backup og meta

အဆူးစူးမိရင်

အဆူးစူးမိရင်

တစ်ခုခုကိုကိုင်ရင်း၊ ခုန်ပေါက်ဆော့ရင်း၊ပြေးရင်းလွှားရင်း၊ အိမ်မှုကိစ္စတွေလုပ်ရင်းဖြစ်ဖြစ် အမှတ်မထင် အဆူးစူးမိတာတွေရှိတတ်ပါတယ်။ အဆူးကသေးပေမယ့် အဆူးစူးမိတဲ့အခါထိလိုက်ရင်တော်တော်လေးနာတယ်နော်။ များသောအားဖြင့် စူးမိတဲ့အဆူးလေးတွေက သစ်သားစလေးတွေဖြစ်တတ်ပါတယ်။ သံတိုသံစလေးတွေ စူးမိတာကတော့ဖြစ်ခဲပါတယ်။ အဆူးစူးတဲ့အခါ များသောအားဖြင့်တော့ ကိုယ်တိုင်ဖယ်ထုတ်လိုက်လို့ရပါတယ်။ ဒါပေမယ့် အဆူးစူးတာကလည်းသေချာဂရုမစိုက်တဲ့အခါ ပိုးဝင်ကူးစက်တာမျိုးဖြစ်လာနိုင်ပြီးဆေးရုံဆေးခန်းပြေးရတာမျိုးတွေအထိဖြစ်နိုင်ပါတယ်။ အနာသေးသေးလေးကစလို့သေသေချာချာဂရုစိုက်ဖို့လိုပါလိမ့်မယ်။ဒီတစ်ခေါက်တော့ဖြစ်လေ့ဖြစ်ထရှိတဲ့ အဆူးစူးမိရင် ဘယ်လိုဖယ်ရှားဂရုစိုက်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။

အဆူးကို ဘယ်လိုဖယ်ရှားမလဲ

အနာကိုသန့်စင်ဆေးကြောပေးပါ

အဆူးစူးမိတဲ့အခါ အရင်ဆုံးအနာကိုဆေးကြောပေးပါ။ အဆူးစူးမိတာကလည်း ထိခိုက်ဒဏ်ရာတစ်မျိုးပါပဲ။ သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုပါမယ်။ အနာတဝိုက်ကိုရေသန့်သန့်နဲ့ဆပ်ပြာခပ်ပျော့ပျော့လေးသုံးပြီး သန့်စင်ဆးကြောပေးပါ။

အဆူးဖယ်ထုတ်ရာမှာသုံးမယ့် ကိရိယာတွေကို သန့်စင်ဆေးကြောပါ

အဆူးကိုဖယ်ထုတ်ရာမျာ အသုံးပြုမယ့် ဇာဂနာ၊အပ်တို့လိုမျိုးအရာတွေကို မီးအပူပေးတာမျိုးလုပ်ပြီး အရက်ပြန်နဲ့ သုတ်ပေးပါ။ ဒီလိုလုပ်ပေးတာက ပိုးသတ်သန့်စင်ရာရောက်ပါတယ်။

အလင်းရောင်ကောင်းကောင်းရပါစေ

အဆူးကိုဖယ်ထုတ်တဲ့အခါ အဆူးကခပ်သေးသေးလေးဖြစ်တာကြောင့် အလင်းရောင်သေသေချာချာရတဲ့နေရာမှာ ဖယ်ထုတ်ပေးပါ။ မလိုအပ်ဘဲ ထိခိုက်တာတွေ။ အဆူးကျန်နေခဲ့တာတွေ မဖြစ်စေဖို့ပါ။

လိုအပ်ရင်ဆေးထည့်ပါ

အနာကအဆူးစူးတာဆိုပေမယ့် အနာပေါက်နည်းနည်းကြီးသွားတဲ့အထိ ထွင်းပြီးမှ အဆူးကိုဖယ်လို့ရတာမျိုးဆိုရင် အနာကို Antibotic cream တစ်ခုခုလူးပေးပါ။

ပလာစတာကပ်ပေးပါ

အပေါ်ယံအရေပြာထိခိုက်မိသွားပြီဆိုရင်တော့ ခံတပ်ပျက်သွားပြီဖြစ်တာကြောင့် ဘက်တီးရီးယားတွေ ကိုယ်ထဲကို တပျော်ကြီးဝင်မလာအောင် အကာအကွယ်ယူတဲ့အနေနဲ့ Hansaplastလေးကိုတပ်ကူခေါ်လိုက်ပါ။

ဒီနည်းလေးတွေသုံးပြီး အဆူးဖယ်ပါ

တိပ်ကိုသုံးပါ – ဒါကတော့ အဆူးဖယ်တဲ့နေရာမှာ အလွယ်ဆုံးနည်းပါ။ အပေါ်ယံမှာ စူးမိတဲ့အဆူးလောက်က တိပ်သုံးပြီးဖယ်လို့ရပါတယ်။ အဆူးစူးတဲ့နေရာကို တိပ်နဲ့ကပ်ပြီး အဆူးနဲ့ဆန့်ကျင်ဘက်ကိုဆွဲခွာပေးပါ။

မုန့်ဖုတ်ဆော်ဒါသုံးပေးပါ – မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ပေးပြီး အဆူစူးမိတဲ့နေရာမှာ အုံလိုက်ပါ။ပြီးရင်အပေါ်ကနေ ပတ်တီးနဲ့အုပ်ပေးလိုက်ပါ။ တစ်ရက်လောက်ထားပြီးနောက်တစ်နေ့မှာပြူထွက်လာတဲ့အဆူးလေးကို ဇာဂနာသုံးပြီးဖယ်ထုတ်လိုက်ပါ။ နာကျင်မှုမရှိဘဲ အဆူးဖယ်ထုတ်နိုင်မယ့် နည်းတစ်ခုပေါ့။

ကော်အရည်သုံးပေးပါ -ကော်အရည်ကိုသုံးပြီး အဆူးဖယ်ရှားလို့လည်ရပါတယ်။ ဒါပေမယ့် အသေကပ်တဲ့ကော်မျိုးမဟုတ်ဖို့နဲ့ အရေပြားကိုထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းတွေမပါတဲ့ကော်မျိုးဖြစ်ဖို့လိုပါမယ်။ကော်အရည်ကို အဆူးစူးမိတဲ့နေရာမှာ သုတ်လိုက်ပါ။ ခဏခြောက်အောင်ထားလိုက်ပါ။ လုံးဝခြောက်သွားပြီဆိုရင် ခွာထုတ်လိုက်ပါ။ အဆူးထွက်သွားပါလိမ့်မယ်။

Hydrogen Peroxide သုံးပါ အိမ်မှာHydrogen Peroxide လွယ်လွယ်ကူကူရှိမယ်ဆိုရင်တော့ ဒီနည်းလေးသုံးကြည့်ပါ။ အဆူးစူးမိတဲ့နေရာပေါ်ကိုHydrogen Peroxideလေးလောင်းချလိုက်ရုံပါ။ အမြှုပ်လေးတွေထွက်လာမှုနဲ့အတူ အပေါ်ယံအရေပြားထဲမှာ နစ်ဝင်နေတဲ့ အဆူးကိုတစ်ခါတည်းဖယ်ထုတ်ပေးသွားပါလိမ့်မယ်။ မနာကျင်ဘဲ အဆူးဖယ်နည်းတစ်ခုပေါ့။

ဆေးခန်းပြပါ – အပေါ်ကပြောတဲ့နည်းတွေလုပ်ကြည့်ပေမယ့် အဆင်မပြေဘူး။ အဆူးကအပေါ်ယံအရေပြားမှာတင်စူးတာမဟုတ်ဘဲ။ အသားထဲထိနစ်ဝင်နေတယ်ဆိုရင်တော့ ဆရာဝန်ရဲ့အကူအညီယူလိုက်ပါ။ အနာကပိုးဝင်သလိုလက္ခဏာတွေဖြစ်နေမယ်။ အနာတဝိုက်နီမြန်းရောင်ရမ်းနေမယ်။ပြည်တည်မယ်။ အရမ်းနာမယ်ဆိုရင်တော့ဆေးခန်းပြဖို့ပြောပါရစေ။ လိုအပ်ရင်မေးခိုင်ကာကွယ်ဆေးထိုးဖို့လည်းပြောပါရစေနော်…

အဆူးစူးတာကြောင့် စိတ်ညစ်နေသူတွေ၊ အဆူးဖယ်ရင်နာမှာကြောက်တဲ့သူတွေ ဒီဆောင်းပါးလေးထဲက နည်းတွေသုံးပြီး ခိုးလိုးခုလုဖြစ်နေတဲ့ ဆူးလေးတွေကို အရေပြားကနေဖယ်ရှားလိုက်ပါ….

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Splinters Treatmenthttps://www.webmd.com/first-aid/splinters-treatment Accessed Date 3 September 2018

5 Creative Ways to Remove a Splinterhttps://www.solvhealth.com/blog/5-creative-ways-to-remove-a-splinter Accessed Date 3 September 2018

3 Safe Ways to Remove a Splinterhttps://www.healthline.com/health/how-to-remove-a-splinter Accessed Date 3 September 2018

ယခုပုံစံ

03/10/2022

Aye Thi Mon မှ ရေးသားသည်။

Yu Wadi Lwin မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အနာပိုးမဝင်အောင်ကာကွယ်သင့်တဲ့ အကြောင်းအရင်း

စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ



Aye Thi Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement