ပါတယ်။ မျက်လုံးကို အပြင်စောင်းကြည့်လို့ရစေပါတယ်။

မျက်လုံးအတွင်းဘက် (နှာခေါင်းဘက်) ကြွက်သား – မျက်လုံးအပြင်ဘက်က ကြွက်သားဖြစ်ပြီး မျက်လုံးဘေးဘက် နှာခေါင်းနားကို လှမ်းတွယ်ပါတယ်။ မျက်လုံးကို အတွင်းဘက် စိုက်ကြည့်လို့ရစေပါတယ်။

မျက်လုံးအောက်ဘက် ကြွက်သား – မျက်လုံးအပြင်ဘက်က ကြွက်သားဖြစ်ပြီး မျက်လုံးအောက်ခြေကို လာတွယ်ပါတယ်။ မျက်လုံးကို အောက်စိုက်ကြည့်လို့ရစေပါတယ်။

မျက်လုံးအပေါ်ဘက် ကြွက်သား – မျက်လုံးအပြင်ဘက်က ကြွက်သားဖြစ်ပြီး မျက်လုံးအပေါ်ဘက်ကို လာတွယ်ပါတယ်။ မျက်လုံးကို အပေါ်လှန်ကြည့်လို့ရစေပါတယ်။

Takeaways

မျက်လုံးဟာ ထူးဆန်းတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။  ကြည့်လိုက်သမျှ ပုံရိပ်တွေကို ရှင်းရှင်းလင်းလင်း မြင်နေနိုင်အောင် ဒီမျက်လုံး သေးသေးလေးထဲက အစိတ်အပိုင်းလေးတွေ အကုန်လုံး ပူးပေါင်းပြီး လုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement